သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းနှင့် အမေးအများဆုံးမေးခွန်းများ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

(မေး ၁။ သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းဆိုတာ ဘာလဲ။)

သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းဆိုတာ ကင်ဆာအဖြစ်သို့ ပြောင်းလဲနိုင်ခြေရှိသော သားအိမ်ခေါင်းမှာရှိတဲ့ဆဲလ်ပုံမမှန်မှုတွေကို စစ်ဆေးခြင်း(သို့) သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေများသော သားအိမ်ခေါင်းကင်ဆာပိုးအမျိုးအစားများကို စစ်ဆေးခြင်းဖြစ်ပါတယ်။

(မေး ၂။ သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းဆိုတာ ဘယ်လိုစစ်တာလဲ။)

သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းဟာ အလွန်မြန်ပြီး အလွန်ရိုးရှင်းပါတယ်။ သင့်အနေနဲ့ စမ်းသပ်မှုပြုလုပ်မယ့် ခုတင်ပေါ်မှာ လဲလျောင်းရပါမယ်။ သင့်မိန်းမကိုယ်ထဲကိုမြင်ရဖို့ ဘဲနှုတ်သီးပုံစံကိရိယာကို အသုံးပြုပါတယ်။ ဒါမှသာ သားအိမ်ခေါင်းကို ရှင်းလင်းစွာမြင်ရမှာဖြစ်ပါတယ်။ သားအိမ်ခေါင်းရှိဆဲလ်များကို ထိပ်တွင်အမွှေးပါသောအချောင်းအတံလေးတစ်ခုဖြင့်(သို့မဟုတ်)အခြားသော သင့်လျော်တဲ့ကိရိယာဖြင့် ထုတ်ယူပါတယ်။

ထို့နောက် သားအိမ်ခေါင်းရှိ ပုံမမှန်သောဆဲလ်များနဲ့ ကင်ဆာဖြစ်နိုင်ခြေများသော သားအိမ်ခေါင်းကင်ဆာပိုးများကို ဓာတ်ခွဲစစ်ဆေးနိုင်ရန် ဓာတ်ခွဲခန်းသို့ ပို့ပါတယ်။ သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုကို PAP test HPV နှင့် DNA test တို့ဖြင့် စစ်ဆေးပါတယ်။ စစ်ဆေးမှု (၂) မျိုးလုံးအတွက် သားအိမ်ခေါင်းမှအချွဲမြှေးကို ယူပြီး စစ်ဆေးပါတယ်။

  • Pap test လို့ခေါ်တဲ့ စစ်ဆေးမှုကတော့ သားအိမ်ခေါင်းမှာ ပုံမမှန်တဲ့ ဆဲလ်တွေ ရှိ၊မရှိ စစ်ဆေးပေးပါတယ်။
  • သားအိမ်ခေါင်းကင်ဆာပိုး(HPV)စစ်ဆေးမှုကတော့ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေအများဆုံးသော သားအိမ်ခေါင်းကင်ဆာပိုးအမျိုးအစားများကို စစ်ဆေးပေးပါတယ်။

(မေး ၃။ ဘယ်လိုသားအိမ်ကင်ဆာစစ်ဆေးမှုတွေ လုပ်သင့်လဲ။ ဘယ်နှကြိမ် လုပ်သင့်လဲ။)

ဒါကတော့ သင့်အသက်အရွယ်ပေါ်မူတည်ပါတယ်။ အသက် ၃၀နဲ့ ၆၅နှစ်ကြားအမျိုးသမီးများအနေနဲ့ Co-test (နှစ်မျိုးတွဲဖက်စစ်ဆေးခြင်း) ပြုလုပ်တာ ပိုကောင်းပါမယ်။

Co-test (နှစ်မျိုးတွဲဖက်စစ်ဆေးခြင်း) ဆိုတာက Pap test(သားအိမ်ခေါင်းမှာ ပုံမမှန်တဲ့ ဆဲလ်တွေ ရှိ၊မရှိ စစ်ဆေးခြင်း)နှင့် HPV DNA(သားအိမ်ခေါင်းကင်ဆာပိုး)စစ်ဆေးခြင်းကို ၃ နှစ်ကနေ ၅နှစ်လျှင်တစ်ကြိမ် စစ်ဆေးခြင်းဖြစ်ပါတယ်။ ဒါမှမဟုတ် Pap test(သားအိမ်ခေါင်းမှာ ပုံမမှန်တဲ့ ဆဲလ်တွေ ရှိ၊မရှိ စစ်ဆေးခြင်း)တစ်မျိုးတည်းကို ၃နှစ်လျှင် တစ်ကြိမ်ပြုလုပ်လည်းရပါတယ်။

(မေး ၄။ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းကို ဘယ်တော့ရပ်ရမလဲ။)

သင့်အနေနဲ့ အသက် ၆၅ နှစ်ကျော်တဲ့အခါမှာ ….ခုဆက်ပြောမယ့် အချက်လေးတွေရှိခဲ့မယ်ဆိုရင် ….သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုကို ရပ်နိုင်ပြီ ဖြစ်ပါတယ်။
ယခင်စစ်ဆေးမှုများတွင် သားအိမ်ခေါင်းဆဲလ်များ အတော်အသင့်ပုံမမှန်မှု(သို့)အလွန်အမင်း ပုံမမှန်မှုမရှိ (သို့မဟုတ်) လတ်တလော ပြီးခဲ့တဲ့ ၁၀နှစ်အတွင်းလည်း စစ်ဆေးမှုတွေ ပုံမှန်ပြုလုပ်ထားပြီး အဖြေတွေလည်း ပုံမှန်ဖြစ်တယ်ဆိုရင် အသက် ၆၅ နှစ်ကျော်တဲ့အခါ သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုကို ရပ်နိုင်ပြီ ဖြစ်ပါတယ်။

(မေး ၅။သားအိမ်ထုတ်ထားသူတွေမှာ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးဖို့လိုလား။)

အကယ်၍ သင့်ဆရာဝန်က သားအိမ်ထုတ်တုန်းက သားအိမ်ခေါင်းကိုပါ တစ်ခါတည်း ထုတ်လိုက်တာသေချာရင် …. နောက်ပြီး သားအိမ်နဲ့သားအိမ်ခေါင်းကို ထုတ်လိုက်တဲ့အချိန်တုန်းက သားအိမ်ခေါင်းမှာ ဘာပြသနာမှ မရှိဘူးဆိုရင် ….သားအိမ်ခေါင်းကင်ဆာစစ်ဆေးဖို့ မလိုတော့ပါဘူး။

(မေး ၆။ သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုအဖြေ ပုံမမှန်ဘူးဆိုရင် ဘာတွေဖြစ်နိုင်လဲ။)

အမျိုးသမီးများစွာတွင် သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုအဖြေ ပုံမမှန်တာမျိုး အဖြေထွက်နိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုအဖြေပုံမမှန်ဘူးဆိုတာနဲ့ ကင်ဆာဖြစ်နေပြီလို့ တန်းပြောလို့မရပါဘူး။

သင်သိထားရမှာက သားအိမ်ခေါင်းဆဲလ်ပုံမမှန်ပြောင်းလဲမှုတွေက သူ့ဘာသာသူ အလိုအလျောက် ပုံမှန်အခြေအနေပြန်ရောက်ပြီး ပြန်ကောင်းသွားနိုင်ပါတယ်။
အကယ်၍ သားအိမ်ခေါင်းဆဲလ်ပုံမမှန်ပြောင်းလဲမှုတွေက ပုံမှန်ပြန်မဖြစ်ဘူးဆိုရင်တောင် ကင်ဆာဖြစ်လောက်တဲ့ထိ အလွန်အမင်းဆိုးရွားသောပုံမမှန်ပြောင်းလဲမှုတွေဖြစ်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူရပါတယ်။

ဒါကြောင့် သင့်စစ်ဆေးမှုအဖြေမှာ ပုံမမှန်မှုတွေ့ရှိပါက ဆရာဝန်နဲ့ ပြသဖို့လိုအပ်ပါတယ်။ သိရဖို့ နောက်ထပ်စစ်ဆေးမှုတွေ ထပ်လို့ဖို့လိုကောင်းလိုအပ်ပါလိမ့်မယ်။

ဥပမာ ပုံမမှန်ပြောင်းလဲမှုတွေ ဘယ်လောက်ထိ ဆိုးရွားနေပြီလဲဆိုတာ သိရဖို့ Colposcopy(သားအိမ်ခေါင်းကို မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း) ပြုလုပ်ရန် လိုအပ်နိုင်ပါတယ်။

(မေး ၇။သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုအဖြေတွေက ဘယ်လောက်တိကျလဲ။)

အခြားသောစစ်ဆေးမှုများနည်းတူ သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုသည်လည်းပဲ အမြဲတမ်းတော့ မတိကျပါဘူး။ အဖြေမှားထွက်ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်နိုင်ဖို့အတွက်  သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုမပြုလုပ်မီ (၂)ရက်အလိုကတည်းက

လိင်ဆက်ဆံခြင်း
မိန်းမကိုယ်အထဲအထိ နှိုက်ဆေးခြင်း
-မိန်းမကိုယ်ထဲ ဆေးတောင့်ထည့်ခြင်း
မိန်းမကိုယ်သန့်စင်ရည် ထည့်ဆေးခြင်း ….စတာတွေ ရှောင်ထားရပါမယ်။
နောက်ပြီး….ရာသီလာနေစဉ် သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းကို ရှောင်ကြဉ်ရပါမယ်။

Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဇန်နဝါရီ 1, 2020 | နောက်ဆုံးတည်းဖြတ်ခြင်း ဇန်နဝါရီ 9, 2020

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။