backup og meta

အိပ်ရေးပျက်ခြင်းကြောင့် ကြုံတွေ့ရနိုင်တဲ့ ဆိုးကျိုး (၁၀)ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 17/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ရေးပျက်ခြင်းကြောင့် ကြုံတွေ့ရနိုင်တဲ့ ဆိုးကျိုး (၁၀)ချက်

    ကျွန်တော်တို့ဟာ လုပ်ငန်းဆောင်တာတွေ လုပ်ကိုင်ရာမှာ အနားမယူဘဲ ဆက်တိုက်လုပ်ကိုင်နိုင်ခြင်းကို ဂုဏ်ယူမိတတ်ကြပါတယ်။ တစ်ခါတရံ အိပ်ချိန်ထဲကတောင် ဖဲ့ယူတတ်ကြပါတယ်။ ဒါဟာ တကယ်တော့ မှားယွင်းနေပါတယ်။ အိပ်ချိန်နည်းပါးစွာနဲ့ လုပ်ကိုင်ဆောင်ရွက်ရင် ဘယ်လိုဆိုးကျိုးတွေ ရနိုင်သလဲဆိုတာ ဆက်လက်ဖော်ပြလိုပါတယ်။ အိပ်ရေးပျက်ခြင်းကြောင့် ကြုံတွေ့ရနိုင်တဲ့ ဆိုးကျိုး တွေကို လေ့လာလိုက်ရအောင်နော်။

    အိပ်ရေးပျက်ခြင်းကြောင့် ကြုံတွေ့ရနိုင်တဲ့ ဆိုးကျိုး (၁၀)ချက်

    အိပ်ရေးပျက်ခြင်းကြောင့် ကြုံတွေ့ရနိုင်တဲ့ ဆိုးကျိုး တွေကတော့ –

    ၁။ ကျန်းမာရေးကို ထိခိုက်နိုင်ခြင်း

    မအိပ်မနေ အသက်ရှည်ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ ရေရှည်အတွက်တော့ မမှန်နိုင်ပါဘူး။ အိပ်ရေးပျက်ခြင်းကြောင့် နှလုံးရောဂါ၊ နှလုံးထိခိုက်ခြင်း ၊ နှလုံးအလုပ်မလုပ်ခြင်း၊ နှလုံးခုန်စည်းချက်မမှန်ခြင်း၊ သွေးတိုးခြင်း၊ လေဖြတ်ခြင်း၊ ဆီးချို စတဲ့ပြသနာတွေ ပိုမိုဖြစ်နိုင်ခြေ များပါတယ်။ လေ့လာမှုတွေအရ နှစ်ခြိုက်စွာ အိပ်စက်ခြင်းမရှိသူများရဲ့ ၉၀ရာခိုင်နှုန်းဟာ တခြားကျန်းမာရေးပြဿနာတစ်ခုခု ရှိနေနိုင်ပါတယ်လို့ ဆိုပါတယ်။

    ၂။ လိင်စိတ်ဆန္ဒနည်းပါးခြင်း

    မကြာခဏ အိပ်ရေးပျက်သူများဟာ လိင်စိတ်ဆန္ဒနည်းပါးပြီး လိင်မှုကိစ္စမှာ စိတ်ပါဝင်စားမှု လျော့လာတယ်လို့ ဆိုပါတယ်။ စွမ်းအင်ကုန်ခမ်းခြင်း၊ အိပ်ငိုက်ခြင်း၊ စိတ်ဖိစီးမှုမြင့်မားခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

    ၃။ စိတ်ကျခြင်း

    အိပ်ရေးဆက်တိုက်ပျက်နေသူများဟာ အချိန်ကြာလာတာနဲ့အမျှ စိတ်ကျရောဂါဝင်လာနိုင်ပါတယ်။ ၂၀၀၅ ခုနှစ်တုန်းက အမေရိကမှာပြုလုပ်ခဲ့တဲ့ စစ်တမ်းတခုအရ စိတ်ကျခြင်း၊ စိတ်ပူပန်ခြင်း ခံစားနေရသူများဟယ ညအချိန်မှာ ၆နာရီထက်လျော့နည်းတဲ့ အိပ်စက်ချိန်ရှိတယ်လို့ ဆိုပါတယ်။

    အိပ်ရေးမဝခြင်းနဲ့ စိတ်ကျခြင်းဟာ အပြန်အလှန်ဆက်နွယ်နေတတ်ပါတယ်။ အိပ်ရေးမဝရင် စိတ်ကျခြင်းလက္ခဏာတွေ ပေါ်လာတတ်သလို စိတ်ကျခြင်းကြောင့်လည်း ပိုမိုအိပ်ပျော်ဖို့ ခဲယဉ်းပါတယ်။ အကော်ငးဖက်က ကြည့်ရင်တော့ အိပ်မပျော်ခြင်းကို ကုစားရင်း စိတ်ကျခြင်းအခြေအနေကိုပါ လျော့ပါးသွားစေနိုင်ပါတယ်။

    ၄။ အသားအရေကို ထိခိုက်စေခြင်း

    အိပ်ရေးဆက်တိုက်ပျက်လာရင် အသားအရေခြောက်သွေ့ပြီး မျက်နှာပေါ်မှာ အရေးအကြောင်းတွေ၊ အမည်းရောင်အစက်အပြောက်တွ ပေါ်လာနိုင်ပါတယ်။ အိပ်ရေးမဝရင် ခန္ဓါကိုယ်ကနေ ကော်တီဆောလို့ခေါ်တဲ့ ဟော်မုန်းကို ပိုမိုထုတ်လုပ်ပါတယ်။ ကော်တီဆောဟော်မုန်းများလာရင် အရေပြားက ကော်လဂျင်ဓါတ်တွေကို ပျက်စီးစေတာကြောင့် အသားအရေခြောက်သွေ့ခြင်း၊ တင်းရင်းမှုလျော့ပါးခြင်းကို ဖြစ်စေပါတယ်။

    ၅။ မေ့တတ်ခြင်း

    ၂၀၀၉ ခုနှစ်မှာ အမေရိကန်နဲ့ ပြင်သစ်သိပ္ပံပညာရှင်များရဲ့ လေ့လာချက်အရ ဦးနှောက်အတွင်းက လှိုင်းအမျိုးအစားတချို့ဟာ မှတ်ဉာဏ်ကို ပိုမိုထက်သန်စေဖို့ အားပေးပါတယ်။ အဲဒီလှိုင်းကလေးတွေဟာ ကျွန်တော်တို့တွေ့မြင်တဲ့အရာတွေကို ဟစ်ပိုကမ်းပတ်စ်လို့ခေါ်တဲ့ ဦးနှောက်ရဲ့သိမှတ်မှုအစိတ်အပိုင်းကနေ ရေရှည်မှတ်ဉာဏ်သိုလှောင်ရာ နီယိုကော်တပ်စ်ဆီကို သယ်ဆောင်ပေးပါတယ်။ အိပ်ရေးပျက်လွန်းရင် အဲဒီ ဦးနှောက်လှိုင်းကလေးတွေ လုပ်ဆောင်မှုနည်းပါးပြီး သတိမေ့တတ်ပါတယ်။

    ၆။ ကိုယ်အလေးချိန်တိုးခြင်း

    အိပ်ရေးပျက်ခြင်းဟာ စားသောက်မှုပုံစံကို ထိခိုက်စေပြီး အဝလွန်ခြင်းကိုပါ ဖြစ်ပေါ်စေပါတယ်။ စစ်တမ်းတခုမှာဖော်ပြချက်အရ တစ်နေ့ကို ၆နာရီအောက် အိပ်စက်သူများဟာ ၇-၉နာရီအိပ်စက်သူများထက် အဝလွန်နိုင်ခြေ ၃၀ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။

    ၇။ မတော်တဆမှုများ ဖြစ်ပွားခြင်း

    ကမ္ဘာပေါ်မှာဖြစ်ပျက်ခဲ့တဲ့ ဆိုးရွားလှတဲ့ မတော်တဆမှုတချို့ဟာ အိပ်ရေးပျက်ခြင်းနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ၁၉၈၆ မှာဖြစ်ပွားခဲ့တဲ့ ချာနိုးဘိုင်းနူကလိယဓါတ်ပေါင်းဖို မတော်တဆဖြစ်ပွားမှုလည်း အပါအဝင်ဖြစ်ပါတယ်။ စက်ယန္တရားတွေ မောင်းနှင်ရတဲ့ လုပ်ငန်းခွင်မှာ အိပ်ငိုက်ခြင်းဟာ အန္တရာယ်ကို ဖိတ်ခေါ်နေသလိုပါပဲ။ ဒါ့အပြင် အများနဲ့ဆိုင်တဲ့ ခရီးလမ်းပန်းနေရာတွေအတွက် အန္တရာယ်ဖြစ်စေပါတယ်။ အိပ်ငိုက်ပြီး ကားမောင်းခြင်းဟာ အရက်မူးပြီးကားမောင်းခြင်းလိုပဲ အန္တရာယ်ရှိပါတယ်။

    ၈။ ကိုယ်ရည်ကိုယ်သွေးကျဆင်းခြင်း

    အိပ်ရေးပျက်များလာရင် တွေးခေါ်မှတ်သားမှု အားနည်းလာပါမယ်။ အာရုံစိုက်ခြင်း၊ နိုးကြားခြင်း လျော့ပါးလာနိုင်ပါတယ်။ ဒီအခါမှာ သင့်ရဲ့ စာသင်ခန်း (သို့) လုပ်ငန်းခွင်မှာ သင့်ရဲ့အရည်အသွေး ကျဆင်းလာမှာ ဖြစ်ပါတယ်။

    ၉။ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းလျော့နည်းခြင်း

    အိပ်စက်မှုနည်းပါးခြင်းကြောင့် ပတ်ဝန်းကျင်အခြေအနေကို သုံးသပ်နိုင်စွမ်းလျော့နည်းခြင်း၊ စိတ်ရှုပ်ထွေးခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ပြဿနာကို ဖြေရှင်းနိုင်စွမ်းလည်း လျော့နည်းလာပါလိမ့်မယ်။ Gehrman ဆိုတဲ့ ပညာရှင်တစ်ဦးက ဒီလိုပြောပါတယ် လူတစ်ယောက်ဟာ တစ်နေ့ကို ၇-၈နာရီ အိပ်စက်နေရာက ၆နာရီလောက်ပဲ အိပ်စက်ဖြစ်တာ ကြာလာရင် အကျင့်လိုဖြစ်လာပါလိမ့်မယ်။ နောက်ပိုင်းမှာ သူ့ကိုယ်သူ ခံနိုင်ရည်ရှိသူတစ်ဦးလို့ ထင်လာပါလိမ့်မယ်။ ဒါပေမယ့် လက်တွေ့မှာ မကောင်းပါဘူး။ သူ့ရဲ့ ကျန်းမာရေးကို သိသိသာသာ မထိခိုက်စေရင်တောင် တခြားစွမ်းဆောင်ရည်တွေ၊ ဆင်ခြင်သုံးသပ်ပြီး ပြဿနာကိုဖြေရှင်းနိုင်စွမ်းတွေ ကျဆင်းသွားနိုင်ပါတယ်။

    ၁၀။ လူ့သက်တမ်းတိုလာခြင်း

    ယှဉ်ပြိုင်လုပ်ကိုင်စရာတွေများလာတဲ့ ယနေ့ခေတ်မှာ လူအများဟာ အိပ်စက်ချိန်ကို လျှော့ပြီး အလုပ်တွေပိုလုပ်လာကြပါတယ်။ ဒါကြောင့် ကျန်းမာရေးအားနည်းပြီး လူ့သက်တမ်းလည်း အရင်ထက် တိုတောင်းလာတယ်လို့ ၂၀၀၇ခုနှစ်က လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

    …………………

    အခုဖော်ပြခဲ့တဲ့အချက်တွေဟာ အချိန်လုံလောက်စွာ အိပ်စက်ခြင်းမပြုရင် တွေ့ကြုံရနိုင်တဲ့ဆိုးကျိုးတွေ ဖြစ်ပါတယ်။ မိမိဘဝတလျှောက်မှာ ကိုယ်ပိုင်စွမ်းအင်တွေကို ထိရောက်စွာ အသုံးပြုဖို့၊ ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် ကောင်းစွာအိပ်စက်အနားယူနိုင်ဖို့ လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 17/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement