သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

မနက်အိပ်ရာထ မလုပ်သင့်တဲ့ အမှား (၉) ခု

မနက်အိပ်ရာထ မလုပ်သင့်တဲ့ အမှား (၉) ခု

(၁) နှိုးစက်ကိုပိတ်ပြီး အချိန်ရွှေ့တာ

နှိုးစက်မြည်တဲ့အခါ အသံပိတ်ပြီး ၅ မိနစ်လောက်ပိုအိပ်လိုက်ရတာ ပိုအားပြည့်စေမယ်လို့ ထင်ပါသလား။ မှားပါတယ်နော်။ အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်ကိုနေ့တိုင်းပုံမှန်သတ်မှတ်မထားနိုင်သရွေ့တော့ ဒီလိုလုပ်လည်းသိပ်မထူးပါဘူး။

(၂) အိပ်ရာထဲကနေ ဝုန်းခနဲကုန်းထတာ

အိပ်ရာထဲ လှဲအိပ်နေရာကနေ ချက်ချင်းကြီးထထွက်တဲ့အခါ ကမ္ဘာ့ဆွဲအားကြောင့်ခြေထောက်ကိုသွေးအမြန်ရောက်စေပြီးသွေးဖိအားရုတ်တရက်ကျကာ မူးလဲစေနိုင်ပါတယ်။ အိပ်ရာထတဲ့အခါဖြည်းဖြည်း သို့မဟုတ် ပုံမှန်နှုန်းနဲ့ထထိုင်ပါ၊ စက္ကန့်အနည်းငယ်တော့ခဏဒီအတိုင်းနေပြီးမှ ထလှုပ်ရှားပါ။

(၃) ကော်ဖီမသောက်လိုက်ရတာ

မဖြစ်မနေသောက်ဖို့ မဟုတ်ပါဘူးနော်။ နေ့တိုင်းသောက်နေကျ ကော်ဖီချိုးတွေကိုပဲ ရည်ရွယ်တာပါ။ အမြဲသောက်နေကျလူတွေအတွက်တော့ တစ်ရက်မသောက်လိုက်ရရင် တစ်နေ့လုံးနေလို့မကောင်း၊ ခေါင်းမကြည်တာတွေဖြစ်လာစေနိုင်ပါတယ်။ အာရုံစူးစိုက်လို့သိပ်မကောင်း၊ အိုင်ဒီယာမထွက်တဲ့အပြင် လူကအရမ်းပင်ပန်းနေသလိုလို၊ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာတွေခံစားရနိုင်တယ်။ကော်ဖီဖြတ်မယ်လို့ စဉ်းစားထားတာဆိုရင်တော့ တစ်မျိုးပေါ့။

(၄) သွားတိုက်ဖို့ မေ့တာ

မနက်ဘက်သွားတိုက်ဖို့မေ့တဲ့အခါ တစ်ညလုံးကပ်ငြိနေတဲ့ သွားချေးတွေနဲ့ စားကြွင်းစားကျန်တွေ၊ ဘက်တီးရီးယားတွေစုနေပါလိမ့်မယ်။ သွားချေးတွေကနေ ဆေးခန်းမှာသွားခြစ်ပစ်မှ ရမယ့် သွားချိုးကပ်တာတွေဖြစ်လာမယ်။ မခြစ်ပစ်ရင် သွားဖုံးတွေရောင်တာ၊သွေးထွက်တာ၊သွားပိုးစားတာ၊ ခံတွင်းနံ့ဆိုးတာတွေဖြစ်လာနိုင်တယ်။

(၅) အွန်လိုင်းဖွင့်တာ

မျက်လုံးပွင့်တာနဲ့ ဖုန်းကိုင်ပြီး အွန်လိုင်းတက်တာ တကယ်ကိုဆိုးတဲ့အကျင့်ပါ။ အလုပ်အရမ်းများလို့ အီးမေးလ်စစ်ရတယ်ထား။ ခဏပဲအမြန်စစ်ပြီးပြန်ပိတ်သင့်ပါတယ်။စောစောစီးစီး ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ လုံးလည်လိုက်နေတာဟာ စိတ်ကြည်လင်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အိပ်ချိန်၊ နိုးချိန်တဝိုက်မှာ ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ အဆက်ဖြတ်ထားတာကောင်းပါတယ်။

(၆) ပြဿနာတွေအကြောင်း တွေးနေတာ

အိပ်ရာနိုးတာနဲ့ ကိုယ်ဖြေရှင်းဖို့ရှိနေတဲ့ သို့မဟုတ်ပြီးခဲ့တဲ့နေ့ကပြဿနာတွေအကြောင်းခေါင်းထဲရောက်လာတာကနေ့သစ်တစ်ရက်အတွက် အဆိပ်အတောက်ပါပဲ။ အရင်ဆုံးခေါင်းထဲမှာရှင်းပစ်ပြီး ကြည်ကြည်လင်လင်နိုးထပါ။ ခွန်အားသစ်တွေနဲ့ နိုးထလာပြီးမှရှေ့ဆက်ဖို့ အစီအစဉ်တွေ စတင်ပါ။ မတွေးလို့မဖြစ်ဘူးဆိုရင်တော့ အရေးကြီးဆုံးဖြစ်တဲ့ ကိစ္စတွေကို စာရင်းလုပ်ပြီးစီထားလိုက်ပါ။

(၇) မနက်စာ လွတ်တာ

မနက်စာပုံမှန်စားတဲ့သူတွေက အတွေးဉာဏ်ပိုထက်ပြီး ခန္ဓာကိုယ် အဆီတက်နိုင်ခြေပိုနည်းတယ်၊ ဆီးချိုနဲ့ နှလုံးဖြစ်နိုင်ခြေပိုနည်းတယ်။ မနက်စာက တစ်နေ့လုံးလှုပ်ရှားနိုင်ဖို့ ခွန်အားပေးတဲ့ဆေးတစ်ခွက်ဖြစ်လို့ အငတ်မခံပါနဲ့။

(၈) အချိုတွေ အစားများတာ

ကော်ဖီနဲ့မုန့် ဆိုပြီး မနက်စာစားလိုက်တာ အဆီများ၊ အချိုများတဲ့ မုန့်တွေဖြစ်နေရင် အာဟာရကနည်းပြီး အဝလွန်ဖို့ အားပေးရာရောက်ပါတယ်။ သွေးတွင်းသကြားဓာတ်ကိုတိုးစေပြီး လူကလှုပ်ရှားရပင်ပန်း၊ စိတ်ဆတ်၊ ဆာလောင်လွယ်မယ်။

(၉) နေလောင်ကာခရင်မ် မလိမ်းတာ

အသားလှဖို့၊ အသားမမည်းဖို့ထက် အရေပြားကင်ဆာနဲ့ အရေးအကြောင်းတွေကိုမဖြစ်စေဖို့ ခရမ်းလွန်ရောင်ခြည်ကာကွယ်မယ့်နေလောင်ကာခရင်မ်ကို လိမ်းသင့်ပါတယ်။ အိမ်ထဲမှာလည်းလိမ်းဖို့ လိုသလို အပြင်မသွားခင် ၁၅ မိနစ်အလိုမှာထပ်လိမ်းပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 28/02/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။