backup og meta

ခြင်နိုင်ဆေးနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့အယူအဆ(၄) ခု


Yun Sandi Nan Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြင်နိုင်ဆေးနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့အယူအဆ(၄) ခု

    ခြင်တွေက စိတ်ရှုပ်စရာကောင်းပါတယ်၊သွေးလွန်တုပ်ကွေး၊ ငှက်ဖျားဆင်ခြေထောက်ရောဂါတို့လို ဆိုးရွားပြင်းထန်တဲ့ရောဂါတွေ ကူးစက်ရရှိနိုင်တဲ့အန္တရာယ်လည်းရှိတယ်လို့ လူတိုင်းလက်ခံထားပါတယ်။ ခြင်မကိုက်အောင် ကာကွယ်ဖို့က နည်းလမ်းအမျိုးမျိုးရှိပေမယ့် တချို့က ဘာနည်းလမ်းမှမသုံးဘဲ ယပ်လေးခတ်ပြီးမောင်းထုတ်ရုံ၊ လက်နဲ့တဖြန်းဖြန်းရိုက်ရုံ၊စောင်ခေါင်းမြီးခြုံထားရုံနဲ့ခြင်အန္တရာယ်ကာကွယ်နိုင်မယ်လို့ထင်နေကြပါတယ်။ခြင်ဆေးမသုံးတာ အန္တရာယ်ကင်းတယ်လို့တွေးပြီးခြင်ကိုက်ခံပစ်လိုက်တာမျိုးလည်း ရှိပါတယ်။ ခြင်တွေကို သွေးလှူတာ ကုသိုလ်ရတယ်လို့တောင်ပြောကြပါသေးတယ်။

    အမှန်ကခြင်ကိုက်ခံရရင်သွေးစုပ်ခံရတာ၊ခြင်ကိုက်ဖုထွက်တာထက် ပိုအန္တရာယ်များပြီး အသက်ပါသေစေနိုင်တဲ့ရောဂါပိုးတွေရရှိနိုင်တာ ပိုကြောက်ဖို့ကောင်းပါတယ်။ ဘေးပတ်ဝန်းကျင်မှာ ခြင်ပေါက်ဖွားမှုကာကွယ်ရေးတွေမလုပ်တဲ့အပြင် ခြင်ဆေးသုံးတာနဲ့ပတ်သက်ပြီး တလွဲအယူအဆတွေနဲ့ကြောက်ရွံ့နေတာထက်ခြင်အန္တရာယ်နှိမ်နင်းနိုင်မယ့်နည်းလမ်းတစ်ခုခုကို အသုံးပြုသင့်ပါတယ်။

    အဲဒီတော့ခြင်ဆေးေခွထွန်းမလား၊ အိမ်တွင်းထောင့်တွေနဲ့အိမ်ပြင်ဝန်းကျင် ခြင်ဆေးဖျန်းမလား၊ အိမ်ထဲမှာ ဆေးရည်ပါ ခြင်ပြေးစက်သုံးမလား နည်းလမ်းမျိုးစုံရှိတယ်။ ဉာဏ်ရှိသလို သုံးဖို့တော့လိုပါတယ်။ နည်းစနစ်တကျ အသုံးချရင် ဘေးဥပါဒ်မရှိဘဲ ခြင်အန္တရာယ်ကင်းဝေးနိုင်မှာ သေချာပါတယ်။ ခြင်ပြေးရင်ပြီးရော တစ်အိမ်လုံးခြင်ဆေးခွေပတ်ထွန်းထားတာမျိုး၊ အိမ်အလုံပိတ်ထဲမှာခြင်ဆေးဖျန်းပြီး မရှောင်ဘဲထိုင်ရှူနေတာမျိုး၊ခြင်ဆေး လိမ်းဆေးတွေ အညွှန်းထက်ပိုလူးတာမျိုး၊ခြင်ဆေးခွေရောဖျန်းဆေးရော ဘာညာ နှစ်မျိုးမက သုံးထားတာမျိုးတော့ မလုပ်သင့်မှန်းသိရပါမယ်။ တကယ်ကိုထိရောက်မှုရှိပြီး အသုံးဝင်တဲ့ခြင်နိုင်ဆေးတွေဈေးကွက်မှာ ရနိုင်ပါလျက်နဲ့ စနစ်တကျမသုံးတဲ့သူတွေ ဘာလို့ရှိနေတာလဲ။

    အကြောင်းရင်းကတော့ခြင်ဆေးနဲ့ပတ်သက်တဲ့ အယူအဆမှားေတွ၊ ယုံကြည်မှုတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဘာတွေဖြစ်နိုင်မလဲ ကြည့်ရအောင်။

    (၁)ခြင်ဆေးဆိုတာ အဆိပ်တွေပဲ

    ခြင်တွေကိုတောင် တုန်းခနဲသေစေနိုင်သေးတာ၊ လူကိုလည်း အန္တရာယ်ပေးမှာပဲလို့ ကိုယ်တိုင်တွေးမိခဲ့ကြမှာပါ။ ဓါတုပစ္စည်းတွေနဲ့ထိတွေ့ရမှာဆိုတော့ စိုးရိမ်ကြတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အရည်အသွေးကိုအဓိကထားတဲ့ ကုန်အမှတ်တံဆိပ်ကောင်းအဖြစ်နဲ့စောင့်ထိန်းနေတဲ့ကုန်ပစ္စည်းတွေကတော့ဈေးကွက်ကိုမရောက်ခင်ဘေးအန္တရာယ်ကင်းရေး စစ်ဆေးစမ်းသပ်ပြီးမှရောင်းချကြတာဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့သလို နည်းလမ်းမှားတွေနဲ့ မတန်တဆ၊ လွန်လွန်ကဲကဲအသုံးပြုမှုတွေကလွဲရင် လူကိုထိခိုက်စေမှာမဟုတ်ပါဘူး။

    (၂) သဘာဝပစ္စည်းတွေက ထိရောက်မှုရှိတယ်

    ဒါလေးက ဘာအတွက်ကောင်းတယ်၊ ဒီလိုလေးလုပ်ထားရင် ဘယ်လိုကာကွယ်ပေးနိုင်တယ်ဆိုတဲ့ သဘာဝပစ္စည်းတွေကို လူကြိုက်များလာပါတယ်။ခြင်ပြေးစေနိုင်တယ်ဆိုတဲ့ သဘာဝနည်းလမ်းတွေက ထိုက်သင့်သလောက် အကျိုးရှိတယ်ဆိုပေမယ့် တကယ်တမ်းခြင်အန္တရာယ်က ထိထိရောက်ရောက်မကာကွယ်နိုင်ပါဘူး။ သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းကလည်း အကန့်အသတ်ရှိတာမို့ ဓါတုပစ္စည်းတွေနဲ့ခဏတာ ကင်းဝေးလိုတဲ့ အခါမျိုးမှာပဲသုံးပေါ့။ ခြင်နိုင်ဆေးတွေလိုမျိုး ထိရောက်စွာနှိမ်နင်းနိုင်မှာမဟုတ်သလို တာရှည်အသုံးလည်းမခံပါဘူး။

    (၃) နည်းပညာနဲ့ ကာကွယ်နိုင်မယ်

    ခေတ်မီနည်းပညာတွေနဲ့ ပစ္စည်းသစ်တွေ အမျိုးစုံအောင် ထွက်နေတဲ့အချိန်အသံစနစ်နဲ့ခြင်ပြေးစက်၊ ခြင်ဖမ်းစက်၊ ခြင်ရိုက်လျှပ်စစ်ဘတ်တံ၊ စတဲ့ ခြင်ဆေးအစားထိုး ကုန်ပစ္စည်းတွေလည်းရှိနေပြီဆိုတော့ ခြင်ဆေးသုံးရမှာကြောက်တဲ့ သုံးစွဲသူတွေကပျော်တာပေါ့။ ဒါပေမယ့် ထိရောက်မှုအာနိသင်၊ ကာကွယ်နိုင်စွမ်းအတိုင်းအတာမှာတော့ ကွာခြားသွားပါလိမ့်မယ်။ ဥပမာခြင်ဖမ်းစက်ကို အိမ်ရှေ့ခြံဝင်းထဲမှာ သုံးလို့မရနိုင်သလိုခြင်ရိုက်ဘတ်တံတစ်ချောင်းနဲ့လည်းခြင်လုံးဝမကိုက်အောင် မကာကွယ်နိုင်ပါဘူး။ လက်သာညောင်းသွားမယ်၊ အနည်းဆုံး လွတ်တဲ့နေရာခြင်ကိုက်ခံရမှာပါပဲ။ နည်းပညာကတော့အသုံးပြုရလွယ်ကူပြီး သုံးစွဲသူအဆင်ပြေစေဖို့ အမျိုးမျိုးကြိုးစားကြမှာပါ။ ဒါပေမယ့် လုံခြုံတဲ့ကာကွယ်မှုကို လိုချင်ရင်တော့ခြင်နိုင်ဆေးသုံးပါ။

    (၄) ပါဝင်ပစ္စည်း ပမာဏများမှ /ပြင်းမှ အာနိသင်ထိရောက်တယ်

    ဆေးကပျော့တယ်၊အနံ့လည်းမရှိဘူး၊ ခြင်ကလည်းမကြောက်ကြဘူး၊ခြင်တွေချက်ချင်းသေတဲ့ခြင်ဆေးပဲလိုချင်တယ် ဆိုတာမျိုးက မှားပါတယ်။ ပါဝင်ပစ္စည်းများမှ၊ပြင်းမှ ထိရောက်မှုပိုရှိမယ်လို့ အများစုကထင်ကြတယ်။ အဲဒီအတိုင်းလုံးဝမှန်တာတော့မဟုတ်ပါဘူး။ မှန်ကန်တဲ့အချိုးအစားနဲ့ထုတ်လုပ်ထားတာဖြစ်ပြီးခြင်ဆေးကထိရောက်မှုပြင်းမပြင်းဆိုတာ ရလဒ်ကိုကြည့်ရမှာပါ။ label ကိုကြည့်လို့မရပါဘူး။ ဒီလိုကြည့်မယ့်အစား ဒီခြင်ဆေးက ဘယ်လောက်ကြာကြာအာနိသင်တာရှည်ခံလဲဆိုတာမျိုး ကြည့်ရမှာဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement