backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

Gym ကစားနေသူတိုင်း တစ်ကိုယ်ရေသန့်ရှင်းမှုကို သေချာဂရုစိုက်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 06/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Gym ကစားနေသူတိုင်း တစ်ကိုယ်ရေသန့်ရှင်းမှုကို သေချာဂရုစိုက်ပါ

ဒီဘက်ခေတ်မှာ Gym မကစားတဲ့သူတွေ မရှိသလောက်ကို နည်းနေပါပြီ။ အသက် ၁၈ လူငယ်အရွယ်ကစလို့ အသက် ၆၀ ၇၀ ဝန်းကျင် ဘိုးဘွားတွေပါ ကိုယ်ခန္ဓာအလှအပအတွက်ကြောင့်ရော၊ ကျန်းမာရေးလိုက်စားဖို့၊ အသက်ရှည်ရှည်နေနိုင်ဖို့ Gym ကစားခြင်းက များစွာ အထောက်အကူပေးနိုင်မှာပါ။ ဒါပေမယ့် Gym ကစားနေသူတိုင်း တစ်ကိုယ်ရေသန့်ရှင်းမှုကို သေချာဂရုစိုက်ဖို့ လိုပါတယ်။

ဘာကြောင့်လဲဆိုတော့ ကိုယ်တစ်ယောက်တည်း မဟုတ်ဘဲ လူအများ စုဝေးပြီး ကစားရာနေရာ ဖြစ်တာကြောင့်ပါပဲ။ ကိုယ်က သန့်သန့်ရှင်းရှင်းနေရတာ ကြိုက်ရင်တောင် တခြားသူတွေက ကိုယ့်လိုပဲ ပြုမူနေထိုင်ဖို့ဆိုတာ အမြဲတမ်း ဖြစ်နိုင်တာ မဟုတ်ဘူးလေ။ လူပေါင်းစုံ စရိုက်ပေါင်းစုံ အလွှာပေါင်းစုံ နေရာဒေသပေါင်းစုံကနေ လာဆော့ကြတဲ့သူတွေထဲက တချို့တွေဆိုရင်

• ပါးစပ်မအုပ်ဘဲ ချောင်းဆိုးတာ၊ နှာချေတာ

• ကိုယ်ကစားခဲ့တဲ့နေရာမှာ ချွေးတွေ အကွက်လိုက် ကျန်နေခဲ့တာ

• ခြေထောက်၊ လက်တွေမှာ မှိုကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေ ရှိနေတာ၊ ခြေဗလာနဲ့ လျှောက်သွားနေတာမျိုး အမြဲတွေ့ရတတ်ပါတယ်။

အဆိုးဆုံးကတော့ တခြားသူဘာဖြစ်ဖြစ် ဂရုမစိုက်ဘဲ ကိုယ်လုပ်ချင်ရာ လုပ်ပြီး ထွက်သွားကြတော့ သူ့နောက်ကနေ လာဆော့တဲ့သူတွေက ချန်ထားခဲ့သမျှ ရောဂါပိုးမွှား၊ ဘက်တီးရီးယားပိုး ပေါင်းစုံက ကိုယ်မှာလာကပ်၊ တစ်ကိုယ်ရေသန့်ရှင်းမှုကလည်း နည်းတော့ ရောဂါတွေက ဆင့်ပွားပြီးကူးဖို့ အရမ်း မြန်တာပေါ့။

Gym ကစားနေသူတိုင်း တစ်ကိုယ်ရေသန့်ရှင်းမှုကို သေချာဂရုစိုက်ပါ

ဒါကြောင့် ဘယ်လောက်ပဲ ကျန်းမာရေးအတွက်၊ အလှအပအတွက် ကောင်းတဲ့နေရာတစ်ခု ဖြစ်နေပေမယ့် လူအများစုဝေးပြီး ကစားနေရတာဖြစ်တဲ့အတွက် ကိုယ့်ကျန်းမာရေးကို သေချာဂရုစိုက်ဖို့ကတော့ ကိုယ့်ရဲ့ တာဝန်ပါပဲ။ အဓိက ဘာတွေ လုပ်ပေးဖို့ လိုမလဲဆိုရင်

  • အလေးတုံးတွေ ယူမတော့မယ်ဆိုရင် မမခင် ရောဂါပိုးမွှားသန့်စင်ပေးတဲ့ (Anti-bacterial) တစ်သျှူးတွေနဲ့ သုတ်ပေးပါ။
  • ထိခိုက်ဒဏ်ရာ မဖြစ်စေဖို့ အားကစားလက်အိတ် ဝတ်ပြီး ကစားပါ။ ခြေအိတ်၊ အားကစားဖိနပ်ကို မဖြစ်မနေ ဝတ်ထား၊ စီးထားဖို့လည်း အရေးကြီးပါတယ်။
  • Gym မှာ မျက်နှာသုတ်ပဝါ တစ်ထည် ပေးတယ်ဆိုရင် ကိုယ်ထိုင်မယ့်နေရာ၊ ပက်လက်လှဲမယ့် ခုံတန်းမှာ ဖြန့်ခင်းပြီးမှ ကစားပါ။ ဒီလိုလုပ်ခြင်းက ကိုယ့်ရှေ့မှာ ကစားခဲ့တဲ့သူရဲ့ ရောဂါပိုးတွေ ကိုယ့်ဆီ ဝင်မလာနိုင်အောင် ကာကွယ်ပေးသလို ကိုယ့်ဆီမှာ ရှိတဲ့ ချွေးတွေ၊ အညစ်အကြေးတွေ။ ရောဂါပိုးတွေ တခြားသူဆီ မကူးအောင် တစ်ဆင့်ခံ ကာကွယ်ပေးနိုင်ဖို့ ကူညီပြီးသား ဖြစ်ပါတယ်။
  • Gym ကစားရင်းနဲ့ မျက်နှာကို လက်နဲ့ ကိုင်တာ၊ ပွတ်တာ၊ ကုတ်ဖဲ့တာတွေ မလုပ်ပါနဲ့။ လက်ကို ပါးစပ်ထဲ မထည့်ပါနဲ့။
  • အဝတ်အစားထားတဲ့ Locker ခန်းတွေမှာ များသောအားဖြင့် ရေချိုးခန်း၊ အိမ်သာနဲ့ ဆက်ထားတတ်ပါတယ်။ လူအများစုက လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ Locker ခန်းထဲ ဝင်ပြီးရင် ဖိနပ်တွေ အကုန်ချွတ်ပြီး ရေချိုးတတ်ကြပါတယ်။ အဲ့ဒီအခါ ဖိနပ်ကို အမြဲစီးထားပါ၊ အားကစားဖိနပ်ဖြစ်ဖို့ မလိုပါဘူး၊ ရိုးရိုး ခြေညှပ်ဖိနပ်အပါး စီးထားရင်ကို လုံလောက်ပါတယ်။ အဓိက မြေကြီးမှာ ကပ်ငြိနေတဲ့ ကိုယ်မမြင်နိုင်တဲ့ ရောဂါပိုးတွေ၊ မှိုပိုးတွေ ကိုယ့်ခြေထောက်အရေပြားဆီကို မထိမိစေဖို့ပါပဲ။
  • Gym ကစားပြီးတိုင်း ရေချိုးပါ၊ ကိုယ့်အိမ်က Gym နဲ့ နီးနီးလေးမို့ အိမ်ရောက်မှ ချိုးတာ အဆင်ပြေပေမယ့် ဝေးတဲ့သူတွေအတွက်တော့ ရေမချိုးဘဲ ပြန်လိုက်ရင် လေ့ကျင့်ခန်းလုပ်တုန်းက ချွေးနဲ့အတူ ထွက်လာတဲ့အညစ်အကြေးတွေ၊ အပြင်လေထုက ကပ်လာတဲ့ ဖုန်မှုန့်တွေ၊ ရောဂါပိုးတွေက သွားကပ်မိပြီး အရေပြားပြဿနာ ဖြစ်ဖို့ ပိုလွယ်ပါတယ်။ ဒါကြောင့် မဖြစ်မနေ ရေချိုးပေးဖို့ အရမ်း အရေးကြီးပါတယ်။
  • ရေချိုးတဲ့အခါမှာ ချွေးအရမ်းထွက်နေနိုင်တဲ့ ချိုင်းကြား၊ ပေါင်ကြားတွေကို သေချာချေးတွန်းပေးပါ။ ခြေဖဝါးတွေနဲ့ ခြေချောင်းတွေ၊ ခြေသည်းတွေ ကြားထဲကိုလည်း ဆပ်ပြာနဲ့ သေချာတိုက်ချွတ်ဆေးကြောပေးပါ။
  • ရေချိုးပြီးတဲ့အခါ အဝတ်အစားအသန့်ကိုပဲ ဝတ်ဆင်ပါ။ Gym ကစားရင်း ဝတ်ခဲ့တဲ့ အကျီတွေ ပြန်မဝတ်ပါနဲ့၊ အထူးသဖြင့် အတွင်းခံဘောင်းဘီတွေ၊ ခြေအိတ်တွေကို လုံးဝပြန်မဝတ်သင့်ပါဘူး။ ချွေးစော်နံပြီး ညစ်ပတ်နေတဲ့ အဝတ်အစားတွေကို သီးသန့်အိတ်တစ်လုံးထဲ ထည့်ထားပြီး အိမ်ပြန်ရောက်တာနဲ့ အဝတ်လျှော်စက်ထဲ ထည့်လိုက်ပါ။

ဒါဆို Gym ကစားတဲ့သူတွေအနေနဲ့ ခုပြောပြခဲ့တဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးပြဿနာတွေ၊ ဘာပြဿနာတွေ၊ ပိုးမွှားတွေရှိလဲ၊ ဘယ်လိုကာကွယ်ရမလဲဆိုတာ သိပြီးလောက်ပြီလို့ မျှော်လင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 06/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement