Alzheimer’s Disease (အယ်လ်ဇိုင်းမားရောဂါ(စိတ်ချို့ယွင်းမှု ရောဂါတစ်မျိုး))

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Alzheimer’s Disease (အယ်လ်ဇိုင်းမားရောဂါ(စိတ်ချို့ယွင်းမှု ရောဂါတစ်မျိုး)) ကဘာလဲ။

အယ်လ်ဇိုင်းမားရောဂါ ဆိုတာက တဖြည်းဖြည်းချင်းဆိုးလာသောရောဂါတစ်မျိုးပါ။ မှတ်ဉာဏ်နှင့် အခြားစိတ်ပိုင်းဆိုင်ရာအရ အရေးပါတဲ့လုပ်ဆောင်ချက်များကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ခေါင်းရှုပ်ထွေးခြင်း မှတ်မိရန်ခက်ခြင်းဖြင့် ရောဂါလက္ခဏာတွေစပြတတ်ပါတယ်။။ တဖြည်းဖြည်းနှင့် ဘဝ၏ အရေးကြီးပုဂ္ဂိုလ်များကိုပါမေ့ခြင်းနှင့် ပြုမူနေထိုင်မှုပုံစံပြောင်းလဲခြင်းတို့ဖြစ်သွားတတ်ပါတယ်။

အယ်လ်ဇိုင်းမားရောဂါသည် စိတ်ကစဉ့်ကလျားရောဂါ( ဦးနှောက်ချို့ယွင်းမှုကြောင့် မှတ်ဉာဏ်နှင့် ဆက်ဆံရေးပျက်စီးသွားသောရောဂါ) ဖြစ်စေသော အဖြစ်များဆုံးအကြောင်းအရင်းတစ်ခုဖြစ်သည်။ အယ်လ်ဇိုင်းမားရောဂါ တွင် ဦးနှောက်ရှိဆဲလ်များသေဆုံးပြီး မှတ်ဉာဏ်နှင့် စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များပျက်ယွင်းစေတာမျိုးခံစားရနိုင်ပါတယ်။

အယ်လ်ဇိုင်းမား၏ လက်ရှိကုသမှုများသည် ရောဂါလက္ခဏာများကို ယာယီသာသက်သာစေပါလိမ့်မယ်။ အချို့လူနာတွေမှာတော့ လုပ်ငန်းဆောင်တာများကို အချိန်ကြာကြာပိုလုပ်နိုင်အောင် ကူညီပေးပါတာမျိုးရှိနိုင်ပါတယ်။။ ဒါပေမယ့် အယ်လ်ဇိုင်းမားရောဂါကို ပျောက်ကင်းအောင်ကုသနိုင်သောကုထုံးမရှိသည့်အတွက်ကြောင့် လူမှုအဖွဲ့အစည်းများနှင့် ဆက်သွယ်၍ အကူအညီ အထောက်အပံ့များကို အမြန်ဆုံးရယူသင့်ပါတယ်။

Alzheimer’s Disease (အယ်လ်ဇိုင်းမားရောဂါ(စိတ်ချို့ယွင်းမှု ရောဂါတစ်မျိုး)) က ဘယ်လောက်အဖြစ်များသလဲ

အယ်လ်ဇိုင်းမားရောဂါသည် အလွန်အဖြစ်များသော ရောဂါတစ်မျိုးပါ။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းနည်းလမ်းဖြင့်တော့ ရောဂါမဖြစ်အောင် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Alzheimer’s Disease (အယ်လ်ဇိုင်းမားရောဂါ(စိတ်ချို့ယွင်းမှု ရောဂါတစ်မျိုး)) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါစဖြစ်ခါစတွင်သတိမေ့လျော့ခြင်း သို့မဟုတ် အနည်းငယ်စိတ်ရှုပ်ထွေးခြင်းကိုသာ ခံစားရပါနိုင်ပါတယ်။ အချိန်ကြာလာသည်နှင့်အမျှ ရောဂါသည် သင်၏မှတ်ဉာဏ် အထူးသဖြင့် လတ်တလောမှတ်ဉာဏ်များကို ဖျက်ဆီးပစ်လိမ့်မည်။ ရောဂါအဆင့်တက်သည့်နှုန်းသည် တစ်ဦးနှင့် တစ်ဦး မတူညီကြပါ။ အယ်လ်ဇိုင်းမားရောဂါကြောင့် ဦးနောက်တွင်း ပြောင်းလဲမှုများဖြစ်ပေါ်လာရာမှ အောက်ပါအကျိုးဆက်များ ခံစားရနိုင်ပါတယ်။

မှတ်ဉာဏ်

လူတိုင်း တစ်ခါတစ်ရံ မေ့လျော့တတ်ကြပါတယ်။ ဒါပေမယ့် အယ်လ်ဇိုင်းမားရောဂါကြောင့်ပျောက်ဆုံးသွားတဲ့ မှတ်ဉာဏ်သည် ပြန်မရနိုင်တော့ဘဲ ပိုပြီးဆိုးရွားလာပြီး အိမ်နှင့်လုပ်ငန်းခွင်တွင်မိမိ၏ စွမ်းဆောင်ရည်ကို ထိခိုက်လာနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ဝေဒနာရှင်တွေဟာ ကိုယ်ပြောပြီးသောစကား၊ မေးခွန်းများကို မမှတ်မိဘဲ ထပ်ခါထပ်ခါပြောနေမိခြင်း၊ ချိန်းဆိုထားခြင်းများ၊ တက်ရောက်ရမည့် အခမ်းအနားတို့ကို မေ့လျော့ခြင်း၊ ပစ္စည်းအထားအသိုများ အမြဲလိုလိုမှားယွင်းလာခြင်း၊ မိမိနှင့် အကျွမ်းတဝင်ဖြစ်သောနေရာများကို မမှတ်မိခြင်းနှင့် လမ်းပျောက်ခြင်း၊ တဖြည်းဖြည်း မိသားစုဝင်များ၏နာမည်များနှင့် နေ့စဉ်အသုံးပြုသော ပစ္စည်းများ၏အမည်များ မေ့လျော့လာခြင်း၊ အရာဝတ္ထုများ၊ ခံစားချက်များကို မှန်ကန်သောစာလုံးတွေနဲ့ ဖော်ပြရန်ခက်ခဲလာသည့်အတွက် စကားပြောဆိုရာတွင် အဆင်မပြေဖြစ်လာခြင်းတို့ကို ခံစားရနိုင်ပါတယ်။

တွေးခေါ်ခြင်း၊ ကျိုးကြောင်းဆက်စပ်ခြင်း

အယ်လ်ဇိုင်းမားရောဂါခံစားရတဲ့အခါ ကိန်းဂဏန်းတွက်ချက်ခြင်းကဲ့သို့ အာရုံစိုက်ရသောအလုပ်များနှင့် စဉ်းစားတွေးခေါ်ရသော အလုပ်များကို လုပ်ကိုင်ရခက်ခဲလာနိုင်ပါတယ်။ ယခင်က အလုပ်၄၊၅ခုကို တပြိုင်တည်းလုပ်နိုင်သော်လည်း ယခုအခါမလုပ်နိင်တော့ပေ။ ငွေကြေးတွက်ချက်ခြင်း၊ ငွေကြေးစီမံခန့်ခွဲခြင်းနှင့် ကုန်ကျစရိတ်များကို အချိန်မီပေးချေရန်လည်း ခက်ခဲလာနိုင်ပါတယ်။ ဒါတင်မကဘဲ ကိန်းဂဏန်းများကို မကိုင်တွယ်နိုင်ခြင်း၊ မေ့လျော့သွားခြင်းအထိ ဆိုးရွားနိုင်ပါသေးတယ်။

ဆင်ခြင်သုံးသပ်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်း

မီးဖိုပေါ်တည်ထားသော ဟင်းအိုးတူးသွားတာမျိုး၊ ကားမောင်းနေရင်း အန္တရာယ်ရှိနိုင်တဲ့ အခြေအနေကြုံရခြင်းလိုမျိုး နေ့စဉ်ကြုံတွေ့နိုင်ရတဲ့ ပြဿနာကို ထိရောက်စွာဖြေရှင်းဖို့ ခက်ခဲလာတာမျိုးဖြစ်လာနိုင်ပါတယ်။

လုပ်နေကျအလုပ်များကို စီစဉ်ခြင်းနှင့် လုပ်ဆောင်ခြင်း

ဟင်းချက်ခြင်း၊ နှစ်သက်ရာဂိမ်းကစားခြင်းကဲ့သို့သော ယခင်က သူ့အလိုလို အလွယ်တကူလုပ်ဆောင်နေကျအလုပ်များသည် ရောဂါဆိုးလာလေလေ၊ လုပ်ကိုင်ရပိုခက်လာလေလေ ဖြစ်လာပါမယ်။ ရောဂါရဲ့ အဆိုးဆုံးအခြေအနေကိုရောက်သွားပြီဆိုရင်တော့ ဝေဒနာရှင်များသည် နေ့စဉ်လုပ်နေကျ အဝတ်လဲခြင်း၊ ရေချိုးခြင်းကဲ့သို့သော အလုပ်များကိုပင် ဘယ်လိုလုပ်ရမယ်ကို မေ့လျော့သွားလိမ့်မယ်။

ပင်ကိုဗီဇနှင့် အမူအကျင့်များပြောင်းလဲခြင်း

အယ်လ်ဇိုင်းမားရောဂါကြောင့် ဦးနှောက်အတွင်းပြောင်းလဲမှုများဖြစ်လာသောအခါ ဝေဒနာရှင်၏ စိတ်ခံစားချက်နှင့် ပြုမူပုံများကိုလည်း ပြောင်းလဲစေပါလိမ့်မယ်။ အယ်လ်ဇိုင်းမားရောဂါရှင်များသည် စိတ်ဓါတ်ကျခြင်း၊ နုံးချိခြင်း၊ အခြားသူများနှင့် မဆက်ဆံလိုခြင်း၊ စိတ်ဓါတ် အတက်အကျများခြင်း၊ သူတစ်ပါးကို မယုံကြည်ခြင်း၊ စိတ်တို စိတ်ဆတ်လွယ်ခြင်း၊ အိပ်ချိန်ပြောင်းလဲခြင်း၊ တွေဝေခြင်း၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှုမရှိခြင်းနှင့် ထင်ယောင်ထင်မှားဖြစ်ခြင်း (ဥပမာ။ တစ်စုံတစ်ခု အခိုးခံရသည်ဟု ထင်ခြင်း) တို့ကိုခံစားရနိုင်ပါသည်။

အရေးကြီးသောစွမ်းရည်တော်တော်များများသည် ရောဂါနှောင်းပိုင်းအခြေအနေအထိ ကျန်ရှိနေနိုင်သေးသည်။ ၎င်းစွမ်းရည်တို့တွင် စာဖတ်ခြင်း၊ ကခုန်ခြင်း၊ သီချင်းဆိုခြင်း၊သီချင်းကြီးများနားထောင်ခြင်း၊ လက်မှုအနုပညာနှင့် ဝါသနာပါရာများကို လုပ်ကိုင်နိုင်ခြင်း၊ ပုံပြင်ပြောခြင်းနှင့် အမှတ်တရဖြစ်ရပ်များကို ပြန်ပြောင်းအောက်မေ့ခြင်းတို့ ပါဝင် ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Alzheimer’s Disease (အယ်လ်ဇိုင်းမားရောဂါ(စိတ်ချို့ယွင်းမှု ရောဂါတစ်မျိုး)) ကိုဘာတွေကဖြစ်စေသလဲ

သိပ္ပံပညာရှင်များက အယ်လ်ဇိုင်းမားရောဂါ အများစုသည် မျိုးရိုးဗီဇ၊ နေထိုင်စားသောက်မှုပုံစံနှင့် နေထိုင်ရာပတ်ဝန်းကျင်တို့က ဦးနှောက်အပေါ် သက်ရောက်မှုကြာမြင့်လာရာမှဖြစ်ပေါ်လာသောရောဂါဟု ယုံကြည်ထားကြပါတယ်။ အယ်လ်ဇိုင်းမားရောဂါဖြစ်စေရန် တိကျသေချာသော မျိုးရိုးဗီဇပြောင်းလဲမှုမှဖြစ်လာသည့်ဝေဒနာရှင်သည် ၅ရာခိုင်နှုန်းခန့်သာရှိပါတယ်။

အယ်လ်ဇိုင်းမားရောဂါကို ဖြစ်စေသော အကြောင်းရင်းများအားလုံးကို မသိရှိရသေးသော်လည်း ၎င်းရောဂါ၏ ဦးနှောက်အပေါ် သက်ရောက်မှုများကိုမူ သိရှိနိုင်ပါပြီ။ အယ်လ်ဇိုင်းမားရောဂါသည် ဦးနှောက်ဆဲလ်များကို ဖျက်ဆီးပြီး သေစေနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါကြောင့် ပျက်စီးသွားသော ဦးနှောက်သည် ကျန်းမာသော ဦးနှောက်နှင့် နှိုင်းယှဉ်လျှင် ဆဲလ်အရေအတွက်ပိုနည်းပြီး ထိုဆဲလ်များကြားရှိ ဆက်သွယ်သောလမ်းကြောင်းများလည်း အလွန်နည်းပါးနေသည်ကို တွေ့ရပါမယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Alzheimer’s Disease (အယ်လ်ဇိုင်းမားရောဂါ(စိတ်ချို့ယွင်းမှု ရောဂါတစ်မျိုး)) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ခြေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက်အရွယ်- အသက်အရွယ်ကြီးခြင်းသည် အဖြစ်များဆုံးသောအကြောင်းရင်းပါ။ အသက်ကြီးတိုင်းဖြစ်ပွားသောရောဂါမဟုတ်ပေမယ့်လည်း အသက်၆၅နှစ်ကျော်လျှင် ရောဂါဖြစ်နိုင်ခြေများလာပါတယ်။ အယ်လ်ဇိုင်းမားရောဂါ စောလျင်စွာဖြစ်စေသော ရှားပါးမျိုးရိုးဗီဇပြောင်းလဲမှုများရှိလျှင်မူ အသက်၃၀တွင်ပင် ရောဂါဖြစ်နိုင်ခြေရှိနေပါတယ်။
  • မိသားစုရာဇဝင်နှင့် မျိုးရိုးဗီဇ- မိဘ သို့မဟုတ် မောင်နှမသားချင်းများတွင် ရောဂါဖြစ်ပွားသူရှိလျှင် မိမိ၌ရောဂါဖြစ်နိုင်ခြေပိုများနိုင်ပါတယ်။ မျိုးရိုးကြောင့် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားရသည့်အကြောင်းကို ရှင်းလင်းစွာ မသိရသေးပါ။
  • ဉာဏ်ရည်နိမ့်ကျသော ရောဂါလက္ခဏာစု (ဒေါင်းရောဂါလက္ခဏာစု)- ထိုရောဂါလက္ခဏာစုဖြစ်ပွားသောလူများတွင် အယ်လ်ဇိုင်းမားရောဂါသည် ၁၀နှစ်မှ အနှစ်၂၀အထိစော၍ ဖြစ်ပွားတတ်ပါတယ်။
  • ကျား၊ မကွဲပြားမှု- ဤရောဂါသည် အမျိုးသမီးများတွင် ပိုအဖြစ်များကြောင်းတွေ့ရသည်။ အကြောင်းရင်း တစ်ချက်မှာ အမျိုးသမီးများသည် အမျိုးသားများထက် သက်တမ်းပိုရှည်တာကြောင့်ပါ။
  • သိရှိချိတ်ဆက်နားလည်မှု အနည်းငယ်ချို့ယွင်းနေခြင်း- ထိုကဲ့သို့ချို့ယွင်းချက်ရှိသောသူများတွင် အသက်အရွယ်နှင့်စာလျှင် မှတ်ဉာဏ်ပြဿနာနှင့် သိမှုဆိုင်ရာပြဿနာများ ပိုမိုဆိုးရွားနေနိုင်သည်။ သို့သော် ဦးနှောက်ချို့ယွင်းမှုကြောင့် မှတ်ဉာဏ်နှင့် ဆက်ဆံရေးပျက်စီးသွားသောရောဂါကဲ့သို့ မဆိုးရွားပါ။
  • ခေါင်းတွင် ထိခိုက်ဒဏ်ရာရဖူးသူ- ထိုသူတွေမှာ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေပိုများနေတတ်ပါတယ်။
  • နေထိုင်စားသောက်မှုပုံစံနှင့် နလုံးကျန်းမာရေး- အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနှုန်းကို ကျစေသည့် သေချာသော နေထိုင်စားသောက်မှုပုံစံမရှိပါ။ သို့သော် နှလုံးရောဂါကိုဖြစ်စေသောအကြောင်းရင်းများရှိလျှင် အယ်လ်ဇိုင်းမားရောဂါဖြစ်နှုန်းကိုလည်းတက်စေကြောင်း တွေ့ရှိထားပါသည်။ ၎င်းတို့တွင် ကိုယ်လက်လှုပ်ရှားမှုမရှခြင်း၊ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း သို့မဟုတ် ဆေးလိပ်ငွေ့ကို တစ်ဆင့်ရှူမိခြင်း၊ သွေးတိုးခြင်း၊ သွေးတွင်းအဆီတက်ခြင်း၊ ကောင်းစွာမထိန်းနိုင်သော အမျိုးအစား၂ဆီးချိုရောဂါဖြစ်နေခြင်း နှင့် အသီးအနှံ၊ ဟင်းသီးဟင်းရွက်များကို မစားသုံးခြင်း တို့ပါဝင်ပါတယ်။
  • ဘဝတစ်လျှောက် သင်ယူလေ့လာခြင်းနှင့် ပေါင်းသင်းဆက်ဆံရေး- စိတ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ လှုပ်ရှားမှုများတွင် ဘဝတစ်လျှောက် တက်ကြွစွာလုပ်ဆောင်သူများသည် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနှုန်းနည်းကြောင်းလေ့လာတွေ့ရှိထားပါတယ်။ အထက်တန်းပညာအောက်နိမ့်သော ပညာအရည်အချင်းရှိသူများတွင် ရောဂါဖြစ်နှုန်းများကြောင်း တွေ့ရှိရပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Alzheimer’s Disease (အယ်လ်ဇိုင်းမားရောဂါ(စိတ်ချို့ယွင်းမှု ရောဂါတစ်မျိုး)) ကို ဘယ်လိုအတည်ပြုပါသလဲ

အယ်လ်ဇိုင်းမားရောဂါကို အတည်ပြုရှာဖွေနိုင်သော စမ်းသပ်စစ်ဆေးမှု မရှိသေးပါ။ သင်၏ဆရာဝန်က သင်ပြောပြသော လက္ခဏာများနှင့် အယ်လ်ဇိုင်းမားရောဂါကို ပိုမိုသေချာစေသော စစ်ဆေးမှုများပြုလုပ်၍သာရောဂါရှိ၊မရှိကို ဆုံးဖြတ်ပါမယ်။ ရောဂါ၏ တိကျသေချာသော စစ်ဆေးချက်ကို လူနာသေဆုံးပြီးအခါမှသာ ဦးနှောက်ကို အဏုကြည့်မှန်ပြောင်းဖြင့်ကြည့်ရှုပြီးသိနိုင်ပါလိမ့်မယ်။

ယခုအခါတွင်အယ်လ်ဇိုင်းမားရောဂါနှင့် အခြားမှတ်ဉာဏ်ချို့ယွင်းစေသောရောဂါများကိုခွဲခြားရန် အောက်ပါ စစ်ဆေးမှုများကို ဆရာဝန်များအသုံးပြုလာကြပါတယ်။

  • ရုပ်ပိုင်းဆိုင်ရာနှင့် အာရုံကြောဆိုင်ရာများကို စမ်းသပ်ခြင်း- ၎င်းတို့ကို စမ်းသပ်ရန် ဆရာဝန်က သင်၏ တုံ့ပြန်မှုစွမ်းရည်၊ ကြွက်သားတောင့်တင်းမှုနှင့် သန်မာမှု၊ ထိုင်ခုံမှထနိုင်ခြင်းနှင့် အခန်းတွင်း လမ်းလျှောက်နိုင်မှု၊ အမြင်အာရုံနှင့် အကြားအာရုံ၊ ထိတွေ့မှုကိုအချိတ်အဆက်မိနိုင်ခြင်း၊ ဟန်ချက်ညီအောင်ထိန်းနိုင်ခြင်းတို့ကို စမ်းသပ်စစ်ဆေးပါလိမ့်မယ်။
  • ဓါတ်ခွဲစမ်းသပ်မှုများ- ထိုစမ်းသပ်မှုများသည် သိုင်းရွိုက်အကျိတ်ရောဂါနှင့် ဗီတာမင်ချို့ယွင်းခြင်းကဲ့သို့သော မှတ်ဉာဏ်ချို့ယွင်းစေသော အခြားအကြောင်းရင်းများကို ဖယ်ရှားနိုင်စေပါတယ်။
  • စိတ်အခြေအနေနှင့် အာရုံကြောကြောင့်စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုကို စစ်ဆေးခြင်း- သင်၏ဆရာဝန်က သင်၏မှတ်ဉာဏ်နှင့် တွေးခေါ်မှုပိုင်းဆိုင်ရာစွမ်းရည်တို့ကို စစ်ဆေးပါလိမ့်မယ်။ ပိုမိုတိကျသောစစ်ဆေးစမ်းသပ်မှုများကို ထပ်မံပြုလုပ်နိုင်ပါတယ်။ ပိုမိုကြာရှည်သောစစ်ဆေးမှုများကိုပြုလုပ်ခြင်းအားဖြင့် မိမိနှင့်အသက်အရွယ်တူ၊ ပညာအဆင့်အတန်းတူများနှင့်ယှဉ်လျှင် မိမိ၏ စိတ်ပိုင်းဆိုင်ရာစွမ်းရည်ကို ပိုမိုတိကျစွာသိနိုင်ပါမယ်။
  • ဦးနှောက်ကိုပုံရိပ်ဖမ်းခြင်း- ဦးနှောက်ပုံရိပ်များကိုလေဖြတ်ခြင်း၊ ဒဏ်ရာရခြင်းနှင့် ကင်ဆာအကျိတ်ကဲ့သို့ အယ်လ်ဇိုင်းမားရောဂါမဟုတ်သောရောဂါများ၏ မြင်ရသောပုံမှန်မဟုတ်သောလက္ခဏာများကိုရှာဖွေရာမှာ သုံးပါတယ်။ ယခုအခါ ဆေးရုံအများစုတွင် အသုံးပြုနေသောဦးနှောက်ပုံရိပ်ဖမ်းစက်အသစ်များသည် အယ်လ်ဇိုင်းမားရောဂါကြောင့်ဖြစ်သောဦးနှောက်တွင်းပြောင်းလဲမှုများကိုရှာပေးလာနိုင်ကြပါပြီ။ ဦးနှောက်ပုံရိပ်ဖမ်းစက်များမှာသံလိုက်စက်ကွင်းဖြင့် ပုံရိပ်ဖမ်းစက်၊ ကွန်ပျူတာစက်ဖြင့် ပုံရိပ်ဖမ်းစက်၊ အက်တန်မှုန်များထုတ်လွှတ်၍ ပုံရိပ်ဖမ်းစက် တို့ပဲဖြစ်ပါတယ်။

Alzheimer’s Disease (အယ်လ်ဇိုင်းမားရောဂါ(စိတ်ချို့ယွင်းမှု ရောဂါတစ်မျိုး)) ကို ဘယ်လိုကုသပါသလဲ

လတ်တလောအသုံးပြုနေသောကုထုံးများသည် မှတ်ဉာဏ်ဆိုင်ရာနှင့် ထိသိမှုဆိုင်ရာလက္ခဏာများကိုအချိန်အတိုင်းအတာတစ်ခုထိသက်သာစေပါတယ်။ လတ်တလောအသုံးပြုနေသောဆေး နှစ်မျိုးရှိတယ်။

(၁) Cholinesterase အင်ဇိုင်းကိုတားသောဆေး- ဒီဆေးသည် အယ်လ်ဇိုင်းမားရောဂါက ဖျက်ဆီးလိုက်သော acetylcholine လို့ခေါ်တဲ့ ဆက်သွယ်ရေးပစ္စည်းကိုများစေပြီးဆဲလ်အချင်းချင်းဆက်သွယ်ရေးကိုကောင်းမွန်အောင်လုပ်ဆောင်ပေးပါတယ်။ ဒီဆေးက အသင့်အတင့် တိုးတက်မှုကိုရစေသည်။ ဒါတင်မကပါဘူး၊ ဒီဆေးက စိတ်ဓါတ်ကျခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်းတို့ကိုလည်းသက်သာစေနိုင်ပါတယ်။ အသုံးများသောဆေးများမှာdonepezil (Aricept), galantamine (Razadyne) and rivastigmine (Exelon)တို့ဖြစ်ကြပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ ဝမ်းလျှောခြင်း၊ ပျို့ခြင်း၊ အစားအသောက်ပျက်ခြင်းနှင့် အအိပ်ပျက်ခြင်းတို့ ခံစားရနိုင်ပါတယ်။ နှလုံးရောဂါအခံရှိသူတွေမှာတော့ နှလုံးခုန်နှုန်းနှေးခြင်း၊ နှလုံးခုန်ရပ်ခြင်းတို့ ဖြစ်နိုင်တယ်။

(၂) Memantine (Namenda)- ဒိဆေးသည် အခြားကွန်ရက်တွင် သက်ရောက်ပြီးအသင့်အတင့်နှင့် ဆိုးရွားသောအခြေအနေရှိသောအယ်လ်ဇိုင်းမားရောဂါရဲ့ လက္ခဏာတွေကိုသက်သာစေနိုင်ပါတယ်။ ဒီဆေးကိုcholinesterase inhibitorနှင့်တွဲသုံးလေ့ရှိပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ ဝမ်းချုပ်ခြင်း၊ မူးဝေခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

စိတ်ကျရောဂါအတွက်ဆေးကဲ့သို့သောအခြားဆေးများကိုလည်းအယ်လ်ဇိုင်းမားရောဂါကြောင့်ဖြစ်သောအပြုအမူပြောင်းလဲမှုများကိုကုသရာမှာ သုံးကြပါတယ်။ zolpidem (Ambien), eszopiclone (Lunesta)ကဲ့သို့ အိပ်ဆေးများသည် စိတ်ရှုပ်ထွေးခြင်းနှင့် သတိလစ်ခြင်းတို့ကိုပိုဆိုးစေနိုင်သောကြောင့် သတိထားပြီးသုံးရပါမယ်။ clonazepam (Klonopin) and lorazepam (Ativan)ကဲ့သို့ စိတ်ငြိမ်ဆေးများသည်လည်းစိတ်ရှုပ်ထွေးခြင်း၊ ခေါင်းမူးခြင်းနှင့် သတိလစ်ခြင်းတို့ကိုပိုဆိုးစေနိုင်သောကြောင့် သတိထား သုံးဖို့လိုပါမယ်။ ဆေးဝါးအသစ်များကိုမသုံးစွဲခင် ဆရာဝန်နဲ့ တိုင်ပင်တာကတော့ အကောင်းဆုံးပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအယ်လ်ဇိုင်းမားရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့်အယ်လ်ဇိုင်းမားရောဂါကိုကုသတဲ့နေရာမှာအကူအညီပေးနိုင်ပါတယ်။

  • လုံခြုံပြီး အထောက်အကူဖြစ်သောပတ်ဝန်းကျင်ကိုဖန်တီးခြင်း ။ သော့၊ ပိုက်ဆံအိတ်၊ လက်ကိုင်ဖုန်းနှင့် အခြားတန်ဖိုးရှိသောပစ္စည်းများကိုတစ်နေရာတည်းတွင် သိမ်းဆည်းခြင်းဖြင့် မပျောက်အောင် ထိန်းသိမ်းပါ။ ဆေးကိုတစ်နေ့တစ်ကြိမ်သာသောက်ရသောသောက်နည်းသို့ ပြောင်းနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ကြည့်ပါ။ ငွေပေးချေရာတွင် အလိုအလျောက်ငွေချေသောစနစ်၊ ကြွေးဝယ်ကဒ်စသည်တို့ကိုသုံးပါ။ တည်နေရာပြစနစ်ထည့်သွင်းထားသောလက်ကိုင်ဖုန်းကိုသုံးပါ။ သို့မှသာသင်လမ်းပျောက်သွားသောအခါ အခြားသူများကသင့်ကိုလက်ကိုင်ဖုန်းမှတစ်ဆင့် ခြေရာခံနိုင်ပေလိမ့်မည်။ ပြုလုပ်နေကျ ချိန်းဆိုမှုများကိုရက်တစ်မျိုးတည်း၊ အချိန်တစ်မျိုးတည်းဖြစ်အောင် စီစဉ်ပါ။ နေ့စဉ်လုပ်ရမည့် လုပ်ငန်းဆောင်တာများကို ပြက္ခဒိန်၊ သင်ပုန်းတို့တွင် ချရေးထားပါ။ လုပ်ပြီးသောကိစ္စများကိုအမှတ်အသားပြုလုပ်ပါ။ ပိုနေသောပရိဘောဂများ၊ အမှိုက်များ၊ ကော်ဇောများကိုလွှင့်ပစ်ပါ။ လှေကားနှင့် ရေချိုးခန်းတို့တွင် ခိုင်ခံ့သောလက်ကိုင်တန်းများတပ်ဆင်ပါ။ ဖိနပ်များသည် သက်တောင့်သက်သာရှိ၍ ခိုင်ခံ့ပါစေ။ မှန်တွေ အများကြီးမရှိပါစေနှင့်၊ အဘယ်ကြောင့်ဆိုသော် အယ်လ်ဇိုင်းမားရောဂါရှင်များသည် မှန်တွင်မြင်ရသောပုံရိပ်ကိုကြောက်ကြသောကြောင့်ဖြစ်သည်။ ဓါတ်ပုံများနှင့် အခြားအမှတ်တရပစ္စည်းများကိုအိမ်တွင်ထားရှိပေးပါ။
  • လေ့ကျင့်ခန်း ။ အယ်လ်ဇိုင်းမားရောဂါရှင်များသည်လည်းသာမန်လူများကဲ့သို့ပင် လေ့ကျင့်ခန်းလုပ်သင့်သည်။ နေ့စဉ်လမ်းလျှောက်ခြင်းကဲ့သို့သောကိုယ်လက်လှုပ်ရှားမှုမျိုးသည် စိတ်ခံစားချက်ကိုလည်းကောင်းစေပြီး ကြွက်သားများ၊ အဆစ်များနှင့် နှလုံးကိုလည်းကျန်းမာစေသည်။ ကောင်းမွန်စွာအိပ်စက်စေပြီးဝမ်းချုပ်ခြင်းကိုလည်းသက်သာစေသည်။ အကယ်၍ အယ်လ်ဇိုင်းမားရောဂါရှင်သည် အဖော်မပါဘဲလမ်းလျှောက်ထွက်မည်ဆိုလျှင် နာမည်ကဒ်ပြားသို့မဟုတ် အချက်ပေးလက်ပတ်ပါရမည်။ လမ်းမလျှောက်နိုင်သောဝေဒနာရှင်များသည်လည်းစက်ဘီးစက်နင်းခြင်း၊ ထိုင်၍လုပ်ရသောလေ့ကျင့်ခန်းစသည်တို့ကိုလုပ်နိုင်သည်။ လေ့ကျင့်ခန်းပြုလုပ်သောအစီအစဉ်များကိုတီဗွီ၊ စီဒီတို့ဖြင့် လေ့လာနိုင်သည်။
  • အစာအာဟာရ ။ အယ်လ်ဇိုင်းမားရောဂါရှင်များသည် အစာစားဖို့မေ့ခြင်း၊ ပြင်ဆင်စားသောက်လိုစိတ်မရှိခြင်း၊ ကျန်းမာရေးနှင့် ကိုက်ညီသောအစားအသောက်များကိုမစားဖြစ်ခြင်းတို့ ဖြစ်နိုင်သည်။ ရေသောက်ဖို့လည်းမေ့သည့်အတွက်ကြောင့် ရေဓါတ်ခမ်းခြောက်ခြင်းနှင့် ဝမ်းချုပ်ခြင်းတို့ ဖြစ်နိုင်သည်။ ကယ်လိုရီများသည့် ကျန်းမာရေးနှင့် ကိုက်ညီသောဖျော်ရည်များကိုသောက်သုံးပါ။ ဖြည့်စွက်စာ နို့မှုန်နှင့် ပရိုတင်းမှုန့်များကိုသောက်သုံးနိုင်သည်။ (ဆေးဆိုင်၊ စတိုးဆိုင်များတွင် ဝယ်ယူနိုင်သည်။) သို့မဟုတ် မိမိကြိုက်နှစ်သက်ရာပါဝင်ပစ္စည်းများကို ကြိတ်ခြေပြီးဖျော်ရည်လုပ်သောက်လို့ရပါတယ်။ ရေ၊ ဖျော်ရည်၊ အခြားကျန်းမာရေးနှင့် ကိုက်ညီသောအရည်များကိုသောက်သုံးနိုင်တယ်။ အယ်လ်ဇိုင်းမားရောဂါရှင်များသည် နေ့စဉ် ရေနှင့် အရည်များကိုဖန်ခွက်အပြည့်ဖြင့် မကြာခဏသောက်ပေးသင့်ပါတယ်။ ကဖင်းဓါတ်ပါသောအရည်များကိုရှောင်သင့်ပါတယ်။ အကြောင်းကတော့ ကဖင်းဓါတ်သည် စိတ်လှုပ်ရှားခြင်း၊ အိပ်စက်ခြင်းတို့ကိုထိခိုက်စေပြီးဆီးသွားရသည့် အကြိမ်ရေလည်းများစေနိုင်တာကြောင့်ပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 2, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇွန် 15, 2018

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။