backup og meta

Gym ကစားခြင်း နှင့် လူသိမှားနေသေးသော ဂျင်းတချို့…

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 08/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Gym ကစားခြင်း နှင့် လူသိမှားနေသေးသော ဂျင်းတချို့…

    ဒီဘက်ခေတ်မှာတော့ Gym ကစားခြင်း ဆိုတာ ထူးထူးဆန်းဆန်းအရာတစ်ခု မဟုတ်တော့ပါဘူး။ အရင်တုန်းကတော့ Gym ကစားတယ်ဆိုတာကို ပိုက်ဆံဖြုန်းတယ်၊ မော်ဒယ်တွေ အနုပညာရှင်တွေမှ လုပ်သင့်တဲ့အရာ အစရှိသဖြင့် ပြောခဲ့ကြပါတယ်။ ဒီဘက်ခေတ်မှာတော့ လူအများစု Gym ကို တစိုက်မတ်မတ် ကစားလာကြတာကို တွေ့ရတာ ကျန်းမာရေးရှုထောင့်အရတော့ ဝမ်းသာစရာ သတင်းကောင်းတစ်ခုပါပဲ။

    Gym ကစားခြင်း နှင့် လူသိမှားနေသေးသော ဂျင်းတချို့…

    ဒါပေမယ့် လူတော်တော်များများမှာ Gym ကစားခြင်း နဲ့ပတ်သက်ပြီး မှားယွင်းစွာ သိထားတဲ့ ဂျင်းတွေ အများကြီးရှိနေသေးတာကို တွေ့ရပါတယ်။ ဒီဆောင်းပါးမှာတော့ ကျွန်တော်က ဒီလူသိမှားနေတဲ့ ဂျင်းအချက်တွေကို ပြောပြပေးပြီး နားလည်မှုလွဲနေတဲ့အရာတွေကို ပြန်လည်ဖြေရှင်းပေးချင်ပါတယ်။

    ၁။ Gym ကစားရင် ဝက်ခြံတွေ ပိုထွက်လာလိမ့်မယ်။

    Gym ကစားခြင်း နဲ့ ဝက်ခြံထွက်တဲ့ ပြဿနာဟာ တိုက်ရိုက်ဆက်စပ်ခြင်း မရှိပါဘူး။ ဝက်ခြံထွက်ရခြင်း အကြောင်းအများစုဟာ မျက်နှာ သေချာမသန့်စင်ခြင်း၊ အဆီပြန် အသားအရေရှိခြင်း၊ ဟော်မုန်းမျှခြေ ပျက်ယွင်းခြင်း၊ အိပ်ရေးပျက်ခြင်း စတာတွေကြောင့် ဖြစ်ရတာပါ။

    Gym ကစားပြီး ရေချိုးသန့်စင်ခြင်းမပြုတာ၊ တချို့ ပရိုတင်းမှုန့်တွေ သောက်တာ၊ ဟော်မုန်းတွေ အသုံးပြုတာကြောင့် ဝက်ခြံထွက်လာတာမျိုးတော့ ရှိနိုင်ပေမယ့် လူတိုင်းမဖြစ်တတ်ပါဘူး။

    ၂။ ဘော်ဒီလှဖို့ Gym တစ်ခုတည်း ကစားပေးရင် လုံလောက်တယ်။

    ဒါကတော့ Gym စစချင်း ဆော့ကာစ လူတော်တော်များများ အသိမှားထားတဲ့အချက်ပါ။ ကိုယ်က ကိုယ်အလေးချိန် ကျဖို့၊ တက်ဖို့၊ ကြွက်သားတွေတက်ဖို့၊ ဗိုက်အဆီတွေ ကျဖို့ အစရှိတဲ့ ရည်ရွယ်ချက်ကြောင့် ဆော့တာဆိုရင် စားသောက်နေထိုင်မှုပုံစံကိုပါ သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။

    ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်မျိုးရအောင် Gym ကစားခြင်းက ၃၀ ရာခိုင်နှုန်းပံ့ပိုးပေးပြီး စားသောက်နေထိုင်မှုပုံစံက ၇၀ ရာခိုင်နှုန်းထိ ပံ့ပိုးပေးပါတယ်။ ညဘက်အိပ်ချိန်ကို အနည်းဆုံး ၇နာရီရအောင် အိပ်စက်အနားယူပေးဖို့လည်း အရေးကြီးပါတယ်။

    ၃။ ဒီအတိုင်းနေရင် အကောင်း၊ Gym ကစားမှ ပိုဝ၊ ပိုပိန်သွားတတ်တယ်။

    ဒါကတော့ အပေါ်မှာပြောထားတဲ့ Gym ကိုပဲ သေချာကစားပေးပြီး အစားမဆင်ခြင်တဲ့သူတွေမှာ အဖြစ်များတတ်တဲ့ ပြဿနာပါ။ ကိုယ်အလေးချိန် ချချင်တဲ့သူတွေက အဓိက စားပေးရမယ့်၊ ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေဆိုတာ ရှိပါတယ်။ ဒါတွေကို ကိုယ့်ကို ထရိန်နင်ပေးနေတဲ့ နည်းပြဆရာနဲ့ တိုင်ပင်လို့ ရပါတယ်။

    ပိန်တဲ့သူတွေဆိုရင်လည်း ဘယ်အာဟာရဓာတ်ပါတဲ့ အစာအုပ်စုကို အဓိကစားပေးသင့်လဲ။ ဘယ်လောက်ပမာဏ စားပေးသင့်လဲစတာတွေကို အရင်ဆုံး မေးထားပြီး လမ်းညွှန်ပေးတဲ့အတိုင်း စားသင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ပိန်ချင်တဲ့သူတွေက အဆီတွေ စွတ်စားတာ၊ ဝချင်တဲ့သူတွေက အစာနည်းနည်းပဲ စားတာဆိုရင်တော့ Gym ဘယ်လောက်ဆော့ဆော့ ပိုက်ဆံနဲ့ အချိန်ကုန်တာပဲ အဖတ်တင်ပြီး ထိရောက်မှာမဟုတ်ပါဘူးနော်။

    ၄။ ယောက်ျားလေးတွေ Gym ကစားရင် လိင်အင်္ဂါသေးသွားတတ်တယ်။

    စိတ်ဝင်စားစရာကောင်းတဲ့အချက်က ယောက်ျားလေးတွေသာမက မိန်းကလေးအများစုကပါ ဒီဂျင်းကို ယုံနေကြတာပါ။ Gym ကစားလို့ အလေးပိပြီး လိင်အင်္ဂါသေးတယ်ဆိုတာ လုံးဝဖြစ်နိုင်ခြေ မရှိတဲ့ ယုံတမ်းစကားဂျင်းသက်သက်ပါပဲ။

    ကိုယ်ကသာ အသက်ငယ်သေးတဲ့သူဆိုရင် Gym မှန်မှန်ကစားပေးခြင်းဖြင့် ကျားဟော်မုန်းတွေ များများထုတ်လုပ်ပေးနိုင်ပြီး လိင်ပိုင်းဆိုင်ရာမှာတောင် ပိုပြီးသန်စွမ်းစေနိုင်ပါတယ်။ မွေးရာပါ လိင်အင်္ဂါသေးတဲ့သူတွေကတော့ Gym ဆော့ဆော့၊ မဆော့ဆော့ သေးမှာပါပဲ။ Gym ဆော့လို့ ပိုကြီးလာတာ၊ ပိုသေးတာမျိုးတော့ မရှိပါဘူး။

    ၅။ Gym ဆော့ရင် လိင်မှုကိစ္စတွေ ရပ်ဖို့လိုအပ်တယ်။

    ဒါကတော့ အလေးအပင်များများမတဲ့ အမျိုးသားတော်တော်များများ ထင်ထားတတ်ကြတဲ့ အရာလေးတစ်ခုပါ။ တကယ်က Gym မကစားခင်ကို အားအင်ကုန်ခမ်းသွားစေလောက်မယ့် လက်နဲ့ အာသာဖြေတာမျိုး၊ လိင်ဆက်ဆံတာမျိုး မလုပ်သင့်ဘူး၊ အချိန်နည်းနည်း ခြားသင့်တယ်လို့သာ ဆိုလိုတာပါ။ လုံးဝ လိင်မှုကိစ္စကို ရပ်ဖို့ မလိုအပ်ပါဘူး။ လိင်ဆက်ဆံတာ၊ သုက်လွှတ်တာမျိုး လုပ်ရင် ကြွက်သားတွေ ကျသွားတယ်၊ အလေးမမနိုင်တော့ဘူးဆိုတာလည်း မဟုတ်ပါဘူး။

    ၆။ အကြိမ်ရေ များများဆော့မှ ကြွက်သားတက်တာမြန်မယ်။

    ဒီနေရာမှာ အကြိမ်ရေများများဆော့တာထက် အလေးများများဆော့ဖို့၊ လေ့ကျင့်ခန်း လုပ်တဲ့ ပုံစံ၊ အနေအထား မှန်ကန်ဖို့၊ ကိုယ်ဆော့လိုတဲ့ ကြွက်သားကို သေချာအားစိုက်ပြီး ညှစ်ထုတ်ဖို့ အဓိကကျတာပါ။ အကြိမ်ရေ များများဆော့လို့ ကြွက်သားတက်တာ မြန်တာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်အတွက် အလေးများများနဲ့ နိုင်သလောက် အကြိမ်ရေအတိုင်း လုပ်တာတော့ အကောင်းဆုံးပါပဲ။

    ခုပြောပြပေးခဲ့တာကို သေချာဖတ်ကြည့်ပြီးတော့ ကိုယ်ဘယ်အချက်တွေ မှားယွင်းစွာသိထားလဲဆိုတာ သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်။ တကယ်တော့ Gym ကစားတယ်ဆိုတာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်လည်း ရေရှည်မှာ အကျိုးများစွာ ရှိစေနိုင်ပါတယ်။ အကယ်လို့ Gym ကစားဖို့ အချိန်၊ ငွေကြေး မတတ်နိုင်ဘူးဆိုရင်တောင် အိမ်မှာ အလေးတုံးမလိုဘဲ လုပ်လို့ရမယ့် လေ့ကျင့်ခန်းတွေ၊ ရေကူးတာ၊ လမ်းလျှောက်တာ၊ ပြေးတာ၊ တရားထိုင်တာ စတာတွေ အကုန်လုပ်လို့ ရပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းမယ့် ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 08/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement