backup og meta

အရာရာကို ဘာလို့ အမြင် မကြည်ရတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရာရာကို ဘာလို့ အမြင် မကြည်ရတာလဲ

    အမြင် မကြည်ဘူး ဆိုတဲ့ စကားက အဓိပ္ပာယ် နှစ်ခွ ထွက်နိုင်ပါတယ်။ တစ်ယောက်ယောက်ကို ကြည့်မရတာ၊ အဆိုးမြင်နေတာ ဆိုတဲ့ သဘောရယ်၊ အမြင်အာရုံ ကိုက ကြည့်လို့မကောင်းတာ၊ မှုန်ဝါးဝါး ဖြစ်လာတာရယ်ပေါ့။

    ဒီဆောင်းပါးမှာတော့ မျက်စိကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမြင်မကြည်ပုံလေး ကို ရည်ညွှန်းပါတယ်နော်။ ဘာလို့ အမြင်မကြည်ရတာလဲ ဆိုတော့ ဖြစ်နိုင်ခြေ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။

    အမြင် မကြည်ရတဲ့ အကြောင်းရင်းများ

    (၁) မျက်စိ ညောင်းနေတာ

    တီဗီ၊ ကွန်ပျူတာ သို့မဟုတ် ဖုန်းကို အကြာကြီး ကြည့်နေတတ်တဲ့သူလား။ ဒီလို ကြည့်တဲ့အခါ မျက်တောင်ခတ်တာနည်းတတ်ပါတယ်။ မျက်တောင်တစ်ခါခတ်တိုင်းမှာ မျက်လုံးထဲမှာ မျက်ရည်တွေကဖြန့်ကြက်ပြီး အစိုဓာတ်ပေးနိုင်တယ်။ လန်းဆန်းစေတယ် ။

    ဒါ့ကြောင့် မျက်စိမညောင်းရအောင် ဒီလိုအကြာကြီးကြည့်တဲ့အခါ မကြာခဏ မျက်တောင်ခတ်ဖို့ကို မမေ့ပါနဲ့။

    (၂) မျက်မှန် လိုနေတာ

    မျက်စိ အသုံးပြုရတာများလို့ အပါအဝင် အကြောင်းရင်းအမျိုးမျိုးကြောင့် အဝေးမှုန်၊ အနီးမှုန် မျက်စိပါဝါ ရှိလာတာ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ မျက်စိကျန်းမာရေးစစ်ဆေးပြီး မျက်မှန်လုပ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

    (၃) မျက်စိ မှုန်လာတာ

    အသက် ၄၀လောက် ရောက်တဲ့အခါ စာဖတ်တာက အစ အနီးကပ် အာရုံစိုက်ရ အဆင်မပြေတော့တာ သတိထားမိလာပါလိမ့်မယ်။ ဒါဟာ အသက်ကြီးလာရင် ဖြစ်လေ့ရှိတဲ့ ပုံမှန်လက္ခဏာတစ်ခု ပါပဲ။ လိုအပ်တဲ့ မျက်စိကျန်းမာရေး စစ်ဆေးမှု လုပ်ကြည့်ပြီး စာကြည့်မျက်မှန်၊ ပါဝါမျက်မှန်တွေ ဖြစ်ဖြစ် ဆရာဝန်နဲ့ တိုင်ပင်ပြီး အသုံးပြုသင့်ပါတယ်။

    (၄) ဆီးချို ရှိနေတာ

    သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်း မထိန်းချုပ်နိုင်တဲ့အခါ မျက်စိမှန်ဘီလူးအတွင်းကို အရည်တွေ စိမ့်ဝင်စေနိုင်ပြီး ဖောင်းလာစေပါတယ်။ ဒါကို ကုသမှုမလုပ်မချင်း ဆက်ပြီးဖြစ်နေနိုင်တဲ့လက္ခဏာပါ။

    သကြားဓာတ်ပမာဏ ပုံမှန်ဖြစ်မှ မှန်ဘီလူးလည်း ပုံမှန်ပြန်ဖြစ်မှာပါ။ ဆီးချိုရောဂါရှိတဲ့သူတွေမှာ Retinopathy မျက်စိရောဂါ ဖြစ်နိုင်ခြေ ပိုများတာကြောင့် အမြင်အာရုံ မှုန်ဝါးလာရင် ဆီးချိုကိုလည်း သတိပြုပါ။

    (၅) ရောင်ရမ်းမှု ရှိနေတာ

    မျက်လုံးမှာ ထိခိုက်ထားတာ တစ်ခုခုရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ မျက်ကပ်မှန် တပ်ရင်း အိပ်မိတာ၊ သေချာမသန့်စင်တာ၊ သိမ်းဆည်းပုံမမှန်ကန်ဘဲ ပစ်ထားတာတွေက မျက်စိကိုရောဂါပိုးဝင်စေနိုင်ပါတယ်။ ဆိုရီရေးစစ်အရေပြားရောဂါ၊ လေးဘက်နာအဆစ်ရောင်ရောဂါတို့လို ခန္ဓာကိုယ်တခြားအစိတ်အပိုင်းတွေမှာဖြစ်တဲ့ ကိုယ်ခံအားဆိုင်ရာရောဂါတွေကြောင့်လည်း မျက်စိကိုရောင်ရမ်းစေတတ်ပါတယ်။

    (၆) သွေးပေါင်ကျနေတာ

    အမြင် မကြည်တာအပြင် အားနည်းပြီး ခေါင်းမူးနေတာကိုပါ ခံစားနေရလား။ ဒါက ရေဓာတ်ခမ်းခြောက်တာကြောင့် သွေးပေါင်ကျနေတာလည်း ဖြစ်နိုင်ပါတယ်။ သောက်သုံးနေရတဲ့ ဆေးဝါးတချို့ကြောင့်၊ နှလုံးနဲ့ ဆိုင်တဲ့ ပြဿနာတချို ကြောင့်၊ အာဟာရ မပြည့်လို့၊ ဟော်မုန်း မညီမျှလို့ ၊ အိပ်ရေးပျက်လို့ စတာတွေက သွေးပေါင်ကျပြီး အမြင်အာရုံ ဝေဝါးစေတဲ့ အကြောင်းရင်းတွေထဲ ပါဝင်ပါတယ်။

    (၇) ရေတိမ် ဖြစ်နေတာ

    ဒီလိုဖြစ်လာရင် မျက်စိအာရုံကြောမှာ ဖိအားဖြစ်စေပြီး ထိခိုက်မှု အန္တရာယ် ရှိစေနိုင်ပါတယ်။ အလင်းရောင်ကို ကြည့်လိုက်တဲ့အခါ အစက်အပျောက်လေးတွေ မြင်နေရတယ် ဆိုရင်၊ မျက်စိ နီရဲနေပြီး နာကျင်လာတယ် ဆိုရင်၊ ပျို့အန်ချင်နေတယ် ဆိုရင် acute angle glaucoma ဆိုတဲ့ ရေတိမ်အမျိးအစား ဖြစ်နေနိုင်ပါတယ်။

    ရေတိမ်က ဆက်ဖြစ်လာတာ မြန်တတ်လို့ မကုသရင် သိပ်မကြာခင်မှာပဲ အမြင်အာရုံကို ဆုံးရှုံးရနိုင်ပါတယ်။

    (၈) အတွင်းတိမ် ဖြစ်နေတာ

    ပုံမှန်ဆို ကြည်လင်နေရမယ့် မျက်စိမှန်ဘီလူးမှာ တစ်ခုခုပိတ်ကာနေသလိုခံစားရတာမျိုး မြင်နေရတာပါ။ အတွင်းတိမ်တွေက အသက် ၅၅ နှစ်နောက်ပိုင်းမှာ တဖြည်းဖြည်းချင်းဖြစ်လာတတ်ပါတယ်။

    ဒါပေမယ့် လူငယ်တွေမှာလည်း (ကလေးတွေမှာတောင်) ဖြစ်နိုင်ခြေ ရှိပါတယ်နော်။ မျက်စိထဲမှာ အရောင်တွေ မှိန်နေပြီး ညဘက်ဆို သိပ်မမြင်ရတော့ဘူး ဆိုရင် ဆရာဝန် အမြန်ပြသင့်ပါတယ်။ သင့်တော်တဲ့ မျက်မှန်တပ်ပြီး ကုသမှုခံယူလို့ ရနိုင်ပေမယ့် လိုအပ်ရင် ခွဲစိတ်မှုလည်းလုပ်ရနိုင်ပါတယ်။

    (၉) ဦးနှောက်တွင်း ထိခိုက်မှု ရှိနေတာ

    ခေါင်းထိခိုက်လို့ သတိလစ်တာ ဒါမှမဟုတ် ဦးနှောက်ထိခိုက်မှုဖြစ်ထားရင် မျက်စိလုပ်ဆောင်ချက်တွေကို ထိခိုက်စေနိုင်ပါတယ်။ ဦးနှောက်အကျိတ်ဆိုလည်း ဖြစ်တဲ့နေရာ သို့မဟုတ် အရွယ်အစားကိုမူတည်ပြီး အမြင်အာရုံကို ထိခိုက်စေနိုင်တယ်။

    အမြင်နှစ်ထပ် ဖြစ်ခြင်းက ဦးနှောက်ရောင်ရောဂါရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတစ်ခု မဟုတ်ပေမယ့် အမြင်အာရုံမှုန်ဝါးခြင်းက တချို့မှာ လေဖြတ်ခါနီးရင် ဖြစ်တတ်ပါတယ်။

    (၁၀) မြင်လွှာ ထိခိုက်ထားတာ

    အစားအသောက်ကြောင့်၊ ဆေးလိပ်သောက်ခြင်း၊ မျက်စိ ထိခိုက်မှု ဖြစ်ဖူးခြင်း၊ မျက်စိရောဂါ ဖြစ်ဖူးခြင်း၊ သွေးတိုး၊ ကိုလက်စထရောများခြင်းနဲ့ ဆီးချိုရောဂါတို့ကြောင့် မြင်လွှာထိခိုက်မှုကို ဖြစ်စေနိုင်ပါတယ်။

    ဒါတွေက ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေထဲက တချို့ကို ဖော်ပြထားတာဖြစ်လို့ တခြားအကြောင်းရင်းတွေလည်း ရှိနိုင်ပါတယ်။ ကိုယ့်မျက်လုံးနဲ့ အမြင်အာရုံမှာ ထူးခြားတဲ့၊ ပုံမှန်နဲ့မတူတဲ့ လက္ခဏာတွေ ရှိလာတာ သတိထားမိတယ် ဆိုရင် ဆရာဝန် အမြန်ပြပြီး စစ်ဆေးမှုခံယူတာ ကောင်းပါတယ်။

    မျက်လုံးဆိုတာ နုနယ်လွန်းတဲ့ အရေးကြီးအစိတ်အပိုင်းဖြစ်တာမို့ အမြဲလိုလို အမြင် မကြည် ဖြစ်နေရင် ပေါ့ပေါ့ဆဆ မနေသင့်ပါဘူးနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement