backup og meta

အိမ်သာတက်ရင်း ဖုန်းသုံးတဲ့သူတွေ လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများ

အိမ်သာတက်ရင်း ဖုန်းသုံးတဲ့သူတွေ လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများ

ခဏလေးပါပဲ ဆိုပြီး အိမ်သာသွားတက်ရာကနေ ဖုန်းပွတ်တာ ကြာလို့ကြာမှန်းမသိ ဖြစ်သွားတာမျိုး ကြုံဖူးကြမှာပါ။ ဒီလိုမျိုးလုပ်တာ တစ်ခါတစ်လေဆို ပြဿနာမရှိပေမဲ့ နေ့တိုင်းလိုလို အိမ်သာဖြောင့်ဖြောင့်မသွားဘဲ ဖုန်းသုံးတဲ့သူတွေ လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများ တယ်ဆိုတာ သတိထားဖို့တော့ လိုမယ်နော်။

အိမ်သာတက်ရင်း ဖုန်းသုံးတဲ့သူတွေ လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများ

ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အထူးသဖြင့် တော်တော်များများက ဖုန်းသုံးတဲ့အခါ ကျန်တဲ့ကိစ္စတွေကို မေ့သွားတတ်ကြပါတယ်။ အဲ့တော့ အထဲမှာထိုင်ပြီး ဖုန်းလေးပွတ်လိုက်၊ ဖေ့စ်ဘွတ်ခ်မှာ လျှောက်ကြည့်လိုက်၊ ဗွီဒီယိုဘက် ရောက်သွားလိုက်နဲ့ ကိုယ့်ကိစ္စပြီးသွားတာတောင် အပြင်ထွက်လာဖို့ မေ့နေကြတာပေါ့။ ဒီလိုမျိုး အိမ်သာဘိုထိုင်ခွက်ပေါ်မှာ အချိန်အကြာကြီး ထိုင်တဲ့အကျင့်ကြောင့် ကိုယ့်ရဲ့ စအိုမှာ ဖိအားသက်ရောက်မှုပိုများပြီး လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများနိုင်ပါတယ်။

တစ်ဘက်ကနေ ကြည့်ရင်လည်း အိမ်သာဆိုတာ အညစ်အကြေးပေါင်းစုံ စွန့်ပစ်ရာနေရာဖြစ်တဲ့အတွက် ဘက်တီးရီးယားပိုးတွေဆိုတာ ထဲမှာ အပြည့်ပါပဲ။ ကိုယ်က အိမ်သာထဲမှာ ကြာကြာနေလေ အဲ့ဒီဘက်တီးရီးယားတွေက ကိုယ့်ရဲ့ အသက်ရှူလမ်းကြောင်းနဲ့ ပြင်ပ ခန္ဓာကိုယ်ပေါ်မှာပါ အများကြီးကပ်လာမှာပေါ့။

အဆိုးဆုံးကတော့ ဖုန်းမှာပါ ကပ်နေမှာဖြစ်တဲ့အတွက် ကိုယ့်ကိစ္စပြီးလို့ လက်သေချာ ပြန်ဆေးပြီးရင်တောင် ဖုန်းစကရင်ပေါ်က ပိုးတွေက လက်ပေါ် ပြန်ရောက်သွားမှာပါ။ အဲ့လက်နဲ့ မျက်နှာပွတ်၊ နှာခေါင်းကုတ်၊ အစာစား၊ တခြားအရာဝတ္ထုတွေ ကိုင်တွယ်လိုက်တဲ့အခါ ရောဂါပိုးတွေက ကိုယ့်ဗိုက်ထဲကို ပြန်ရောက်သွားဖို့ပဲ ရှိပါတော့တယ်။

ဒီလိုမဖြစ်ရအောင် ဘယ်လိုကာကွယ်ကြမလဲ။

အကောင်းဆုံးနည်းလမ်းကို ပြောပါဆိုရင်တော့ ကိုယ့်အိမ်သာထဲက ကိစ္စကို ဖြောင့်ဖြောင့်သွားနိုင်အောင် ဖုန်းတွေ ယူမသွားဖို့ပါပဲ။ ခဏလေးပါ၊ ခဏလေးပါလို့ ပြောပြီး အချိန်တွေဖြုန်းပြီး အိမ်သာတက်နေခြင်းဟာ လိပ်ခေါင်းရောဂါကိုသာမက ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးအတွက်ပါ ထိခိုက်စေနိုင်ပါတယ်။

စမတ်ဖုန်းတွေအပြင် နောက်ထပ်မလုပ်သင့်တဲ့ အရာကိုပြောပါဆိုရင် အိမ်သာထဲ စာအုပ်ယူသွားဖတ်တာ၊ သတင်းစာ၊ ကာတွန်းစာအုပ်တွေ ထားထားတာမျိုး မလုပ်သင့်ပါဘူး။ ဝမ်းသွားနေချိန်မှာ ဒီကိစ္စကိုပဲ အာရုံစိုက်ထားဖို့ လိုပါတယ်။

အိမ်သာထဲက ကိုယ့်ကိစ္စပြီးပြီဆိုတာနဲ့ သန့်ရှင်းရေးလုပ်ပြီး ထွက်ပါ။ လိုတာထက် ပိုပြီး အိမ်သာထဲမှာ မနေပါနဲ့။

မိနစ်အနည်းငယ် ကြာလို့မှ ဝမ်းမသွားသေးဘူးဆိုရင် အားနဲ့ မညှစ်ပါနဲ့။ ခဏထပြီး လုပ်စရာရှိတာ လုပ်ပါ။ ခဏနေလို့ ဝမ်းသွားချင်စိတ် ပြန်ဖြစ်လာပြီဆိုမှ ပြန်ထိုင်ပါ။ မထွက်မချင်း ညှစ်တာမျိုးတော့ မလုပ်သင့်ပါဘူး။

အိမ်သာတက်ချင်စိတ်မရှိဘဲ အချိန်ဖြုန်းချင်စိတ်နဲ့ အိမ်သာထဲ သွားမထိုင်ပါနဲ့။ အိမ်သာထဲက ထွက်လာတိုင်း လက်ကို ဆပ်ပြာနဲ့  သေချာတိုက်ချွတ်ဆေးကြောပေးပါ။

နောက်ဆုံးတစ်ချက်အနေနဲ့ ဝမ်းသွားပြီး ရေဆွဲချတော့မယ်ဆိုရင် အိမ်သာအဖုံးကို လုံအောင်ပိတ်ပြီးမှ ဆွဲချပါ။ ရေအားနဲ့ အညစ်အကြေးတွေကို အောက်ကိုဆွဲလိုက်တဲ့အချိန်မှာ အနံ့အသက်တွေရော၊ ပိုးတွေကပါ အပေါ်ကို ပြန်တက်လာပြီး ကိုယ့်အရေပြားပေါ် ကပ်ငြိနေနိုင်တာကြောင့် ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ဖုန်းကိုလည်း နေ့တိုင်းမဟုတ်ရင်တောင် တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်လောက် သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

အိမ်သာတက်ရင်း ဖုန်းမသုံးပါနဲ့

တစ်ခုခုကို အာရုံစိုက်နေတဲ့အခါ မလိုအပ်ဘဲ အိမ်သာမှာ အချိန်အကြာကြီး ဖြုန်းတာ၊ အကြာကြီး ဝမ်းညှစ်တာ လုပ်မိတတ်ပါတယ်။ ဒါကြောင့် အိမ်သာထဲမှာ ဖုန်းသုံးတာအပါအဝင် စာဖတ်တာ၊ သတင်းစာဖတ်တာကိုပါ ရှောင်ပါ။ အိမ်သာတက်ချိန်ကို အချိန်တစ်ခု သတ်မှတ်ထားပါ။
စစချင်းမှာ တစ်ခုခုလိုနေသလို ခံစားရနိုင်ပေမယ့် တဖြည်းဖြည်းအကျင့်လုပ်ပြီး နေကြည့်ရင်  ကျင့်သားရသွားနိုင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How Using Phone In Toilet Causes Hemorrhoids –https://www.healthline.com/health/phone-toilet-health-risks#1 (May 29, 2019)

 

ယခုပုံစံ

24/10/2023

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိပ်ခေါင်းရောဂါကို အိမ်မှာတင် သက်သာအောင် လုပ်နိုင်တယ်ဆိုတာ သင်သိပါသလား။ ။

လိပ်ခေါင်းပိုင်ရှင်တွေ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်တချို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 24/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement