backup og meta

ကပ်ဘေးရဲ့ မွန်းကျပ်မှုတွေကို Hiking ထွက် ပြီး ဖြေဖျောက်ကြမလား


Ye Zon Aung မှ ရေးသားသည်။ · 30/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကပ်ဘေးရဲ့ မွန်းကျပ်မှုတွေကို Hiking ထွက် ပြီး ဖြေဖျောက်ကြမလား

    လူအတော်များများက ပုံမှန်နေ့စဉ်ဘဝမှာ လမ်းလျှောက်ဖြစ်ကြေပေမယ့် ခြေလျှင်ခရီး‌တွေကို ပုံမှန်အားကစားတစ်ခုအဖြစ် ပြုလုပ်ကြတာတော့ နည်းပါတယ်။ ခြေလျှင်ခရီးထွက်တာ တနည်း Hiking ထွက် တာဟာ ကျန်းမာရေးကို အကျိုးကျေးဇူး အမြောက်အများပေးစွမ်းနိုင်ပါတယ်။ သင်ထင်မှတ်ထားတာတွေရော မထင်မှတ်ထားတာတွေရောပါ။

    ခုလို COVID-19 ကပ်ဘေးကာလမှာ Camping လုပ်ကြတာတွေခေတ်စားလာကြပေမယ့် ခြေလျှင်ခရီးထွက်တာမျိုးကိုတော့ အလုပ်နည်းကြပါတယ်။ အကြောင်းကတော့ သာယာရှုမောဖွယ်ရှုခင်းမျိုးနဲ့ အေးအေးဆေးဆေးလမ်းလျှောက်နိုင်မယ့်နေရာမျိုးတွေ နည်းပါးနေသေးတာကြောင့်ပါ။

    ဒါပေမယ့် ဒီလိုကပ်ဘေးကာလမျိုးမှာ ခြေလျှင်ခရီးတွေ ပိုထွက်သင့်ပါတယ်။ ရောဂါပိုးအန္တရာယ်နဲ့ စိတ်ကျဉ်းကျပ်ဖွယ်ရာတွေပြည့်နေတဲ့ မြို့ပြလူနေမှုဘဝကို စွန့်ခွာပြီး အနီးဝန်းကျင်က ကျေးလက်ဒေသတွေကို ကာလတို လမ်းလျှောက်ခရီးလေးတွေ ထွက်ကြည့်မယ်ဆိုရင် စိတ်ရောကိုယ်ပါ အကျိုးရှိလာမှာကို သင်သိလာပါလိမ့်မယ်။

    ကပ်ဘေးရဲ့ မွန်းကျပ်မှုတွေကို Hiking ထွက် ပြီး ဖြေဖျောက်ကြမလား

    Hiking ထွက် ပါလို့ ဘာလို့ပြောရတာလဲ

    တစ်ခုတော့ သတိပေးချင်ပါတယ်။ Hiking က လွယ်ကူတဲ့ နည်းလမ်းတစ်မျိုးတော့ မဟုတ်ပါဘူး။ ပထမဆုံးအကြိမ်မှာဆိုရင် သေမတတ်ပင်ပန်းတယ်လို့ လူအတော်များများက သူတို့အတွေအကြုံတွေကို မျှဝေတတ်ကြပါတယ်။ ဒါပေမယ့် သူတို့တွေတိုင်းက နောက်တစ်ကြိမ်၊ နောက်တစ်ကြိမ်ဆီကို ဆက်ပြီး လှမ်းချီသွားကြသူတွေချည်းပါ။

    ပထမတစ်ကြိမ်မှာ ပင်ပန်းပေမယ့် အလေ့အကျင့်ရလာရင် ဒီအားကစားရဲ့ ကောင်းတဲ့အချက်တွေကို နားလည်လာရင် ဆက်ပြီး ခရီးတွေထွက်ချင်၊ လမ်းတွေ လျှောက်ချင်နေတော့တာပါပဲ။

    Hiking က ကိုယ်လက်ကြံ့ခိုင်စေရုံသက်သက်တင်မဟုတ်ဘူးလေ။ စိတ်ကိုလည်း လန်းဆန်းတက်ကြွစေသလို ဦးနှောက်လုပ်ဆောင်ချက်တွေကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ဒီတော့ အပင်ပန်းခံရကျိုးနပ်တဲ့ အားကစားတစ်မျိုးပေါ့။

    ပုံမှန် Hiking ထွက် လေ့ရှိတဲ့သူတွေဟာ

  • အာရုံစူးစိုက်မှု အားကောင်းလာတတ်မယ်
  • နှလုံးရောဂါဖြစ်နိုင်ခြေ ကျဆင်းသွားမယ်
  • သွေးခုန်နှုန်းနဲ့ သွေးတွင်းသကြားပမာဏ တည်ငြိမ်လာမယ်
  • အရိုးသိပ်သည်းဆမြင့်မားပြီး အရိုးပွရောဂါဖြစ်နိုင်ခြေနည်းမယ်
  • ခြေထောက်ကြွက်သားတွေ တောင့်တင်းကျန်းမာလာမယ်
  • ကိုယ်အလေးချိန်ကို ထိန်းညှိနိုင်မယ်
  • စိတ်ကြည်လင်မယ်
  • စိတ်ဖိစီးမှုနဲ့ သောကတွေကို တွန်းလှန်နိုင်မယ်။
  • ကျန်းမာရေး ပညာရှင်တွေကတော့ ခုလို ကိုဗစ်ကာလမျိုးမှာ Hiking ထွက် တာက တခြားအားကစားနည်းတွေထက်ပိုပြီး စိတ်ရောကိုယ်ပါ အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ ဆိုထားကြပါတယ်။

    အကြောင်းကတော့ နေအိမ်ကနေ အပြင်ကို လွတ်လွတ်လပ်လပ်ထွက်ခွာခွင့်မရဖြစ်နေချိန်ဖြစ်တာကြောင့် လူနည်းနည်းလေးနဲ့ ဒါမှမဟုတ် ကိုယ်တစ်ဦးတည်း ပတ်ဝန်းကျင်ကို လေ့လာရင်း ခရီးရှည်လမ်းလျှောက် ထွက်တာက စိတ်ရောကိုာ်ပါ အကျိုးရှိစေမှာမို့ပါ။

    ကပ်ဘေးရဲ့ မွန်းကျပ်မှုတွေကို Hiking ထွက် ပြီး ဖြေဖျောက်ကြမလား

    လမ်းလျှောက်ခရီးတစ်ခု ထွက်တော့မယ်ဆိုရင်

    လမ်းလျှောက်ခရီးဆိုတာ တောထဲပဲထွက်ရမယ်လို့ သတ်မှတ်ထားတာမျိုးမရှိသလို မိုင်ရာနဲ့ချီဝေးတဲ့နေရာတွေမှာပဲ လုပ်ရမယ်လို့လည်း မသတ်မှတ်ထားပါဘူး။ တချို့တွေက မြို့ထဲ၊ တချို့က မြို့ပြင်၊ တချို့ကတော့ သဘာဝအလှတရားတွေရှိတဲ့ တောတောင်တွေဆီ ထွက်ကြပါတယ်။ ကိုယ်နှစ်သက်ရာ အဆင်ပြေရာပေါ့။

    သေချာတာကတော့ Hiking ထွက် မယ်ဆိုရင် စနစ်တကျ အစီအစဉ်ဆွဲနိုင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် တောထဲတောင်ထဲဆို ပိုပြီး လိုအပ်ပါတယ်။ အမှားအယွင်းတွေ ပြုလုပ်မိမှာကိုတော့ မစိုးရိမ်ပါနဲ့။ အမှားတွေကနေ သင်ယူလို့ရပါတယ်။

    ဒီအားကစားက ကိုယ်စိတ်နှစ်ပါးလုံးကို ကျန်းမာအောင် ကူညီပေးနိုင်တာမို့ မလွယ်ကူနိုင်ဘူးဆိုတာကိုတော့ သိနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ တကယ်လို့များ ကိုယ်က ကျေးလက်ဒေသတွေ၊ တောထဲတောင်ထဲတွေကို သွား Hiking ထွက်မယ်ဆိုရင် အောက်ပါအချက်တွေကို သတိထားပြင်ဆင်သွားဖို့ လိုအပ်ပါတယ်။

    • ရာသီဥတုနဲ့ ကိုက်ညီတဲ့ အဝတ်အစား
    • မြေပုံ (Google Map က နေရာဒေသတိုင်းမှာ အဆင်မပြေတာကို နားလည်ထားဖို့ လိုအပ်ပါတယ်)
    • ဦးခေါင်းမှာတပ်ဆင်နိုင်တဲ့ မီးအိမ်
    • နေရောင်ခံလိမ်းဆေး
    • ဆေးသေတ္တာ
    • ဓားမြှောင်
    • မီးမွှေးဖို့ ပစ္စည်းတွေ
    • Emergency shelter
    • အစားအသောက်အပို
    • ရေအပို
    • အဝတ်အစားအပို စတာတွေပါပဲ။

    ဒီပစ္စည်းတွေအားလုံးက သေချာပေါက် အသုံးချရမယ့် အရာတွေတော့မဟုတ်ပါဘူး။ ဒါပေမယ့်မဖြစ်မနေ အရေးပေါ် အခြေအနေတွေမှာ လိုအပ်လာမယ့် ပစ္စည်းတွေပါ။ ဒါတွေမပါပဲ ခရီးရှည်လမ်းလျှောက် ခရီးတွေ သွားဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာတွေဖြစ်ပါတယ်။

    တကယ်လို့များ အချိန်အားလပ်ပြီး အလျဉ်းလည်းသင့်တယ်ဆိုရင် မိမိနေထိုင်ရာ မြို့ပြရဲ့ အနီးနားဝန်းကျင်က သဘာဝနေရာလေးတွေဆီကိုပဲဖြစ်ဖြစ် Hiking ထွက်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ ကိုဗစ်ကာလကြောင့် ပိတ်လှောင်နေတဲ့ မွန်းကျပ်မှုတွေကို ဖြေလျှော့ရင်း ကျန်းမာရေးကိုလည်းအထောက်အကူဖြစ်စေမှာမို့ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 30/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement