ဝမ်းချုပ်တယ်ဆိုတာ လူတိုင်းနဲ့ မစိမ်းတဲ့ အသုံးအနှုန်းတစ်ခုပါ။ လူတွေသတ်မှတ်ထားကြတာကတော့ တစ်နေ့ တစ်ခါ အိမ်သာသွားရင် ဝမ်းမှန်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် တစ်ရက်ခြားတစ်ခါ၊ နှစ်ရက်နေမှတစ်ခါ အိမ်သာသွားတဲ့ သူတွေလည်း ရှိပါတယ်။ ဒါဆို သူတို့တွေကို ဝမ်းချုပ် တယ်လို့ ပြောလို့ရပါသလား။
ဝမ်းချုပ် တယ် မချုပ်ဘူးဆိုတာကို ဘယ်လိုအချက်တွေနဲ့ ဆုံးဖြတ်လဲ။ ။
တစ်ရက်တစ်ခါ အိမ်သာမသွားတာနဲ့ပဲ ဝမ်းချုပ်နေတယ်လို့ပြောလို့ရမရပါဘူး။ တစ်ရက်ခြားတစ်ခါ၊ နှစ်ရက်နေမှတစ်ခါ အိမ်သာသွားတဲ့သူတွေလည်း အများကြီးပါ။ သူတို့အတွက်တော့ ရက်ခြားသွားနေရတာ ပုံမှန်လိုတောင်ဖြစ်နေပါပြီ။ တစ်ရက်တစ်ခါ ဝမ်းမသွားလို့ သူတို့ကို ဝမ်းချုပ်နေပြီလို့ပြောလို့မရပါဘူး။ ဒါဆို ဘယ်နှစ်ရက်လောက်နေမှ ဝမ်းသွားတာကို ဝမ်းချုပ်တယ်လို့ခေါ်သလဲ။ ဝမ်းချုပ်တာကို ဘယ်လိုအချက်တွေနဲ့ ဆုံးဖြတ်လဲဆိုတာ ဆက်ကြည့်ရအောင်။
- တစ်ပတ်လုံးနေမှ ဝမ်းသွားတာ ၃ကြိမ်တောင် မပြည့်ဘူး။
- အိမ်သာသွားတဲ့ အချိန်မှာ အူက သူ့အလိုလို နာလာတာမျိုးမရှိဘဲ ကိုယ်က အားနဲ့ညှစ်သွားနေရတာမျိုး၊
- ဝမ်းက ပျော့ပျော့လေးမဟုတ်ဘဲ မာမာခဲခဲတွေဖြစ်နေတာမျိုး
- ဝမ်းသွားရတာ မဝဘဲ ဝမ်းကျန်နေသလိုမျိုး ဖြစ်နေပြီဆိုတော့ သင် ဝမ်းချုပ်နေပါပြီ။ ။
ဘယ်သူတွေမှာ ဝမ်းခဏခဏ ချုပ်တတ်လဲ။ ။
ဝမ်းချုပ်တာ တစ်ချိန်မဟုတ်တစ်ချိန် လူတိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် ခုပြောပြမယ့် သူတွေက ပိုအဖြစ်များနိုင်ပါတယ်။
- ကိုယ်ဝန်ဆောင်မိခင်တွေ
- အထိုင်များပြီး လှုပ်ရှားမှု မရှိတဲ့သူတွေ
- မအားသေးဘူးဆိုပြီး ဝမ်းသွားချင်ရင် ချုပ်ထားတတ်တဲ့သူတွေ
- ဝမ်းနှုတ်ဆေး ခဏခဏသောက်နေတဲ့ သူတွေ (ဝမ်းနှုတ်ဆေးကိုပဲ အားကိုးပြီး အူက သူ့ဘာသာ အလုပ်မလုပ်တော့)
- ခရီး အသွားများတဲ့သူတွေ
- ရေသောက်နည်းတဲ့သူတွေ
- အသီးအရွက်တွေထက် အသားတွေပိုစားတဲ့သူတွေ၊
- ဝမ်းချုပ်စေတဲ့ ဘေးထွက်ဆိုးကျိုးပါတဲ့ ဆေးတွေ သောက်နေရတဲ့သူတွေ ( အကိုက်အခဲပျောက်ဆေး၊ သံဓာတ်အားဖြည့်ဆေး၊ နှလုံးဆေး၊ သွေးတိုးကျဆေး calcium channel blocker)
- သွေးတိုး၊ ဆီးချို ရောဂါသမားတွေ၊ လေဖြတ်နေတဲ့သူတွေ၊ သိုင်းရွိုက်ဟော်မုန်းနည်းရောဂါခံစားနေရတဲ့သူတွေက အခြားသူတွေထက်စာရင် ဝမ်းပိုချုပ်တတ်ကြပါတယ်။
ဝမ်းချုပ်တာကြောင့် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဘာတွေဆက်ဖြစ်နိုင်လဲ။ ။
အခန့်မသင့်ရင် လူတိုင်းဝမ်းချုပ်တတ်ကြတာချည်းပါပဲ။ ရံဖန်ရံခါ ဝမ်းချုပ်တာလောက်နဲ့တော့ နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်နိုင်ပါဘူး။ ဝမ်းခဏခဏချုပ်နေပြီဆိုရင်တော့ ခုပြောမယ့် နောက်ဆက်တွဲဆိုးကျိုးတွေ ဆက်ဖြစ်ဖို့ အလားအလာများနေပါပြီ။ ဝမ်းချုပ်တာကြောင့် နောက်ဆက်တွဲဆက်ဖြစ်နိုင်တာတွေကတော့
- လိပ်ခေါင်းထွက်လာမယ်။ ( ဝမ်းချုပ်တော့ အရမ်းညှစ်လွန်းလို့ စအိုတွင်းက သွေးကြောလေးတွေဖောင်းပြီး အပြင်ကို ပြူထွက်လာပါတယ်။ ဝမ်းသွားပြီးရင် စအိုထဲကနေ သွေးဆင်းလာတတ်ပါတယ်)
- စအိုဝကွဲသွားမယ်။ ( မာနေတဲ့ စမြင်းတုံးတွေကြောင့် စအိုဝက အရေပြားတွေ ပြဲသွားတာဖြစ်ပါတယ်)
- စမြင်းတုံးခံနေတဲ့အတွက် စအိုဝမှာ တစ်ဆို့ဆို့ကြီးဖြစ်နေပြီး နေထိုင်ရတာ မသက်သာတော့ပါဘူး။
- အူမကြီးကင်ဆာ၊ အစာဟောင်းအိမ်ကင်ဆာတို့ဟာ ဝမ်းချုပ်တာကနေဖြစ်လာတဲ့ နာမည်အကြီးဆုံးကင်ဆာ ၂ ခုပါ။
ဝမ်းချုပ် တာကို အမြန်ဆုံးဘယ်လိုသက်သာအောင် ဖြေရှင်းလို့ရမလဲ။ ။
ဝမ်းချုပ်တာအတွက် အကောင်းဆုံးလတ်တလော ဖြေရှင်းနည်းက ဝမ်းနှုတ်ဆေးသောက်တာပဲဖြစ်ပါတယ်။ ဝမ်းနှုတ်ဆေးအရည်၊ ဝမ်းနှုတ်ဆေးပြား၊ ဝမ်းချူဘောလုံးဆိုပြီး ဝမ်းချုပ်တာကို ဖြေရှုင်းနိုင်တဲ့ နည်းမျိုးစုံရှိပါတယ်။ ဆေးလုံးသောက်ရင် နင်တတ်တဲ့သူတွေ ဝမ်းချူဘောလုံးရသုံးတာ လည်း အဆင်မပြေတဲ့သူတွေကတော့ ဝမ်းနှုတ်ဆေး အရည်တွေကို ပိုကြိုက်ကြပါတယ်။ နောက် ဝမ်းပျော့ဆေးဆိုတာလည်း ရှိပါတယ်၊၊
ဒါတွေက ယာယီအတွက်ပဲဖြစ်ပြီး ခဏခဏသုံးဖို့တော့ မသင့်တော်ပါဘူး၊၊
ဝမ်းချုပ်တာကို ဘယ်လိုကြိုတင်ကာကွယ်လို့ရမလဲ။ ။
ဝမ်းချုပ်တယ်ဆိုတာ ကြိုတင်ကာကွယ်လို့ရတဲ့ အရာတစ်ခုပါ။ ဝမ်းချုပ်တယ်ဆိုပြီး ဝမ်းနှုတ်ဆေးချည်းပဲ သောက်နေလို့ မရပါဘူး။ ဝမ်းချုပ်တာကို ကာကွယ်ဖို့အတွက် အဓိကတော့ ဝမ်းချုပ်စေမယ့် အပြုအမူတွေကို ရှောင်ကြဉ်ပြီး ကိုယ့်နေထိုင်မှုပုံစံကို ပြောင်းလိုက်တာပဲ ဖြစ်ပါတယ်။ ဒီတော့ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးကို ဆက်ဖြစ်စေတဲ့ ဝမ်းချုပ်တာကို ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ ကြည့်ရအောင်။ ။
- ကိုယ်စားတဲ့ ထမင်းပန်းကန်ရဲ့ ၅ ပုံ၃ပုံလောက်ကို အသီးအရွက်တွေနဲ့ ပြည့်နေပါစေ။ အမျှင်ဓာတ်လောက် ဝမ်းကို မှန်စေတဲ့ အရာမရှိတော့ပါဘူး။
- ရေများများသောက်ပါ။ ရေများများသောက်လိုက်မှ ရေတွေကို အူမကြီးက စုပ်ယူလိုက်ပြီး ဝမ်းသွားချင်အောင် လှုံ့ဆော်ပေးမှာ ဖြစ်ပါတယ်။ တစ်နေ့ကို ရေ ၈ ဖန်ခွက်သောက်သင့်ပါတယ်။ အကောင်းဆုံးကတော့ မနက်အိပ်ရာနိုးနိုးချင်း ရေကို တစ်ဝသောက်ချလိုက်ပါ။ အူကို သန့်ပြီးသားဖြစ်သွားပါလိမ့်မယ်။
- ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ အထိုင်မများဘဲ လှုပ်ရှားနေရင် အူလှုပ်ရှားမှုပိုကောင်းပြီး ညှစ်အားလည်းကောင်းလာလို့ ဝမ်းသွားတဲ့အခါ အခက်အခဲ မရှိနိုင်တော့ပါဘူး။
- ဝမ်းသွားချင်ပြီဆိုတာနဲ့ အိမ်သာကိုချက်ချင်းသွားပါ။ မအားသေးလို့ ချုပ်ထားတာမျိုးကနေ ဝမ်းချုပ်တာ ဖြစ်သွားနိုင်ပါတယ်။
ဒါတွေကတော့ လူတိုင်းနဲ့ မကင်းနိုင်တဲ့ ဝမ်းချုပ်တာကို ကာကွယ်လို့ရမယ့် နည်းလေးတွေ၊ ကုသလို့ရတဲ့ နည်းလေးတွေ ဖြစ်ပါတယ်။ ဝမ်းတစ်လုံးကောင်းမှ ခေါင်းမခဲတော့မှာဖြစ်လို့ ဝမ်းချုပ်တာကြောင့် ဖြစ်ရတဲ့ စိတ်အနှောင့်အယှက်တွေ ကင်းဝေးပြီး သာယာတဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။ ။
ရေးသားသူ- Dr Thin Yadanar @Frances
[embed-health-tool-bmr]