backup og meta

သိုင်းရွိုက်အားနည်းခြင်း လား သွေးဆုံးခြင်းလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thant Zin မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သိုင်းရွိုက်အားနည်းခြင်း လား သွေးဆုံးခြင်းလား

    သိုင်းရွိုက်အလုပ်လုပ်တာ အားနည်းရင် သိုင်းရွိုက်ဟော်မုန်းထွက်တာလည်း လျော့ကျသွားပါတယ်။ သိုင်းရွိုက်အားနည်းခြင်း ကို Hypothyroidism လို့ ခေါ်ပါတယ်။ သိုင်းရွိုက်အလုပ်လုပ်တာ အားနည်းခြင်းနဲ့ အမျိုးသမီးများ သွေးဆုံးခြင်းက လက္ခဏာတွေ ဆင်တူတတ်ပါတယ်။ သိုင်းရွိုက်အားနည်းခြင်းကို များသောအားဖြင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတွေမှာ တွေ့ရတတ်ပါတယ်။ အဲ့ဒီအချိန်က အမျိုးသမီးများ သွေးဆုံးတဲ့အချိန်လည်း ဖြစ်ပါတယ်။

    ခုဆက်ပြောသွားမှာကတော့ သွေးဆုံးခြင်းနဲ့ သိုင်းရွိုက်ဂလင်းအကြား ဆက်နွယ်မှု ဘယ်လိုရှိသလဲဆိုတာနဲ့ သွေးဆုံးခြင်းလက္ခဏာနဲ့ နောက်ဆက်တွဲပြဿနာတွေကို သိုင်းရွိုက်အားနည်းခြင်းက ဘယ်လိုအကျိုးသက်ရောက်စေသလဲဆိုတာပါပဲ။

    အီစထရိုဂျင်ဟော်မုန်းနှင့် သိုင်းရွိုက်ဂလင်းလုပ်ငန်းတာဝန်

    သွေးဆုံးချိန်မှာ အီစထရိုဂျင်ဟော်မုန်းပမာဏက သိသိသာသာ ကျဆင်းသွားပါတယ်။ ဒါကြောင့် သွေးဆုံးခြင်းနဲ့ ပတ်သက်တဲ့ လက္ခဏာများ ပေါ်လာတတ်ပါတယ်။ အီစထရိုဂျင်ပမာဏက သိုင်းရွိုက်ဂလင်းနဲ့ လုပ်ငန်းတာဝန်တွေကိုလည်း သက်ရောက်မှုရှိပါတယ်။

    ၂၀၁၁ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ အီစထရီုဂျင်ပမာဏ ကျဆင်းလာခြင်းက သိုင်းရွိုက်ရဲ့ အလုပ်လုပ်နိုင်အားကိုလည်း ကျဆင်းစေပြီး သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်တာကိုလည်း လျော့နည်းစေပါတယ်။ ဒီဟော်မုန်းနှစ်ခုကြားက ဆက်နွယ်မှုကို ပိုမိုသိရှိနိုင်ဖို့ သုတေသနတွေ ထပ်မံလုပ်ဆောင်ဖို့တော့ လိုအပ်ပါသေးတယ်။

    သိုင်းရွိုက်အားနည်းခြင်း က သွေးဆုံးချိန်လက္ခဏာတွေအပေါ် သက်ရောက်မှု ဖြစ်စေသလား

    သိုင်းရွိုက်အားနည်းခြင်းက သွေးဆုံးချိန် လက္ခဏာတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ သိုင်းရွိုက်ပြဿနာနဲ့ သွေးဆုံးခြင်းကို တွေ့ကြုံရသူ အမျိုးသမီးတွေဟာ သိုင်းရွိုက်အတွက် ကုသမှုခံယူလိုက်ရင် သွေးဆုံးချိန်ဖြစ်ပေါ်တဲ့ လက္ခဏာတွေပါ သက်သာသွားကြောင်း တွေ့ရပါတယ်။

    သိုင်းရွိုက်အားနည်းခြင်းရဲ့ လက္ခဏာများ

    သိုင်းရွိုက်အားနည်းခြင်းက ဘယ်အချိန်မှာမဆို ဖြစ်ပွားတတ်ပေမယ့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အောက်ပါလက္ခဏာတွေ တွေ့ရတတ်ပါတယ်။

  • အအေးဒဏ်မခံနိုင်ခြင်း
  • သွေးတွင်းအဆီဓာတ်များနေခြင်း (triglyceride နှင့် ကိုလက်စထရော)
  • နှလုံးခုန်နှေးခြင်း
  • မှတ်ဉာဏ်နည်းခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • ဝလာခြင်း
  • ကြွက်သားများ၊ အရိုးအဆစ်များ အားနည်းခြင်း
  • ဆံပင်ကျဲပါးလာခြင်း
  • စိတ်ကျခြင်း၊ ဝမ်းနည်းခြင်း
  • အသံသြခြင်း
  • အသားအရေခြောက်ခြင်း
  • သွေးဆုံးခြင်းလက္ခဏာများ

    သွေးဆုံးခြင်းလက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    • အပူဒဏ် မခံနိုင်ခြင်း၊ ညဘက်ချွေးထွက်ခြင်း
    • ဆီးမကြာခဏသွားခြင်း၊ ညဘက်ဆီးပိုသွားခြင်း
    • ညဘက် အိပ်ရခက်ခြင်း
    • အာရုံစိုက်ရန် ခက်ခဲခြင်း
    • စွမ်းအင်ကုန်ခမ်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
    • ကိုယ်အလေးချိန်ပြောင်းလဲခြင်း၊ ရုတ်တရက် ကိုယ်အလေးချိန်တိုးလာခြင်း
    • မွေးလမ်းကြောင်း ကျုံ့သွားခြင်း၊ ခြောက်သွေ့ခြင်း
    • စိတ်အပြောင်းအလဲမြန်ခြင်း

    သိုင်းရွိုက်အားနည်းခြင်း က သွေးဆုံးချိန် နောက်ဆက်တွဲပြဿနာတွေကို ပိုဆိုးလာစေသလား

    သိုင်းရွိုက်ရောဂါက သွေးဆုံးခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ အဖြစ်အများဆုံးကတော့ အရိုးပွခြင်း ဖြစ်ပါတယ်။ သိုင်းရွိုက်အလုပ်လုပ်တာ အားနည်းခြင်းကလည်း အရိုးပွစေပါတယ်။ နောက်ဖြစ်တတ်တာကတော့ နှလုံးနဲ့သွေးကြောရောဂါတွေ ဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း အားနည်းခြင်း ကလည်း နှလုံးရောဂါတွေကို ဦးတည်စေပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်ပြမလဲ

    သိုင်းရွိုက်ရောဂါလို့ သံသယရှိရင်၊ သွေးဆုံးချိန်လက္ခဏာတွေ ကြုံနေရရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အကြောင်းအရင်း မယ်မယ်ရရမရှိဘဲ ပင်ပန်းနွမ်းနယ်နေရင်၊ အားနည်းနေရင်၊ ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်ရင် ဆရာဝန်ပြသင့်ပါတယ်။ လိုအပ်ရင် ဟော်မုန်းဆိုင်ရာ အထူးပြုဆရာဝန်တွေနဲ့ ပြသရပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thant Zin မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement