backup og meta

ခန္ဓာကိုယ်မှာ သန်ထနေရင် ဘယ်လိုသိနိုင်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခန္ဓာကိုယ်မှာ သန်ထနေရင် ဘယ်လိုသိနိုင်မလဲ

    သန်ကောင် တွေ ဆိုတာ အရေပြားကနေတဆင့်၊ အစားအသောက်ကနေတဆင့် ခန္ဓာကိုယ်ထဲကို အလွယ်တကူ ပျံ့နှံ့ကူးစက်နိုင်ပါတယ်။ သန်ကောင်ဥရှိနေတဲ့ နေရာကို ထိတွေ့မိရာက အရေပြားကနေ ထိုးဖောက်ကူးစက်နိုင်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ဒီလိုကပ်ပါးကောင်တွေရှိနေပြီ ဆိုရင် အပေါ်ယံမှာ မသိသာပေမယ့် လက္ခဏာထူးခြားတာတွေ ဖြစ်လာမှာသေချာပါတယ်။

    ဒီလက္ခဏာတွေ သတိထားကြည့်ပါ –

    (၁) ဝမ်းလျှောမယ်

    ဝမ်းလျှောခြင်းက ရောဂါအတော်များများရဲ့ အဖြစ်များတဲ့လက္ခဏာတစ်ခု ဖြစ်ပေမယ့် ကျန်းမာရေးနဲ့မညီတဲ့ အစားအသောက်တွေ စားသုံးခြင်း ကနေ နှလုံးနဲ့ အသက်ရှူလမ်းကြောင်းရောဂါ ပိုးဝင်ခြင်းအထိ အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ အူထဲမှာ သန်ကောင် တွေ များလွန်းလာတဲ့အခါ ဝမ်းပျက်တတ်ပါတယ်။ မစင်ထဲမှာ အကောင်တွေပါလာတာ တွေ့ရတတ်ပါတယ်။

    (၂) ဗိုက်အောင့်မယ်

    သန်ကောင် ကြောင့် ရံဖန်ရံခါ ဗိုက်အောင့်ဝေဒနာခံစားရပြီး ပြင်းထန်တဲ့အခါမျိုးလည်းရှိတတ်ပါတယ်။ အမျိုးသမီးတွေကျတော့ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတဲ့ဝေဒနာနဲ့ ဆင်တူတာကြောင့် သိပ်သတိမထားမိကြပါဘူး။ သန်ကောင်ကြောင့်ဖြစ်ရတဲ့ ဝေဒနာက ဝမ်းဗိုက်အောက်ပိုင်း၊ ဆီးစပ်နားလောက်မှာအောင့်စေတာပါ။ အူနံရံမှာ တိုက်ရိုက်ကပ်တွယ်စားသောက်နေတဲ့ သန်ကောင်တွေရှိနေတဲ့အခါ အာရုံကြောတွေကို ဆွသလိုဖြစ်လာပြီး နာကျင်မှုပြင်းထန်စေတာဖြစ်ပါတယ်။

    (၃) ကြီးထွားဖွံ့ဖြိုးမှု နှေးတယ်

    ဒီလက္ခဏာကတော့ ကလေးတွေနဲ့ မြီးကောင်ပေါက်လူငယ်တွေမှာ အဖြစ်များပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ ကပ်ပါးဖြစ်တဲ့ သန်ကောင်တွေက လက်ခံ ခန္ဓာကိုယ်ဆီက အာဟာရဓာတ်တွေကို စားသုံးရှင်သန်နေကြပါတယ်။ အဲဒီတော့ သန်ကောင်တွေက ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေကို စားသုံးပစ်တဲ့အခါ ကလေးတွေက ထွားသင့်သလောက် ထွားမလာဘဲ ရှိသင့်တာထက် အရပ်ပုနေတာ၊ ပိန်နေတာတွေ ဖြစ်နေတတ်ပါတယ်။ စားသလောက်အားမဖြစ်တဲ့ သဘောပါ။

    သင့်ကလေးက တစ်နေ့တာမှာ ပုံမှန်ထက် အိပ်ချိန်များနေပြီး နိုးလာချိန်မှာ ပင်ပန်းအားနည်းသလို ဖြစ်နေတာတွေ့ရရင်၊ အစားစားပေမယ့် ပိန်နေဆဲဖြစ်ရင် သန်ကောင်ကြောင့် ဖြစ်နေနိုင်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး သန်ချဖို့ စီစဉ်ပါ။

    (၄) မောပန်း နုံးချိတတ်လာမယ်

    ဒါကတော့ အာဟာရချို့တဲ့ တဲ့လက္ခဏာပါ။ သန်ကောင် တွေလောက် လူ့ခန္ဓာကိုယ်က အာဟာရဓာတ်တွေ မရလိုက်တဲ့အခါ လူက အားနည်းလာပြီး အိပ်ငိုက်ခြင်းကို ခံစားရမှာဖြစ်ပါတယ်။ အားမရှိသလို ခံစားရတဲ့ အပြောင်းအလဲတွေကို သတိထားမိလာတယ်ဆိုရင် တခြားသန်ထတဲ့လက္ခဏာတွေ ရှိနေသလား စပြီးစောင့်ကြည့်သင့်ပါပြီ။

    (၅) ချောင်းခြောက်ဆိုးမယ်

    လူ့ခန္ဓာကိုယ်ထဲမှာ သန်ကောင်အမျိုးအစားပေါင်းစုံရှိနေနိုင်ပါတယ်။ ဒါပေမယ့် သန်ကောင်ဥကနေ သားလောင်းဘဝအထိ ပထမအဆင့်အတွင်းမှာ အူထဲမှာတင်မကဘဲ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေ မှာလည်း ရှင်သန်နေထိုင်နိုင်ကြပါတယ်။

    တချို့သန်ကောင်တွေက အဆုတ်နဲ့ အစာရေမျိုမှာ တွယ်ကပ်ရှင်သန်ကြတဲ့အတွက် အာရုံသိတစ်ရှူးတွေ ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဆေးဝါးတွေ ထိုက်သင့်သလောက် သောက်သုံးနေတာတောင်မှ မသက်သာတဲ့ ချောင်းခြောက်ဆိုးတဲ့ဝေဒနာတွေဟာ သန်ကောင်ကြောင့် ဖြစ်နေနိုင်ပါတယ်။ ဒီလက္ခဏာက အတော်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပြီး ပင်ပန်းရပါတယ်။

    (၆) ရင်ကျပ်တာ၊ အသက်ရှူမဝတာတွေ ဖြစ်မယ်

    အဆုတ်ထဲမှာ သန်ကောင် တွေရှိနေတဲ့အခါ ရောင်ရမ်းမှုတွေဖြစ်စေပြီး ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်း၊ ဖျားခြင်း၊ ရင်ဘတ်အောင့်ခြင်းနဲ့ အသက်ရှူသံတရွှီရွှီဖြစ်နေခြင်း စတဲ့လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။

    (၇) အစာစားချင်စိတ် အပြောင်းအလဲဖြစ်မယ်

    သန်ကောင်တွေ ခန္ဓာကိုယ်ထဲများနေတဲ့အခါ သူတို့ရဲ့တည်ရှိမှုကို အပေါ်ယံကနေ မသိသာပေမယ့် အူတွင်းက အာရုံခံ stimuli တွေရဲ့သတင်းပေးပို့မှုကို ခန္ဓာကိုယ်က လက်ခံသိရှိနိုင်ပါတယ်။ အဲဒီ stimuli တွေက ဗိုက်ပြည့်နေပြီလို့ ဦးနှောက်ကို သတင်းပို့လိုက်ပေမယ့် ပြည့်နေတဲ့အရာက စားသုံးလိုက်တဲ့အစာလား၊ သန်ကောင်တွေလားဆိုတာ အတိအကျ မသိလိုက်နိုင်ပါဘူး။ ဒါ့ကြောင့် အစာစားချင်စိတ်မှာ ရုတ်တရက်အပြောင်းအလဲတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ အစားနည်းနည်းလေးနဲ့ ဗိုက်ပြည့်ပြီး အစားနည်းသထက်နည်းလာနိုင်ပါတယ်။

    တချို့သန်ကောင်အမျိုးအစားက အာဟာရဓာတ်တွေကို အများကြီးစားသုံးတတ်တာကြောင့်လည်း ခန္ဓာကိုယ်ကို အာဟာရချို့တဲ့စေနိုင်ပါတယ်။ ဒီလိုမျိုးဖြစ်လာရင် မကြာခဏ ဆာလောင်လာပြီး အစားပိုများလာတတ်ပါတယ်။

    အခုဖော်ပြခဲ့တဲ့လက္ခဏာတွေ ကိုယ့်မှာရှိနေရင် သန်ကျဆေးသောက်ဖို့ မတုံ့နှေးနေပါနဲ့တော့။ နောက်ပိုင်းမှာ သန်ချဖို့ အစွမ်းထက်တဲ့ဆေးဝါးတွေလည်း ရှိနေပြီဆိုတော့ လက္ခဏာတွေ ပိုဆိုးမလာခင် ကုသဖို့ သတိထားပါ။ ဒီထဲက လက္ခဏာနှစ်ခုနဲ့အထက် ကိုယ့်မှာရှိနေရင် ၊ပြင်းထန်ရင် ဆရာဝန်ပြဖို့ အကြံပြုချင်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement