backup og meta

ဝမ်းဗိုက်မှာ အလုံးစမ်းမိရင် ဘာတွေဖြစ်နိုင်လဲ။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမ်းဗိုက်မှာ အလုံးစမ်းမိရင် ဘာတွေဖြစ်နိုင်လဲ။

    ဗိုက်မှာ အလုံးစမ်းမိပြီဆိုရင် တော်တော်များများက ကင်ဆာလို့ ထင်တတ်ကြပါတယ်။ ဗိုက်မှာ စမ်းမိတဲ့ အလုံးတိုင်းဟာ ကင်ဆာ မဟုတ်ပါဘူး။ ကင်ဆာလောက်မဆိုးတဲ့ တခြားရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ဒါကြောင့် အလုံးတစ်ခုတွေ့ပြီဆိုရင် သိပ်မစိုးရိမ်ပါနဲ့။

    အလုံးစမ်းမိပြီဆိုရင်

    အလုံးစမ်းမိပြီဆိုရင် ဘယ်တုန်းက ဘယ်လိုစမ်းမိတာလဲ။ ဥပမာ ရေချိုးရင်း စမ်းမိတာလား။ နာလို့ သတိထားမိတာလား စသဖြင့်ပေါ့။ အလုံးက ကြီးသွားလား၊ သေးသွားလား။ အလုံးစမ်းမိတာအပြင် တခြားဘာခံစားရတာ ရှိသေးလဲ။ ဘယ်နေရာမှာ စစမ်းမိတာလဲ။ အလုံးက နေရာရွေ့သွားသေးလား စတာတွေကို သတိပြု မှတ်ထားပေးပါ။

    ဒါတွေက သင်ဆရာဝန်ဆီသွားပြတဲ့အခါ မေးခံရမယ့် မေးခွန်းတွေပါပဲ။ တစ်နည်းအားဖြင့် သင့်ရောဂါကို ကုသဖို့ လိုအပ်တဲ့ မေးခွန်းတွေပေါ့။

    ဘာအလုံးတွေ ဖြစ်နိုင်လဲ။

    ဝမ်းဗိုက်က ကြီးတဲ့အတွက် သူ့ကို ဆေးပညာအရ ၉ပိုင်း ပိုင်းချလိုက်ပါတယ်။ သာမန်လူတွေအတွက်တော့ ပြောရလွယ်အောင် ၆ပိုင်းပဲ သတ်မှတ်ထားပါတယ်။ ဝမ်းဗိုက် ညာဘက် အပေါ်ပိုင်း အောက်ပိုင်း၊ ဘယ်ဘက် အပေါ်ပိုင်း အောက်ပိုင်း၊ ချက်ပတ်လည်နဲ့ ဆီးခုံပါ။ ဒီနေရာတွေမှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေလိုက်ပြီး ဖြစ်နိုင်ခြေတွေကို စဉ်းစားလိုက်ရင် ရောဂါရှာရတာ ပိုလွယ်လို့ပါ။

    ဝမ်းဗိုက် ညာဘက် အပေါ်ပိုင်း

    • အသည်းကြီးတာ
    • သည်းခြေအိတ်ကြီးတာ (သည်းခြေအိတ် ပြည်တည်တာ၊ အချွဲတွေ ပြည့်နေတာ၊ ကင်ဆာကျိတ်တွေ သည်းခြေကျောက်တွေ ပိတ်လို့ သည်းခြေအိတ်ရောင်ပြီး ကြီးလာတာ)
    • ကျောက်ကပ်ကြီးတာ (ခါးမှာရှိတဲ့ ကျောက်ကပ် ကြီးလာရင် အပေါ်ကို တိုးလာပါတယ်။)
    • အူမကြီးကင်ဆာ 

    ဝမ်းဗိုက် ဘယ်ဘက် အပေါ်ပိုင်း

    ဝမ်းဗိုက် ညာဘက် အောက်ပိုင်း

    • အူအတက် ပြည်တည်နာ
    • အူမကြီး ကင်ဆာ
    • အူမကြီး ရောင်ရမ်းနာ (Crohn’s disease)
    • အမျိုးသမီးတွေမှာဆိုရင် သားဥအိမ် အကျိတ် ဒါမှမဟုတ် အရည်အိတ်တည်တာ
    • ဝမ်းကိုက်ပိုးအကျိတ်
    • ခါးကြွက်သား ပြည်တည်နာ
    • အူမကြီး တီဘီကျိတ်
    • အူမကြီး ပြန်ရည်ကျိတ်ကြီးတာ စတာတွေ ဖြစ်နိုင်ပါတယ်။

    ဝမ်းဗိုက် ဘယ်ဘက် အောက်ပိုင်း

    • စမြင်းတုံးခံနေတာ
    • အူမကြီးကင်ဆာ
    • အမျိုးသမီးတွေမှာဆိုရင် သားဥအိမ် အကျိတ် ဒါမှမဟုတ် အရည်အိတ်တည်တာ
    • ခါးကြွက်သား ပြည်တည်နာ
    • အူမကြီး ရောင်ရမ်းနာ (Crohn’s disease)
    • အူမကြီး ပြန်ရည်ကျိတ်ကြီးတာ စတာတွေ ဖြစ်နိုင်ပါတယ်။

    ချက်ပတ်လည်နဲ့ ဝမ်းဗိုက်အပေါ်ပိုင်း

    • ပြန်ရည်ကျိတ်ကြီးတာ
    • ဝမ်းခေါင်းထဲမှာရှိတဲ့ သွေးကြောမကြီး ဖောင်းနေတာ
    • အစာအိမ်ကင်ဆာ
    • ပန်ကရိယအရည်အိတ်
    • ပန်ကရိယ ကင်ဆာ
    • အစာအိမ်ထွက်ပေါက် ကျဉ်းပြီး အစာအိမ်ပြည့်တင်းနေတာ
    • အူမကြီးကင်ဆာ
    • အသည်းဘယ်ဘက်ခြမ်းက ကြီးတာ

    ဆီးခုံနေရာ

    • ဆီးအိမ်တင်းနေတာ
    • အမျိုးသမီးတွေမှာ သားအိမ်က ကြီးနေတာ (ဥပမာ သားအိမ်အသားလုံးတည်ပြီး ကြီးနေတာ)
    • ကိုယ်ဝန်စရှိခါစမှာ ဆီးခုံနားက ဖောင်းနေတာ
    • သားဥအိမ် ရောဂါများ (ဥပမာ အရည်အိတ်၊ ကင်ဆာကျိတ်)

    ဘယ်အလုံးလဲ ဘယ်လိုသိနိုင်မလဲ။

    ခုလောက်ဆိုရင် ဝမ်းဗိုက်မှာ အလုံးစမ်းမိရင် ဖြစ်နိုင်တာတွေ အများကြီးဆိုတာ သိလောက်ပါပြီ။ တိကျတဲ့ ရောဂါအဖြေကို ရဖို့အတွက်ဆိုရင်တော့ ရောဂါရာဇဝင် မေးမြန်းတာ၊ အလုံးကို စမ်းသပ်တာ၊ လိုအပ်တဲ့ ဆေးစစ်ချက်တွေ လုပ်ဖို့ လိုပါလိမ့်မယ်။

    ဒါကြောင့် အကြံပြုချင်တာကတော့ ဝမ်းဗိုက်မှာ အလုံးစမ်းမိတယ်ဆိုတာနဲ့ ကြောက်မသွားပါနဲ့။ ကင်ဆာလို့ တစ်ထစ်ချ ယုံကြည်ပြီး ကုသမှုခံယူဖို့ မငြင်းဆန်လိုက်ပါနဲ့။ ရောဂါကို သေချာ စစ်ဆေးကြည့်ရင် ကင်ဆာမဟုတ်ဘဲ တခြားအလွယ်တကူပျောက်ကင်းနိုင်တဲ့ ရောဂါတွေလည်း ဖြစ်နိုင်လို့ သေချာဆေးကုသမှု ခံယူဖို့ တိုက်တွန်းလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement