backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Laryngoscopy-Direct (အသံအိုးမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Laryngoscopy-Direct (အသံအိုးမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း) ကဘာလဲ။

Laryngoscopy ဟာ သင့်လည်ချောင်း၊ အသံအိုး နဲ့ အသံကြော (ကြိုး) တွေကို မှန်ပြောင်းအသုံးပြုပြီး ဆရာဝန်က စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ မှန်ပြောင်းကြည့်နည်းနှစ်မျိုး ရှိပါတယ်။ တစ်မျိုးစီက မတူညီတဲ့ ကိရိယာတွေကို အသုံးပြုကြပါတယ်။

Direct Laryngoscopy ဟာ ဆရာဝန်ကို လည်ချောင်းအတွင်းပိုင်းအထိ မြင်ရစေပါတယ်။ ဒါကို နည်းနှစ်မျိုးနဲ့ ပြုလုပ်နိုင်ပါတယ်။

• Flexible laryngoscopy (ပျော့ပျောင်းသော မှန်ပြောင်း) ကတော့ သေးငယ်ပျော့ပြောင်းပြီး တစ်ဖက်မှာ ကင်မရာပါတဲ့ မှန်ပြောင်း ကို အသုံးပြုတာဖြစ်ပါတယ်။ သင့်ခွဲစိတ်ဆရာဝန်ဟာ မှန်ပြောင်းကို နှာခေါင်းမှတစ်ဆင့် ပါးစပ်အနောက်ဘက်ထဲ ထည့်လိုက်မှာ ဖြစ်ပါတယ်။ သူ့ကို စစ်ဆေးမှုတွေ ပြုလုပ်ဖို့နဲ့ ရောဂါအမည်တပ်ဖို့ အသုံးပြုကြပါတယ်။

• Rigid laryngoscopy(မာကျောသော မှန်ပြောင်း) ကတော့ အထူးဒီဇိုင်းလုပ်ထားတဲ့ ပြွန်တွေကို ပါးစပ်ကတစ်ဆင့် ခွဲစိတ်ဆရာဝန်က ထည့်တာ ဖြစ်ပါတယ်။ ပြီးရင်တော့ ကိရိယာတွေကို ပြွန်ထဲကထည့်ပြီး လည်ချောင်းတွင်းပိတ်ဆို့နေတဲ့ အရာတွေကို ဖယ်ရှားမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် သူ့ကို တစ်ရှူးအသားစယူဖို့၊ အသားပိုတွေဖယ်ရှားဖို့၊ လေဆာကုသမှု ပြုလုပ်ဖို့အတွက် အသုံးပြုကြပါတယ်။

အထက်ပါ နည်းနှစ်မျိုးလုံးကို များသောအားဖြင့် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်က ပြုလုပ်ကြပါတယ်။

Direct Laryngoscopy တွေကို ဘာကြောင့် လုပ်ကြတာလဲ။

အောက်ပါအခြေအနေတွေရှိရင် ကျန်းမာရေးစောင့်ရှောက်သူတွေက Direct Laryngoscopy လုပ်ဖို့ အကြံပေးနိုင်ပါတယ်။

• ပျောက်ကင်းမသွားသော ခံတွင်းနံ့ဆိုးခြင်း

• အသက်ရှူခြင်း ဆိုင်ရာ ပြဿနာများ (အသက်ရှူစဉ် အသံမြည်ခြင်း)

• နာတာရှည် ချောင်းဆိုးခြင်း

• သွေးအန်ခြင်း

• အစာမြိုရခက်ခြင်း

• ပျောက်ကင်းမသွားနိုင်သော နားနာခြင်း

• လည်ချောင်းအတွင်း တစ်ခုခု ကပ်နေသလို ခံစားရခြင်း

• ဆေးလိပ်သောက်သူများမှာ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ပြဿနာများ

• ကင်ဆာ လက္ခဏာများရှိသော ဦးခေါင်းလည်ပင်း နေရာမှာ အကျိတ်ရှိခြင်း

• ပျောက်ကင်းမသွားသော လည်ချောင်းနာခြင်း

• သုံးပတ်ထက် ပိုကြာမြင့်သော အသံပြဿနာများ (ဥပမာ အသံသြခြင်း၊ အသံ အားနည်းခြင်း၊ အက်ကွဲခြင်း၊ အသံမထွက်ခြင်း)

Direct Laryngoscopy ကို အောက်ပါတို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။

• အသားစစ်ဆေးရန်

• အသက်ရှူလမ်းကြောင်းတွင် ပိတ်ဆို့နေသော အရာကို ဖယ်ထုတ်ရန်

Direct Laryngoscopy ကို များသောအားဖြင့်

• ကလေးငယ်များ

• လည်ချောင်းအတွင်း မူမမှန်မှုများကြောင့် လည်ချောင်းအတွင်း အလွယ်တကူ တစ်ဆို့နိုင်သူများ

• နှာခေါင်းနှင့် ပါးစပ်နောက်ဘက်ရှိ လည်ချောင်းအ၀ pharynx အပိုင်းနှင့် အသံအိုးရောဂါရှိသူများ

• ရောဂါကုသမှု တုန့်ပြန်ခြင်း မရှိသူများ မှာ ပြုလုပ်ဖို့ အကြံပြုထားပါတယ်။

ပြင်ဆင်မှု

Direct Laryngoscopy ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

Flexible scopes (ပျော့ပြောင်းသော မှန်ပြောင်း)တွေဟာ သင့်အတွက် ပိုမိုကောင်းမွန်ပြီး သက်တောင့်သက်သာ ရှိပါတယ်။ Rigid scopes (မာကျောသော မှန်ပြောင်း) တွေကတော့ များသောအားဖြင့် ခွဲစိတ်စဉ်မှာ အသုံးပြုကြပါတယ်။

Direct Laryngoscopy တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

သင့်ဆရာဝန်ဟာ ဒီမှန်ပြောင်းကြည့်ခြင်းကို ပြုလုပ်ဖို့ အစီအစဉ်ရှိရင် ဘယ်လိုလုပ်မှာလဲ ဆိုတာနဲ့ ဘာတွေ ပြင်ဆင်ရမလဲဆိုတာတွေကို မေးမြန်းသင့်ပါတယ်။ တကယ်လို့ ထုံဆေးသုံးမယ်ဆိုရင် သင့်ဆရာဝန်က စစ်ဆေးမှုမပြုခင် စားသောက်ခြင်းကို ၈ နာရီလောက် ရှောင်ကျဉ်စေမှာ ဖြစ်ပါတယ်။ တကယ်လို့ ထုံဆေး ပျော့ပျော့သာ သုံးမယ်ဆိုရင်တော့ အစာမစားပဲနေဖို့ မလိုပါဘူး။

သင့်ဆရာဝန်ကို သောက်နေတဲ့ ဆေးတွေအကြောင်း အကုန်ပြောပြသင့်ပါတယ်။ အချို့ဆေးတွေဖြစ်တဲ့ aspirin နဲ့ အခြားသွေးကျဲဆေးတွေ (ဥပမာ Plavix) ကို စစ်ဆေးမှုမစတင်မီ တစ်ပတ်လောက် ကြိုတင် ရပ်ထားသင့်ပါတယ်။

စစ်ဆေးမှု

Direct Laryngoscopy နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

• Direct flexible laryngoscopy (ပျော့ပြောင်းသော မှန်ပြောင်း)

သင့်ဆရာဝန်ဟာ လည်ချောင်းကို ကြည့်ဖို့ ပါးလွှာပျော့ပြောင်းတဲ့ ပြွန်ကို အသုံးပြုမှာ ဖြစ်ပါတယ်။ သင့်နှာခေါင်း၊ လည်ချောင်းတွေထဲမှာ ထွက်နေတဲ့ အရည်တွေကို ခြောက်စေမယ့် ဆေးတစ်မျိုး သောက်ရနိုင်ပါတယ်။ ဒါမှသာ ဆရာဝန်က ပိုမိုသေချာစွာ မြင်ရမှာ ဖြစ်ပါတယ်။ ထုံဆေးတစ်မျိုးကို လည်ချောင်းပေါ်ကို ဖျန်းပေးနိုင်ပါတယ်။

ပြွန်ကို နှာခေါင်းထဲမှ တစ်ဆင့် လည်ချောင်းအတွင်းပိုင်းကို ထည့်လိုက်မှာ ဖြစ်ပါတယ်။ ပြွန်ဟာ လည်ချောင်းအောက်ကို ဆင်းလာရင် ဆရာဝန်က ထုံဆေးကို ထပ်ဖျန်းပေးမှာ ဖြစ်ပါတယ်။ သင့်ဆရာဝန်က နှာခေါင်းအတွင်းပိုင်းကို ပိုမိုမြင်ရစေဖို့ အသက်ရှူလမ်းကြောင်း ပွင့်စေတဲ့ ဆေးကို တို့ (သို့) ဖျန်းပေးနိုင်ပါတယ်။

• Direct rigid laryngoscopy (မာကျောသော မှန်ပြောင်း)

Direct rigid laryngoscopy မပြုလုပ်မီ လက်ဝတ်ရတနာ၊ အံကပ်နဲ့ နေကာမျက်မှန်တွေကို ချွတ်ထားသင့်ပါတယ်။ စစ်ဆေးမှုမပြုလုပ်မီ ဆီးသွားထားသင့်ပါတယ်။ သင်ဝတ်ဆင်ဖို့ အဝတ်စ (သို့) အဝတ် ပေးမှာ ဖြစ်ပါတ်ယ။ Direct rigid laryngoscopy ကို ခွဲစိတ်ခန်းထဲမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုပြုလုပ်စဉ်မှာ လှဲနေရမှာဖြစ်ပါတယ်။ သင်အိပ်ပျော်နေစဉ်မှာ rigid laryngoscope ကို ပါးစပ်ထဲမှ တစ်ဆင့် လည်ချောင်းထဲကို ထည့်မှာ ဖြစ်ပါတယ်။ သင့်ဆရာဝန်က သင့်ရဲ့ လေပြွန်၊ အသံကြိုး၊ အသံအိုး တို့ကို ကြည့်မှာ ဖြစ်ပါတယ်။

Rigid laryngoscope ကို လည်ချောင်းအတွင်းပိုင်းက ပြင်ပအရာဝတ္ထုတွေကို ဖယ်ရှားရန်၊ အသံအိုးမှာ အသားပိုတွေ ဖယ်ထုတ်ရန်၊ လေဆာကုသမှု ပြုလုပ်ရန် အသုံးပြုကြပါတယ်။ စစ်ဆေးမှုဟာ ၁၅-၃၀ မိနစ် ကြာမြင့်နိုင်ပါတယ်။ ရောင်ရမ်းခြင်းကို ကာကွယ်ဖို့ စစ်ဆေးမှု အပြီးမှာ ရေခဲကပ်ပေးနိုင်ပါတယ်။

စစ်ဆေးပြီးနောက်

Direct Laryngoscopy လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

စစ်ဆေးမှုပြီးရင်တော့ သင့်ကို ဆရာမက လုံးဝပြန်လည်သတိရပြီး အစာမြိုချနိုင်တဲ့အထိ စောင့်ကြည့်မှာ ဖြစ်ပါတယ်။

• စစ်ဆေးမှုပြုအပြီး ၂ နာရီအကြာထိ (သို့) အစာကို မဆို့နင့်ပဲ မြိုနိုင်သည်အထိ စားသောက်ခြင်း မပြုသင့်ပြုသင့်ပါဘူး။ ရေ အနည်းငယ် စတင်သောက်နိုင်ပါတယ်။ အဆင်သင့်ဖြစ်ရင်တော့ ပုံမှန်အစာစားနိုင်ပါတယ်။

• စစ်ဆေးမှုပြုအပြီး လည်ချောင်း သန့်ရှင်းခြင်း (သို့) ချောင်းပြင်းပြင်းဆိုးခြင်း မပြုသင့်ပါဘူး။

• တကယ်လို့ မှန်ပြောင်းကြည့်နေစဉ် အသံအိုး ထိခိုက်မယ်ဆိုရင် အနည်းဆုံး ၃ ရက် အပြည့်နားသင့်ပါတယ်။

• သင်စကားပြောရင် ပုံမှန်လေသံနဲ့သာ ပြောပြီး အချိန်အကြာကြီး စကားပြောခြင်း မပြုသင့်ပါဘူး။ လေသံဖျော့ဖျော့ပြောခြင်း (သို့) အော်ဟစ်ခြင်းတွေဟာ ပြန်ကောင်းဖို့ ကြိုးစားနေတဲ့ အသံအိုးကို ထိခိုက်နိုင်ပါတယ်။

• တစ်ရှူးဖယ်ရှားခြင်း ပြုလုပ်ခဲ့ရင် စစ်ဆေးမှုပြုအပြီး သုံးပတ်အကြာထိ အသံသြနေနိုင်ပါတယ်။

• တကယ်လို့ အကျိတ် (သို့) အနာတွေကို အသံအိုးကနေ ဖယ်ရှားနေခဲ့မယ်ဆိုရင် အသံကို နှစ်ပတ်အထိ လုံးဝအနားပေးသင့်ပါတယ်။ (စကားပြောခြင်း၊ လေသံဖြင့် ပြောခြင်း၊ အခြားအသံပြုလုပ်ခြင်း တွေ မပြုသင့်ပါဘူး)

ဒီစစ်ဆေးမှုနဲ့ပတ်သက်ပြီး မေးစရာရှိရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

အဖြေတွေက ဘာကို ဆိုလိုတာလဲ။

စစ်ဆေးမှုအပြီးမှာ သင့်ဆရာဝန်က အဖြေအကြောင်းနဲ့ ကုသမှု နည်းလမ်းတွေ အကြောင်း ဆွေးနွေးခြင်း၊ အခြားဆရာဝန်ကို လွှဲပေးခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ အသားစ ယူခဲ့မယ်ဆိုရင်တော့ အဖြေရဖို့ ၃-၅ ရက်အထိ စောင့်ရနိုင်ပါတယ်။

ပုံမှန်

အသံအိုး မှာ ရောင်ရမ်းမှု၊ ကျဉ်းမြောင်းမှု၊ ပြင်ပ အရာဝတ္ထု ဝင်နေခြင်း မရှိပါဘူး။

အသံအိုးမှာ အမာရွတ်၊ အကျိတ်၊ အကြောသေခြင်းတွေ မရှိပါဘူး။

ပုံမှန်မဟုတ်

အသံအိုး မှာ ရောင်ရမ်းမှု၊ ကျဉ်းမြောင်းမှု၊ ပြင်ပ အရာဝတ္ထု ဝင်နေခြင်း ရှိပါတယ်။

အသံအိုးမှာ အမာရွတ်၊ အကျိတ်၊ အကြောသေခြင်းတွေ ရှိပါတယ်။

ပုံမှန်မဟုတ်တဲ့အဖြေတွေဟာ

• အသံအိုး နီရဲခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို ဖြစ်စေတဲ့ အစာအိမ်အက်ဆစ်ရည်များအထက်ကို ပြန်ဆန်သော ရောဂါ Acid reflux (GERD)

• လည်ချောင်း၊ အသံအိုးကင်ဆာ

• အသံကြော (ကြိုး) အကျိတ်ဖြစ်ခြင်း

• အသံအိုးပေါ်မှာ ကင်ဆာမဟုတ်သော အကျိတ်ဖြစ်ခြင်း

• လည်ချောင်းရောင်ခြင်း

• အသံအိုးမှ ကြွက်သား၊ တစ်ရှူး ပါးခြင်း (presbylaryngis) တွေကြောင့် ဖြစ်နိုင်ပါတယ်။

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Direct Laryngoscopy ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Direct Laryngoscopy နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement