backup og meta

သင့်ဗိုက်မှာ အဆီပိုတွေ စုဝေးရခြင်းအကြောင်းများ


Dr. Thant Zin မှ ရေးသားသည်။ · 24/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ဗိုက်မှာ အဆီပိုတွေ စုဝေးရခြင်းအကြောင်းများ

    ဝမ်းဗိုက်မှာ အဆီပိုတွေ စုဝေးနေခြင်းဟာ ကျန်းမာရေးအတွက် မကောင်းတဲ့အချက်ဖြစ်ပါတယ်။ ဇီဝဖြစ်ပျက်မှုဆိုင်ရာ ရောဂါစု၊ အမျိုးအစား ၂ ဆီးချို၊ နှလုံးရောဂါ၊ ကင်ဆာ စတာတွေကို ဖြစ်နိုင်ခြေ မြင့်စေပါတယ်။ ဝမ်းဗိုက်အတွင်းပိုင်း အသည်းနဲ့ ကလီစာများမှာပါ အဆီများ စုဝေးနိုင်ပါတယ်။ ကိုယ်အလေးချိန် သိပ်မများတဲ့လူတွေတောင် ဝမ်းဗိုက်မှာ အဆီပိုတွေရှိရင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

    သင့်ဝမ်းဗိုက်မှာ အဆီပိုများကို စုဝေးလာစေတဲ့အကြောင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    သကြားဓာတ်များသော စားသောက်ဖွယ်ရာများ

    လူအတော်များများဟာ သူတို့ထင်ထားတာထက်ကို သကြားကို စားဖြစ်ကြပါတယ်။ ချိုချဉ်၊ ကိတ်မုန့်၊ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည် စသဖြင့် စားသုံးလိုက်တိုင်းမှာ သကြားဓာတ်ကို ရရှိနေပါတယ်။

    သုတေသနတွေအရ သကြားဓာတ်စားသုံးမှုမြင့်မားခြင်းနဲ့ ဝမ်းဗိုက်အဆီစုခြင်းအကြား ဆက်စပ်နေပါတယ်။ စားကောင်းအောင် အချိုဓာတ်ဖြည့်သွင်းထားတဲ့ စားစရာတွေဟာ ကယ်လိုရီတက်စေနိုင်ပါတယ်။

    အယ်လ်ကိုဟော

    အယ်လ်ကိုဟောဟာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့အပိုင်း ရှိသလို ထိခိုက်စေတဲ့အပိုင်းလည်း ရှိပါတယ်။ ဝိုင်နီကို သင့်တင့်ရုံသောက်သုံးမယ်ဆိုရင် နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေကို လျော့နည်းစေပါတယ်။ ဒါပေမယ့် အယ်လ်ကိုဟောကို အလွန်အကျွံသောက်သုံးရင် အသည်းရောဂါနဲ့ တခြားကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ သုတေသနအချို့အရ အယ်လ်ကိုဟောဟာ အဆီများကို လောင်ကျွမ်းမှု လျော့ကျစေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဝမ်းဗိုက်အဆီများစုလာပြီး ကယ်လိုရီများကို သိုလှောင်လာပါတယ်။ ဒါကို ဘီယာဗိုက်လို့လည်း ခေါ်ကြပါတယ်။

    ပုံပြောင်းအဆီ

    ပုံပြောင်းအဆီဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီများပဲ ဖြစ်ပါတယ်။ အစားအသောက်တွေကို ပိုမိုတာရှည်ခံဖို့ ပြင်ဆင်ချက်ပြုတ်ရာမှာ သုံးပါတယ်။ ပုံပြောင်းအဆီများဟာ ရောင်ရမ်းမှုကို ဖြစ်စေပါတယ်။ ဒါကြောင့် အင်ဆူလင်အာနိသင်မတိုးခြင်း၊ နှလုံးရောဂါနဲ့ တခြားရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ သုတေသနတခုအရ ပုံပြောင်းအဆီစားသုံးသူများဟာ မပြည့်ဝဆီစားသုံးသူများထက် ဝမ်းဗိုက်အဆီ ပိုမိုစုဝေးတတ်ပါတယ်။

    လှုပ်ရှားမှု နည်းခြင်း

    လှုပ်ရှားမှုနည်းပြီး အထိုင်များခြင်းဟာ ကျန်းမာရေးအတွက် မကောင်းပါဘူး။ အဝလွန်ခြင်း အထူးသဖြင့် ဝမ်းဗိုက်အဆီများလာခြင်းကို ဖြစ်စေပါတယ်။ သုတေသနတခုအရ တနေ့တာမှာ တီဗီရှေ့မှာ သုံးနာရီအထက် အချိန်ဖြုန်းသူများဟာ တနေ့မှာ တစ်နာရီအောက်သာ ကြည့်ရှုသူများထက် အဝလွန်နိုင်ခြေ နှစ်ဆပိုများကြောင်း သိရပါတယ်။ အထိုင်များသူများအနေနဲ့ လေ့ကျင့်ခန်းများ ပြုလုပ်သင့်ပါတယ်။

    အသီး ဖျော်ရည်များ

    အသီးဖျော်ရည်များမှာ သကြားဓာတ်ပါဝင်နှုန်း မြင့်မားပါတယ်။ ယေဘုယျအားဖြင့် အသီးဖျော်ရည်တစ်ခွက် (၂၅၀ မီလီလီတာ) မှာ သကြား ၂၅ ဂရမ် ပါဝင်ပါတယ်။ အသီးဖျော်ရည်တွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပေမယ့် သကြားဓာတ်ပါဝင်နေတာကြောင့် အင်ဆူလင်အာနိသင်မတိုးခြင်း၊ ဝမ်းဗိုက်အဆီစုခြင်း စတဲ့ပြဿနာတွေ ကြုံနိုင်ပါတယ်။

    စိတ်ဖိစီးမှုနှင့် ကော်တီဆောဟော်မုန်း

    ကော်တီဆောဟော်မုန်းကို အဒရီနလင်ဂလင်းကနေ ထုတ်လုပ်ပြီး ဖိစီးမှုဟော်မုန်းလို့ သိကြပါတယ်။ ကိုယ်ခန္ဓာကနေ စိတ်ဖိစီးမှုကို တုံ့ပြန်ချိန်မှာ ထွက်လာတတ်တဲ့ဟော်မုန်း ဖြစ်ပါတယ်။ အဆိုပါ အခြေအနေမှာ ကိုယ်အလေးချိန်တက်လာတတ်ပြီး ဗိုက်လည်းစူလာနိုင်ပါတယ်။ ဒါ့အပြင် စဖိတ်ဖိစိးချိန်မှာ လူတချို့ဟာ အစားပိုစားဖြစ်ပါတယ်။ ပိုလာတဲ့ ကယ်လိုရီတွေကို ကိုယ်ခန္ဓာတစ်ခုလုံးက အဆီတွေမှာ သိုလှောင်ရမယ့်အစား ဝမ်းဗိုက်မှာ စုဝေးလာစေပါတယ်။

    အမျှင်ဓာတ် နည်းသော စားသောက်ပုံ

    အမျှင်ဓာတ်ဟာ ကိုယ်အလေးချိန်ထိန်းပေးဖို့အတွက် အရေးကြီးပါတယ်။ အမျှင်ဓာတ်ဟာ ဗိုက်ပြည့်စေတဲ့ ခံစားချက်ကိုပေးပြီး ဆာလောင်မှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို ထိန်းသိမ်းပေးပါတယ်။ ကယ်လိုရီစားသုံးမှုကို နည်းသွားစေပါတယ်။ အမျှင်ဓာတ် ၁၀ ဂရမ်စားတိုင်း ဝမ်းဗိုက်မှာစုဝေးနိုင်တဲ့ အဆီဓာတ်ဟာ ၃.၇ ရာခိုင်နှုန်းနည်းပါးသွားကြောင်း သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။ အမျှင်ဓာတ်ကို စားသောက်မှုနည်းပါးရင်တော့ အဆီဓာတ်ကို ပိုမိုစုဝေးစေဖို့ အခွင့်အလမ်းများစေပါတယ်။

    အိပ်ရေးမဝခြင်း

    သုတေသနတွေအရ အိပ်ရေးမဝသူများဟာ ကိုယ်အလေးချိန်တက်ပြီး အဆီများပိုစုလာနိုင်ကြောင်း သိရပါတယ်။ တစ်ညတာကို ၅နာရီအောက်သာ အိပ်စက်သူများဟာ တစ်ညကို ၇ နာရီခန့် အိပ်စက်သူများထက်စာရင် အဝလွန်နိုင်ခြေ ပိုများပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 24/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement