သန်ကောင်တွေရဲ့ နောက်ဆက်တွဲ ပြဿနာ
သန်မချဘဲ ထားမယ်ဆိုရင် ကြာလာရင် သန်ကောင်တွေ ပွားလာမှာပါ။ သန်ကောင်ဆိုတာ ကပ်ပါးကောင် အမျိုးအစားပါ။ လူစားသမျှကို သူတို့ပါ စားနေရတဲ့ အတွက် ကိုယ်ထဲမှာ အကြာကြီး နေနိုင်ပါတယ်။ ဆယ်စုနှစ်နဲ့ ချီပြီးတော့ကို နေနိုင်တာပါ။ ဒီလောက်အကြာကြီးနေတာ ဖြစ်တဲ့ အတွက် ကြာလာရင် လူနာမှာ
- အာဟာရချို့တဲ့တာ ဖြစ်လာပါတယ်။
- ဘယ်လောက်စားစား ဝမလာပါဘူး။ (ကိုယ်စားသမျှက သန်ကောင်ဆီ ရောက်သွားလို့ပါ။)
- သန်ကောင်က လျှောက်သွားနေတဲ့အတွက် သည်းခြေပြွန် ပိတ်တတ် ပါတယ်။ သည်းခြေကျောက်တည်တတ်ပါတယ်။
- အူပိတ်တတ်ပါတယ်။
- အသက်ရှူလမ်းကြောင်းထိ ပိတ်တတ်ပါတယ်။
- ချိတ်သန်ကောင်ဆိုရင် အူလမ်းကြောင်းကို စုပ်ခွက်နဲ့ တွယ်ထားတဲ့ အတွက် နာတာရှည် သွေးယိုစိမ့်မှုဖြစ်ပြီး သွေးအားနည်းတတ်ပါတယ်။
သန်ချ တယ်ဆိုတာ ဘာလဲ။
သန်ချ တယ်ဆိုတာ သန်ချဆေးသောက်ပြီး သန်ကောင်တွေ သေအောင်လုပ်တာပါ။ အရင်ကလို သန်တွေ အကောင်လိုက် ကျမလာတော့ပါဘူး။ သန်တွေ ကြေသွားတဲ့ အတွက်ကြောင့် ပုံမှန် ဝမ်းသွားသလိုပါပဲ။
ဘယ်သူတွေ သန်ချ ရမလဲ။
ဘယ်သူမဆို သန်ချသင့်ပါတယ်။ သန်ချတာက ကလေးနဲ့ပဲ ဆိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ သန်က ကလေးမှ တွယ်တာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဘယ်သူမဆို သန်ချသင့်ပါတယ်။
ဘယ်လို သန်ချ ရမလဲ။
WHO အဆိုအရ ကလေးအသက် ၁နှစ်ကနေ ၁၂နှစ်အထိ တစ်နှစ်ကို အနည်းဆုံး တစ်ခါ ကနေ နှစ်ခါအထိ ချပေးရပါမယ်။ လူကြီးတွေလည်း ဒီတိုင်းပါပဲ။ ကိုယ်ဝန်ဆောင်တွေလည်း သန်ချရပါတယ်။ ကိုယ်ဝန် ၃လကျော်တာနဲ့ သန်စချလို့ရပါပြီ။
သန်ချ ခြင်းနဲ့ ပတ်သတ်ပြီး အယူအဆ အမှားများ
သန်ချတာနဲ့ ပတ်သတ်ပြီး လူတွေ အသိမှားတာ ရှိပါတယ်။
- သန်က နွေဘက် မချရဘူး။ မိုးတွင်းမှ ချရတာ။
ဒါ မဟုတ်ပါဘူး။ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ချလို့ရပါတယ်။ ၆လ တစ်ခါ သန်ချဖြစ်ရင် ရပါပြီ။
- သန်ချရင် ဝမ်းလျှောတတ်တယ်။
ဒါလည်း မဟုတ်ပါဘူး။ ဝမ်းက ပုံမှန်ပါပဲ။ သန်တွေ ကြေသွားလို့ သန်ကျတာတောင် မသိလိုက်ပါဘူး။
- သန်ကောင် တက်မလာအောင် ရင်ဘတ်မှာ ထုံးသားရတယ်။
တချို့သော သန်ကောင်တွေက အသက်ရှူလမ်းကြောင်းကို တက်လာပြီး ပြန်မြိုချလိုက်တဲ့အခါ ဗိုက်ထဲ ပြန်ရောက်သွားပါတယ်။ ဒီလို တက်မလာအောင် တချို့က ရင်ဘတ်မှာ ထုံးသား တတ်ပါတယ်။ ဒါက သန်ကောင်ကို မတားနိုင်ပါဘူး။ အကောင်းဆုံးနည်းလမ်းက သန်ချတာပါပဲ။
ပြန်ချုပ်ရမယ်ဆိုရင် လူတိုင်း အနည်းဆုံး ၆လတစ်ခါ သန်ချသင့်ပါတယ်။ သန်ထိုးမှ သန်ချရမှာ မဟုတ်ပါဘူး။ ပုံမှန် သန်ချရမှာပါ။ ကလေးနဲ့ပဲဆိုင်တာ မဟုတ်ပါဘူး။ လူကြီးတွေလည်း ချလို့ရပါတယ်။ ရာသီမရွေး ချလို့ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။