backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေ သုံးတဲ့ မှန်ပြောင်းလေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေ သုံးတဲ့ မှန်ပြောင်းလေးများ

နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်ဆီ သွားရင်လေ မှန်ပြောင်းလေးတွေ၊ မီးလေးတွေ ထိုးကြည့်တာ မြင်ဖူးကြမှာပါ။ နားတို့၊ နှာခေါင်းတို့၊ လည်ချောင်းဆိုတာက လှိုဏ်ခေါင်းလိုပဲ အပြင်ကနေ အထဲကို ဝင်သွားတဲ့ အစိတ်အပိုင်းတွေမို့လို့ အသေးစိတ်မြင်ချင်တယ်ဆိုရင် ရိုးရိုးကြည့်လို့ မရပါဘူး။ မှန်ပြောင်းလေးတွေ၊ ဓာတ်မီးလေးတွေနဲ့ ထိုးကြည့်မှ သေသေချာချာ မြင်ရတာပါ။ ဒီတစ်ခေါက်တော့ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေ သုံးတဲ့ မှန်ပြောင်းလေးများ အကြောင်း လေ့လာကြည့်ရအောင်နော်။

လူနာအနေနဲ့ကတော့ ဆရာဝန်ဆိုရင် နားကြပ်နဲ့ စမ်းတာလောက်ကိုပဲ ရင်းနှီးတာကြောင့် ဒီပစ္စည်းလေးတွေ ဘယ်လိုသုံးတာလဲ။ ဒါလေးတွေနဲ့ဆို ဘာတွေများ ပိုကောင်းသွားမှာလဲ။ ဒါတွေနဲ့ စမ်းသပ်ရင် နာမှာလား စတဲ့အကြောင်းလေးတွေကို ပြောပြပေးပါ့မယ်။

နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေ သုံးတဲ့ မှန်ပြောင်းလေးများ

နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေ သုံးတဲ့ မှန်ပြောင်းလေးများ ကတော့

နားစမ်းကိရိယာ (Otoscope)

နားရဲ့ အတွင်းဆုံးအထိ သေသေချာချာ မြင်ရချင်တယ်ဆိုရင် ဒီကိရိယာလေးနဲ့မှ အဆင်ပြေမှာပါ။ ပုံစံကတော့ သံရိုက်တူလို ပုံစံမျိုးလေးပါ။ ထိပ်မှာ မီးလေး ပါပါတယ်။ စမ်းမယ်ဆိုရင် လူနာနားနာနေသလား အရင်မေးရပါတယ်။ ကောင်းတဲ့ဘက်ကို အရင်စမ်းရပါတယ်။ ဒါမှ မကောင်းတဲ့ဘက်နဲ့ နှိုင်းယှဉ်လို့ရမှာပါ။ ပိုးသတ်ထားတဲ့ ကိရိယာကို သုံးပါတယ်။

နားပေါက်ကနေ ထည့်ပြီး အထဲကို ကြည့်လိုက်မယ်ဆိုရင် သိနိုင်တာတွေက

  • နားအပြင်ပိုင်း ပြွန်မှာ

နားဖာချေးတွေ ပိတ်နေလား

-နီရဲ ရောင်ကိုင်းနေတာတွေ ရှိလား

ပြည်တွေ ထွက်နေလား

ပြင်ပက ပစ္စည်း တစ်ခုခု (ဥပမာ ဂွမ်း၊ ပိုးကောင်) ရှိနေလား

  • နားစည်မှာ

-အရောင်

-ပုံစံ

-အလင်းကောင်းကောင်း ပြန်ရဲ့လား

နားစည်ပေါက်တာရှိသလား

-အမာရွတ်ရှိသလား ဒါတွေကို သိနိုင်ပါတယ်။

တစ်ဖက်စီစမ်းတိုင်းမှာ ဒါတွေကို စစ်ကြည့်မှာပါ။ တစ်ဖက်မျာ နားပြည်ယိုတာ ရှိနေခဲ့ရင် နောက်တစ်ဖက်ကို စမ်းတဲ့အခါ ပိုးသတ်ထားတဲ့ ကိရိယာအသစ်နဲ့ ထပ်စမ်းမှာပါ။ မဟုတ်ရင် ပိုးက ဟိုဘက်နားက ဒီဘက်နားကို ကူးနိုင်လို့ပါ။ ဒီကိရိယာလေးနဲ့ စမ်းသပ်တာက နားထဲကို နားကျပ်တံလေးတဲ့ လှည့်သလိုပါပဲ။ နာကျင်မှု မရှိသလို ထိခိုက်မှုဆိုတာကလည်း မဖြစ်သလောက်ပါပဲ။

နှာခေါင်းစမ်း ကိရိယာ (Rhinoscope)

နှာခေါင်းစမ်းကိရိယာလေးကတော့ ခပ်ပျော့ပျော့ပိုက်လေး ဖြစ်ပြီးတော့ ထိပ်မှာ ကင်မရာလေး ပါပါတယ်။ ဒါကြောင့် နှာခေါင်းထဲက အခြေအနေကို screenပေါ်မှာ ရှင်းရှင်းလင်းလင်း ကြည့်လို့ရပါတယ်။ နှာခေါင်းတင်မကပါဘူး။ လည်ချောင်းထဲထိ ကြည့်လို့ရပါတယ်။ နှာခေါင်းက နားလောက် အပေါက်မကျယ်တဲ့အတွက် ပိုက်ထည့်တဲ့အခါ ကသိကအောက် ဖြစ်တတ်ပါတယ်။ ဒါကြောင့် လူနာခံနိုင်ရည် ရှိအောင် ထုံဆေးလေး ဖြန်းပေးပါတယ်။ ပိုးသတ်ထားတဲ့ ကိရိယာကိုပဲ သုံးပါတယ်။

ဘယ်လိုအခါမှာ သုံးသလဲဆိုတော့

နှာခေါင်းထဲမှာ တစ်ခုခုပိတ်နေတာ

ထိပ်ကပ်နာ

နှာခေါင်းသွေးလျှံတာ

အနံ့ပျောက်တာ

-ဉီးခေါင်းနဲ့ လည်ပင်းကင်ဆာတွေ စတဲ့ရောဂါတွေမှာ ဖြစ်ရတဲ့အကြောင်းရင်းကို ရှာဖွေဖို့အတွက် သုံးပါတယ်။ တစ်ခါစမ်းရင် ၂မိနစ်သာသာလောက်ပဲ ကြာတဲ့အတွက် လူနာအများစုက ခံနိုင်ရည်ရှိပါတယ်။

လည်ချောင်းကြည့် ကိရိယာ (Laryngoscope)

လည်ချောင်းထဲနဲ့ အနောက်က အသံအိုးတွေ၊ အသံကြိုးတွေကြည့်ဖို့ သုံးပါတယ်။ လည်ပင်းထဲကို မှန်ပြောင်းလေးထည့်ရတာမို့လို့ ဒီတိုင်းကြည့်ရင် ကြောက်စရာလို့ ထင်ရပေမယ့် ဒီနည်းလမ်းက နာကျင်မှု မရှိပါဘူး။

လည်ချောင်းကြည့် ကိရိယာကို

  •  အဆက်မပြတ်ချောင်းဆိုးနေတယ်၊ လည်ပင်းနာနေတယ်၊ သွေးထွက်တယ်၊ အသံအက်တက်တက်ဖြစ်နေတယ်၊ ခံတွင်းနံ့မကောင်းဘူး စတဲ့ အခြေအနေတွေမှာ ဘာကြောင့်လဲ သိရဖို့
  • လည်ချောင်းထဲမှာ နာနေတဲ့၊ ရောင်နေတဲ့ အကြောင်းရင်းကို သိရဖို့
  • လည်ပင်းထဲမှာ တစ်ခုခု တစ်နေတဲ့အခါ အကြောင်းရင်းရှာဖို့
  • မတော်တဆ ပြင်ပပစ္စည်းတွေကို မျိုချမိတဲ့အခါ ဖယ်ထုတ်ဖို့
  • လည်ပင်းနဲ့ အသံကြိုးက တစ်ရှူးတွေကို ကြည့်ဖို့၊ အသားစယူဖို့
  • အစာမျိုရခက်တဲ့ ပြဿနာကို ရှာဖို့
  • အသံအိုးပြဿနာတွေကို စစ်ဆေးဖို့ သုံးနိုင်ပါတယ်။

ရိုးရိုး ကြည့်ရုံကြည့်တာပဲဆိုရင် ၅မိနစ်၊ ၁၀မိနစ်လောက်ပဲ ကြာပါတယ်။ ဒါပေမယ့် နင်နေတဲ့ ပစ္စည်းဖယ်ဖို့တို့၊ အသားစယူဖို့အတွက်ဆိုရင်တော့ ဒီထက်ကြာနိုင်ပါတယ်။ လူနာ ခံနိုင်ရည်ရှိအောင် ထုံဆေးသုံးရနိုင်ပါတယ်။

Takeaways

ဒီကိရိယာလေးတွေက နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါတိုင်းအတွက် လိုချင်မှ လိုမှာပါ။ လိုလာခဲ့ရင်လည်း သက်သောင့်သက်သာနဲ့ နာကျင်မှု မရှိအောင် လုပ်ပေးမှာမို့လို့ သိပ်မစိုးရိမ်ပါနဲ့။ သာမန်မျက်စိနဲ့ ကောင်းကောင်း မမြင်ရတဲ့ နေရာမှာ ဒီကိရိယာလေးတွေနဲ့ စမ်းသပ်လိုက်မယ်ဆိုရင် ရောဂါရှာဖွေတဲ့နေရာမှာရော၊ ကုသတဲ့နေရာမှာပါ အများကြီး အထောက်အကူ ဖြစ်နိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement