
ဥပမာ – လမ်းဘေးက ဝယ်လာတဲ့ ဖရဲသီးနဲ့ ဘဲဥကိုတွဲစားတယ်။ ပြီးတဲ့အခါမှာ အော့အန်၊ ဝမ်းလျှောတယ်ဆိုရင် လူတွေရဲ့အထင်မှာက ဒီနှစ်ခုမတည့်လို့ ဖြစ်သွားပါတယ်လို့ ထင်တတ်ကြပါတယ်။ အမှန်က လမ်းဘေးက ဝယ်လာတဲ့ ဖရဲသီးမှာ ယင်ကောင်တွေနားတာ၊ ကိုင်တဲ့လက်တွေမသန့်တာကြောင့် ဖရဲသီးမှာ အညစ်အကြေးပိုးမွှားတွေ ပေါက်ဖွားနိုင်နေသလို ဘဲဥကိုပြုတ်တဲ့အခါမှာ သေချာမပြုတ်တာ၊ မသန့်ရှင်းတာတွေကြောင့် ဘဲဥမှာလည်း ပိုးမွှားတွေ ပေါက်ဖွားနေနိုင်ပါတယ်။ ဒီနှစ်ခုသွားဆုံတဲ့အခါ မသန့်ရှင်းတဲ့အစားအသောက်ကြောင့် ကပ်ငြိနေတဲ့ပိုးမွှားတွေကြောင့်ဖြစ်တဲ့ ပြဿနာကို မတည့်တာဆိုပြီး ဖြစ်သွားရပါတယ်။
နောက်ထပ် ဖြစ်နိုင်ခြေ ပြဿနာတစ်ခုကတော့ အစားအသောက်တွေနဲ့ စားလိုက်တဲ့သူ ဓာတ်မတည့်တာကြောင့်ပါ။ အဖြစ်များတာကတော့ ပင်လယ်စာတွေမှာပါ။ လူတချို့မှာ သာမန်ထက်တုံ့ပြန်မှုလွန်ကဲတဲ့ ပြဿနာတွေရှိနေတတ်ကြပြီး အစားအစာတွေနဲ့ မတည့်တာရှိပါတယ်။ ဥပမာအားဖြင့် မြေပဲ၊ ငါး၊ ကမာ၊ ဂုံး၊ ရေခူတို့က မတည့်တတ်တဲ့သူများပါတယ်။

တချို့တွေ အယ်လ်ကိုဟောနဲ့ မတည့်တာ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေနဲ့ မတည့်တာတွေရှိပါတယ်။ အဲဒါကလည်း အစားအသောက်တွေတစ်ခုနဲ့တစ်ခု မတည့်တာကြောင့်မဟုတ်ဘဲ နဂိုကတည်းက ခန္ဓာကိုယ်က တုံ့ပြန်မှုလွန်ကဲတာကြောင့်ဖြစ်ပါတယ်။ အစားအသောက်နဲ့ ဓာတ်မတည့်မှုဖြစ်တဲ့အခါ ယားယံလာတာ၊ နီရဲပြီး ခန္ဓာကိုယ်မှာ အဖုအပိန့်တွေထွက်လာတာတွေဖြစ်တတ်ပြီး ပြင်းထန်တဲ့အခြေအနေတွေမှာတော့ အသက်ရှူရခက်ခဲလာတာ၊ သွေးပေါင်ချိန်အလွန်အမင်းကျဆင်းသွားတာ၊ လျင်လျင်မြန်မြန်မတုံ့ပြန်နိုင်ရင် အသက်ဆုံးရှုံးရတာတွေထိ ဖြစ်နိုင်ပါတယ်။ အစားအသောက်နဲ့ ဓာတ်မတည့်ဖြစ်တတ်တဲ့သူက သူဘယ်အစားအသောက်နဲ့ ဓာတ်မတည့်တတ်လဲဆိုတာကို သိထားပြီးရှောင်ကြဉ်သွားရပါတယ်။
ဒီလောက်ဆိုရင်တော့ မတည့်တဲ့အစားအသောက်များဆိုတဲ့ ဘယ်သူရေးမှန်းမသိ၊ ဘယ်က ထုတ်နှုတ်ထားတာလဲဆိုတာမသိတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းလိမ့်မယ်လို့ထင်ပါတယ်။ အင်တာနက်ပေါ်က သတင်းတွေ အချက်အလက်တွေကို တွေ့တဲ့အခါမှာ ဒီအတိုင်းလက်ခံယုံကြည်လိုက်မယ့်အစား ကိုယ်တိုင်စဉ်းစားဆင်ခြင်သုံးသပ်ပြီးမှ လက်ခံသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။