backup og meta

ကြည့်လေရာ မြင်ကွင်းတိုင်း ဘာကြောင့် ဝါးနေရတာလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြည့်လေရာ မြင်ကွင်းတိုင်း ဘာကြောင့် ဝါးနေရတာလဲ ။ ။

    အိပ်ရာနိုးလာလို့ မျက်လုံးဖွင့်ပြီး ကြည့်လိုက်တာနဲ့ ကိုယ်ကြည့်တဲ့ မြင်ကွင်းက ကြည်မနေရင် လူတိုင်း စိတ်ရှုပ်ကြရပါတယ်။ မျက်လုံးကောင်းနေတဲ့အချိန်တုန်းကတော့ မျက်လုံးရဲ့ အရေးကြီးပုံကို သတိမထားပေမယ့်လည်း ချို့ယွင်းချက်ဖြစ်ပြီဆိုရင်တော့ တကယ်ကို စိတ်ရှုပ်ရတဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ မျက်လုံးက ထိပ်ဆုံးက ပါပါတယ်။ ဒီဆောင်းပါးထဲမှာ ကြည့်လေရာ မြင်ကွင်းတိုင်းကို မှုန်ဝါးစေတဲ့ မျက်လုံး ပြဿနာတွေ အကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ ။

    ကြည့်လေရာ မြင်ကွင်းတိုင်း ဘာကြောင့် ဝါးနေရတာလဲ ။ ။

    Myopia ( အဝေးမှုန်ခြင်း) – ဒီ အဝေးမှုန်တဲ့ ပြဿနာဟာ မျက်လုံး တစ်ဖက်တည်းဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ်ကို ပြဿနာတက်စေနိုင်တဲ့အရာပါ။ အဝေးတစ်နေရာရှိနေတဲ့ အရာကို ပြတ်သားစွာ မမြင်ရတော့တဲ့ သူတွေဟာ ငယ်ငယ်တည်းက အရာဝတ္တုတစ်ခုကို အရမ်းအနီးကပ်ပြီး ကြည့်လေ့ရှိသူတွေနဲ့ အဝေးမှုန်တဲ့ ပြဿနာ မိဘမျိုးရိုးရှိတဲ့သူတွေ အများဆုံးဖြစ်နိုင်ပါတယ်။

    Hyperopia ( အနီးမှုန်ခြင်း ) – အဝေးက အရာတွေကိုပြတ်ပြတ်သားသား မြင်ရပြီး အနီးက အရာတွေကို သဲကွဲစွာ မမြင်နိုင်တဲ့ အနီးမှုန်ပြဿနာကြောင့်လဲ အမြင်အာရုံ ဝါးတာဖြစ်နိုင်ပါတယ်။

    Presbyopia – အသက်ကြီးလာရင် ဖြစ်လေ့ရှိတဲ့ မျက်လုံး ပြဿနာတစ်မျိုးပါ။ မျက်လုံးရဲ့ မှန်ဘီလူးတွေဟာ အသက်အရွယ်ကြောင့် ပျော့ပျောင်းမှု အားနည်းသွားလို့ စာဖတ်အကွာအဝေးလောက်မှာရှိတဲ့ အရာဝတ္တုတွေကို ပြတ်ပြတ်သားသား မမြင်နိုင်တော့တာဖြစ်ပါတယ်။

    Astigmatism – Cornea ( မျက်ကြည်လွှာ) ပုံမှန် မဟုတ်တာကြောင့် မျက်လုံးဆီကို လာတဲ့ အလင်းတန်းတွေကို တစ်နေရာတည်း သေချာ မ စုနိုင်တော့ဘဲ ပြန့်ကျဲကုန်တဲ့အခါမှာ အနီးရော အဝေးရော မပြတ်သားဘဲ ဝေဝါးရတာဖြစ်ပါတယ်။

    Glaucoma ရေတိမ် ဆိုပြီး လူသိများကြတဲ့ Glaucoma ဟာ မျက်လုံးထဲ အရည်တွေစုတာများပြီး မျက်လုံးအာရုံကြောပေါ် သွားဖိလို့ အမြင်အာရုံ ချို့ယွင်းရတာဖြစ်ပါတယ်။ အစပိုင်းမှာ ကြည့်လေရာ မြင်ကွင်းရဲ့ ဘေးပတ်လည်ကို ဝါးစေပြီး သေချာကုသမှု မခံယူရင် နောက်ပိုင်းကျ အလယ်ကိုပါ ဝါးသွားစေကာ လုံးဝ မမြင်ရတော့တဲ့အထိ အမြင်အာရုံ ဆုံးရှုံးမှုကို ဖြစ်စေနိုင်တဲ့ မျက်စိ ပြဿနာတစ်ခုပါ။

    Macular Degeneration – ဒီပြဿနာကတော့ ကြည့်လိုက်တဲ့ မြင်ကွင်းတိုင်းရဲ့ အလယ်တည့်တည့်မှာ မည်းနေတာ၊ မျဉ်းဖြောင့်ကို ကြည့်လိုက်ရင် မျဉ်းကတွန့်နေတာ၊ လူတွေရဲ့မျက်နှာကို ကြည့်လိုက်ရင် ပြားပြားကြီးဖြစ်နေတာမျိုးပါ။ အဝလွန်တဲ့ အမျိုးသမီးတွေ၊ သွေးတိုးရောဂါရှိတဲ့သူတွေ၊ ဆေးလိပ်အသောက်များပြီး အသက် ၆၀ ကျော်တဲ့သူတွေမှာ အဖြစ်များပါတယ်။ မျက်လုံးရဲ့ မြင်လွှာ retina ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ macula မှာ ပြဿနာတက်တဲ့ ကိစ္စတစ်ခုပါ။ Dry နဲ့ Wet ဆိုပြီး ၂ မျိုးရှိကာ dry က တော့ macula တစ်ရှူးတွေ ပျက်စီးသွားလို့ ကျန်ခဲ့တဲ့ အမာရွတ်က မြင်လွှာရှေ့မှာခံနေလို့ မြင်ကွင်းအလယ်တည့်တည့်မဲနေတာ ဖြစ်ပြီး wet ကတော့ မျက်စိသွေးကြောနံရံတွေဆွေးသွားလို့ မြင်လွှာထဲ သွေးတွေစိမ့်ထွက်လာတာကြောင့် အမြင်အာရုံဝါးသွားရတာဖြစ်ပါတယ်။

    Diabetic Retinopathy ဆီးချို ကောင်းကောင်းမထိန်းနိုင်လို့ မျက်လုံး retina မြင်လွှာက သွေးကြောတွေပျက်စီးပြီး အမြင်အာရုံ ပျက်စီးလာရတာဖြစ်ပါတယ်။

    အတွင်းတိမ် – အသက် ၈၀ နောက်ပိုင်းဆို အဖြစ်များတဲ့ မြင်ကွင်းထဲမှာ တိမ်တွေ ဖုံးနေသလိုဖြစ်ရတာဟာ ဒီ အတွင်းတိမ်ကြောင့် ဖြစ်ရတာပါ။ အသက်ကြီးလာတဲ့အခါ မျက်လုံးရဲ့ မှန်ဘီလူးထဲမှာ ပရိုတင်းတွေ စုလာလို့ မှန်ဘီလူးကို ရိုက်တဲ့ အလင်းတန်းပုံရိပ်တွေ ယိုင်ထွက်သွားပြီး ရှင်းလင်းစွာ မမြင်ရတော့တာဖြစ်ပါတယ်။

    Floaters – ကိုယ်ကြည့်လိုက်တဲ့ နေရာတိုင်းမှာ မျက်စိထဲ မဲမဲ အမျှင်လေးတွေ၊ မဲမဲအစက်လေးတွေပါ မြင်နေရပြီး သူတို့က မျက်လုံးရွှေ့တိုင်းလိုက်ရွေ့နေတယ်ဆိုရင် သင့်မျက်လုံးထဲမှာ Floaters တွေရှိနေပါပြီ။ ဒါတွေက မျက်လုံးအတွင်းထဲမှာရှိတဲ့ ဂျယ်လီတွေ ခဲသွားလို့ဖြစ်လာရပါတယ်။ သူတို့က မျက်လုံးကို မထိခိုက်နိုင်ဘူးဆိုပေမယ့် ရုတ်တရက်ကြီး များလာတဲ့အခါကျရင်တော့ စိုးရိမ်စရာရှိပါတယ်။

    မျက်လုံးခြောက်ခြင်း – အဲယားကွန်းရှေ့မှာ အနေများပြီး လေတိုက်လို့ မျက်လုံးခြောက်နိုင်သလို ကွန်ပျူတာတို့ ဖုန်းတို့ အကြည့်များပြီး မျက်ရည်ခြောက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို မျက်ရည်ခမ်းနေပြီဆို ကြည့်လေရာနေရာတိုင်းဟာ ဝါးနေတတ်ပါတယ်။

    အခြား မျက်လုံးပြဿနာတွေဖြစ်တဲ့

    · မျက်ခမ်းစွံတာ

    · မျက်လုံးယားပြီး ရဲနေတာ

    · မျက်ကြည်လွာရောင်တာတွေကလည်း အမြင်အာရုံကို ဝါးစေနိုင်တဲ့ မျက်လုံး ပြဿနာတွေဖြစ်ပါတယ် ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement