backup og meta

မျက်ကပ်မှန်တပ်တော့မယ်ဆိုရင် ဒါတွေသိထားဖို့ လိုမယ်နော်


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်ကပ်မှန်တပ်တော့မယ်ဆိုရင် ဒါတွေသိထားဖို့ လိုမယ်နော်

    အမြင်အာရုံဝေဝါးလို့ပဲဖြစ်ဖြစ်၊ အလှအပအတွက်ပဲဖြစ်ဖြစ် မျက်ကပ်မှန်တပ်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

    မျက်ကပ်မှန်ဆိုတာ အမြင်အာရုံချိန်ညှိပေးဖို့အတွက် မျက်လုံးထဲမှာ သက်သောင့်သက်သာ တပ်ဆင်နိုင်အောင် တီထွင်ထုတ်လုပ်ထားတဲ့ ပလတ်စတစ်မှန်ဘီလူးလေးတွေ ဖြစ်ပါတယ်။ အရင်တုန်းကတော့ အနီးမှုန်၊အဝေးမှုန်လို မျက်လုံးအားသိပ်မကောင်းသူတွေပဲ အဓိက အသုံးပြုခဲ့ကြပေမဲ့ အခုချိန်မှာတော့ အလှအပအတွက်ပါ ဒီဇိုင်းကာလာ မျိုးစုံထုတ်လုပ်ပြီး တပ်လာကြပါပြီ။ မျက်စိအားနည်းပေမဲ့ မျက်မှန်ကြီး တစ်ချိန်လုံး တပ်မထားချင်သူတွေအတွက်တော့ မျက်ကပ်မှန်က အတော်လေး အဆင်ပြေစေပါတယ်။ ကိုယ်မျက်စိအားနည်းတာကိုလည်း လူမသိစေသလို မျက်မှန်ကို ဂရုတစိုက်သိမ်းဆည်းရတဲ့ ဒုက္ခလည်း ကင်းဝေးစေပါတယ်။ မျက်ကပ်မှန် တပ်ဆင်တော့မယ်ဆိုရင် မျက်ကပ်မှန်အမျိုးအစားတွေကို သိဖို့အရေးကြီးပါတယ်။ အဓိက မျက်ကပ်မှန်အမျိုးအစား ၂ မျိုးရှိပါတယ် –

    Soft contact lenses (မျက်ကပ်မှန်အပျော့) – အသုံးအများဆုံးမျက်ကပ်မှန်အမျိုးအစားတွေဖြစ်ပြီး အနီးမှုန်၊ အဝေးမှုန် နဲ့ ပုံရိပ်နှစ်ထပ်မြင်တဲ့ ပြဿနာတွေမှာပါ အသုံးပြုနိုင်ပါတယ်။ ပျော့ပျောင်းတဲ့ မျက်ကပ်မှန်တွေ ဖြစ်တဲ့အတွက် တပ်ရတာ သက်သောင့်သက်သာရှိပြီး လျင်လျင်မြန်မြန်ပဲ အသားကျသွားတတ်ပါတယ်။ Soft contact lenses တွေထဲမှာ တစ်ရက်တပ်ထားပြီး ပြန်သန့်စင်ရတဲ့ အမျိုးအစားတွေရှိသလို ရက်ကြာကြာ တောက်လျှောက်တပ်ထားလို့ရတဲ့ အမျိုးအစားတွေလည်း ရှိပါတယ်။

    Rigid gas permeable contact lenses (မျက်ကပ်မှန်အမာ) – ဒီလိုမျက်ကပ်မှန်တွေက ပိုတာရှည်ခံသလို အမြင်အာရုံကိုလည်း ပိုချိန်ညှိနိုင်စွမ်းရှိပါတယ်။ မှန်မှန်သန့်ရှင်းရေးလုပ်ဖို့တော့ လိုအပ်ပြီး အသားကျဖို့လည်း အချိန် နည်းနည်းယူရပါမယ်။

    ဒီအမျိုးအစား ၂ မျိုးအပြင် အထူးပြုလုပ်ပေးတဲ့မျက်ကပ်မှန်တွေလည်းရှိပါသေးတယ် – မျက်ကပ်မှန်အပျော့၊ အမာ ၂ မျိုးစလုံးရောစပ်ပြီး ထုတ်လုပ်ထားတဲ့ မျက်ကပ်မှန်တွေ၊ အဝေးရော အနီးပါ ပြုပြင်နိုင်စွမ်းရှိတဲ့ multifocal contact lenses တွေက ထူးခြားတဲ့ မျက်ကပ်မှန် အမျိုးအစားတွေပါ။

    မျက်ကပ်မှန်တပ်ဖို့ စိတ်ကူးရှိရင် အရင်ဆုံး မျက်စိဆရာဝန်နဲ့ ပြသပြီး စမ်းသပ်မှုခံယူရပါမယ်။ တပ်မယ့်သူရဲ့ မျက်လုံးအခြေအနေ၊ မျက်စိပါဝါရှိမရှိ၊ မျက်ကြည်လွှာအခြေအနေ၊ မျက်လုံးရောဂါတွေရှိမရှိ စတဲ့အချက်တွေ အကုန်သေချာ စစ်ဆေးပြီးရင်တော့ မျက်ကပ်မှန်တပ်ဆင်ဖို့ အဆင်ပြေလား မပြေလား သိနိုင်မှာပါ။ မျက်လုံးခဏခဏ ခြောက်သွေ့တတ်သူတွေ၊ မျက်ခွံရောင်ရမ်းနေသူတွေ၊ မျက်လုံးနဲ့ပတ်သက်ပြီး ဆိုးဆိုးရွားရွား ဓာတ်မတည့်တဲ့  အခြေအနေ ရှိသူတွေ ဆိုရင်တော့ ဒီပြဿနာတွေကို ကုသပြီးမှ မျက်ကပ်မှန်တပ်ဆင်ဖို့ အဆင်ပြေမှာပါ။

    မျက်ကပ်မှန်တပ်ဆင်ဖို့ အဆင်ပြေပြီဆိုရင် ကိုယ်တပ်ဆင်ချင်တဲ့မျက်ကပ်မှန်အမျိုးအစားကိုရွေးချယ်ပါ။ ပထမဆုံးအကြိမ် မျက်ကပ်မှန်တပ်ဆင်သူဆိုရင် ဆရာဝန်နဲ့ သေချာမေးမြန်းဆွေးနွေးပြီးမှ မျက်ကပ်မှန် ရွေးချယ်သင့်ပါတယ်။ မျက်လုံးအလှအပအတွက်ဖြစ်ဖြစ်၊ မျက်စိအားနည်းလို့ဖြစ်ဖြစ် တပ်မယ်ဆိုရင် သက်တောင့်သက်သာရှိပြီး ကိုယ့်အတွက်အဆင်ပြေမယ့် မျက်ကပ်မှန်ကိုပဲ ရွေးချယ်သင့်ပါတယ်။ အဆင်ပြေဆုံးဖြစ်မယ့် မျက်ကပ်မှန်ကို ရွေးပြီးရင် မျက်လုံးမှာတပ်ဆင်တဲ့ အလေ့အကျင့်ရအောင် သေချာသင်ကြားရပါမယ်။ အထူးသဖြင့် အရင်ကတစ်ခါမှ မျက်ကပ်မှန် မတပ်ဖူးသူတွေအတွက်တော့ ပထမဆုံးအကြိမ်က နည်းနည်းကသိကအောင့် ဖြစ်နိုင်ပါတယ်။

    မျက်ကပ်မှန်တပ်ဆင်တာက မျက်မှန်ထက် အလုပ်ရှုပ်သက်သာပေမဲ့ မျက်ကပ်မှန်ကိုတော့ သေချာသန့်ရှင်းရေး လုပ်ပေးဖို့လိုပါတယ်။ မျက်ကပ်မှန်ကြောင့် မျက်လုံးမထိခိုက်အောင် ဒီအချက်တွေကို လိုက်နာပေးပါ။

    – မျက်ကပ်မှန်ကိုင်မယ့် အချိန်တိုင်း လက်ကိုဆပ်ပြာနဲ့ သေချာဆေးကြောပြီး ခြောက်သွေ့အောင်လုပ်ပြီးမှ ကိုင်ပါ

    – မျက်ကပ်မှန်ကို တတ်နိုင်သလောက် ရေမထိအောင် ဂရုစိုက်ပါ၊ ရေမချိုးခင်၊ရေမကူးခင်အချိန်တိုင်း မျက်ကပ်မှန်ကို ချွတ်ထားပါ၊ မျက်ကပ်မှန်စိုစွတ်အောင် တံတွေးနဲ့စွတ်တာမျိုးလည်း လုံးဝမလုပ်ပါနဲ့

    – မျက်ကပ်မှန် ဆေးကြောဆေးရည်ကိုလည်း စိတ်ချရတဲ့ ကုမ္ပဏီကထုတ်လုပ်တဲ့ ပစ္စည်းအစစ်အမှန်ကိုပဲ အသုံးပြု ပါ။ အသုံးပြုပြီးတိုင်း ဆေးရည်ကို လွှင့်ပစ်ပါ၊ ပြန်သုံးလို့မရပါဘူး

    – မျက်ကပ်မှန်သိမ်းဆည်းတဲ့ဗူးကိုလည်း သေချာစနစ်တကျ သိမ်းဆည်းရပါမယ်။ ဗူးမှာယိုစိမ့်နေတာ၊ ပုံစံပျက်ယွင်းနေတာမျိုးရှိရင် အသစ်လဲလှယ်သုံးစွဲပေးပါ

    – မျက်စိဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး ဝယ်ယူထားတဲ့ မျက်ကပ်မှန်တွေကိုပဲအသုံးပြုပါ၊ သေချာစမ်းသပ်မှုမရှိဘဲ အလွယ်ရောင်းချနေတဲ့ အပေါစားမျက်ကပ်မှန်တွေကို သတိထားပါ။ ဒါတွေကိုတပ်ဆင်အသုံးပြုရင် မျက်လုံးပိုးဝင်ခြင်း၊ အမြင်အာရုံပျက်စီးခြင်းတွေ ကြုံနိုင်လို့ဖြစ်ပါတယ်။

    ‌ရေးသားသူ – Dr. Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement