backup og meta

သန်ကောင်တွေရဲ့ အန္တရာယ်ကနေ ကင်းဝေးအောင် နေကြမယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သန်ကောင်တွေရဲ့ အန္တရာယ်ကနေ ကင်းဝေးအောင် နေကြမယ်။

    ကျွန်ုပ်တို့ နေထိုင်ရာ ပတ်ဝန်းကျင်မှာ လူတွေကို ဒုက္ခပေးနိုင်တဲ့ သန်လုံးကောင်သန်ပြားကောင်၊ သန်ချိတ်ကောင် စတဲ့ သန်ကောင်တွေ အများကြီးရှိနေပါတယ်။ အကောင်အမျိုးအစားအပေါ် မူတည်ပြီး သန်ကောင် တွေဟာ ခန္ဓာကိုယ်ထဲကို အစာလမ်းကြောင်းက တစ်ဆင့် (သို့) အရေပြားတွေကတစ်ဆင့် ဖောက်ပြီး ဝင်လာနိုင်ပါတယ်။  ခန္ဓာကိုယ်ထဲရောက်လာတဲ့အခါ ကပ်ပါးကောင်တွေလိုမျိုး ကျွန်ုပ်တို့ စားသောက်ထားတဲ့ အာဟာရဓာတ်တွေကို စုပ်ယူစားသုံးပြီး ရှင်သန်ကြပါတယ်။ ဒီလို အာဟာရဓာတ်တွေကို စုပ်ယူရုံတင်မကဘဲ လူသားတွေကိုလည်း ဘေးအန္တရာယ်ဖြစ်စေနိုင်ပါသေးတယ်။ မြန်မာနိုင်ငံမှာ ကူးစက်ရောဂါ အဖြစ်များတဲ့အတွက် သန်ကောင်တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ထားဖို့ လိုပါတယ်။

    သန်ကောင် တွေကြောင့် ဖြစ်နိုင်သော ကျန်းမာရေးဆိုးကျိုး လက္ခဏာများ။

    ၁။ ဗိုက်နာခြင်း။

    ၂။ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း။

    ၃။ ပျို့အန်ခြင်း။

    ၄။ ရင်ပြည့်သလို ခံစားရခြင်း။

    ၅။ အကြောင်းမဲ့ ကိုယ်အလေးချိန်ကျလာခြင်း။

    ၆။ အရေပြား ယားယံမှုဖြစ်ခြင်း။

    ၇။ မောပန်းလွယ်ခြင်း စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။

    ဒါ့အပြင် နောက်ဆက်တွဲ အနေနဲ့ သန်ကောင်တွေကြောင့် အူလမ်းကြောင်းပိတ်ဆို့ခြင်း ၊သွေးအားနည်းခြင်း စတဲ့ ဆိုးကျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

    ဒါဆို သန်ကောင်တွေရဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ ဘာတွေလုပ်ကြမလဲ။

    (၁) သန်ချကြမယ်။

    သန်ကောင်တွေကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေကို ကာကွယ်နိုင်ဖို့အတွက် အခြေခံအကျဆုံး နဲ့ အလွယ်ကူဆုံး နည်းလမ်းတစ်ခုက သန်ချဆေး တိုက်ကျွေးတာပဲဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံ တစ်ခုမှာ နေထိုင်တဲ့သူတွေ အနေနဲ့ လူတိုင်း ၆လ တစ်ကြိမ် သန်ချဆေးသောက်ကြဖို့ လိုအပ်ပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာနကလည်း အလျင်းသင့်သလို ကျောင်းများ၊ ရပ်ကွက် ကျန်းမာရေးဌာနများ အပြင် ကျေးလက် ကျန်းမာရေးဌာနများမှာ သန်ချဆေးတိုက်ကျွေးခြင်းများ ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် သန်ချဆေးများကို ဆေးဆိုင်၊ ဆေးခန်းတွေမှာလည်း အလွယ်တကူ ရရှိနေနိုင်ပြီဖြစ်ပါတယ်။

    အထူးသဖြင့် ကလေးငယ်တွေမှာလည်း အဖြစ်များတာကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO-World Health Organization) က ကလေးငယ်တွေမှာလည်း အသက် ၁ နှစ်ကစပြီး ၁နှစ်တစ်ကြိမ် (သို့) ၆လ တစ်ကြိမ်လောက် သန်ချပေးကြဖို့ တိုက်တွန်းထားပါတယ်။ WHO ရဲ့ ညွှန်ကြားချက်အရ အသက် ၁နှစ်ကျော် အရွယ်ကစပြီး သန်ချဆေး Albendazole (400mg) (သို့မဟုတ်) Mebendazole (500mg) ကို တစ်ကြိမ်တိုက်နိုင်ပြီး အသက် ၁နှစ်အောက်ကလေးလေးတွေအတွက် ဆိုရင်တော့ တစ်ဝက်ပမာဏ Albendazole (200mg) ပဲတိုက်သင့်ပါတယ် လို့ပြောထားပါတယ်။

    ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေ အနေနဲ့ကတော့ သန်ကောင်ဝင်ခြင်း အဖြစ်များတဲ့ နေရာ (သို့) သန်ကောင်ကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ အဖြစ်များတဲ့ နေရာတွေမှာ နေထိုင်တယ်ဆိုရင်တော့ Albendazole (400mg) (သို့မဟုတ်) Mebendazole (500mg) တစ်ကြိမ်ကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကိုယ်ဝန် ပထမ၃လ နောက်ပိုင်းမှာ သောက်နိုင်ပါတယ်။

    ပုံမှန်သန်ချပေးတာအပြင် သန်ကောင်မဝင်လာအောင် ကြိုတင်ကာကွယ်ခြင်းကလည်း အရေးကြီးတာကြောင့်

    • အသားစိမ်း၊ ငါးစိမ်းတွေကို စားသောက်တာ ရှောင်ကြဉ်ပါ။
    • အသား၊ ငါးတွေကို သေသေချာချာ ကျက်အောင် ချက်ပြုတ်ပြီးမှ စားပါ။
    • သေသေချာချာ သန့်စင်ထားတဲ့ ရေသန့်ကိုသောက်ပါ။ ရေသန့်မရှိတဲ့နေရာတွေမှာ ဆိုရင်လည်း ရေကို ကျိုချက်ပြီး သောက်ပါ။
    • အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း သေသေချာချာ ဆေးကြော သန့်စင်ပေးပါ။
    • အစားအစာတွေ မကိုင်တွယ်ခင်၊ ကိုင်တွယ်ပြီး ၊ ကလေးကို အစားအစာမကျွေးခင် နဲ့ အိမ်သာအသုံးပြုပြီး၊ ညစ်ပတ်တဲ့အရာတွေကို ကိုင်တွယ်အပြီး စတဲ့ အချိန်တွေမှာ လက်ကို စင်ကြယ်အောင်ဆေးဖို့ မမေ့ပါနဲ့။
    • မိမိ ကိုယ်ခန္ဓာသန့်ရှင်းရေးအပြင် မိမိကလေးငယ်ရဲ့ သန့်ရှင်းရေးကိုလည်း ဂရုစိုက်ပါ။
    • ဗွက်တွေ၊ ရွှံ့တွေရှိတဲ့နေရာတွေကို သွားတဲ့အခါ ဖိနပ်သေသေချာချာစီးပါ။

    စတဲ့ ကြိုတင်ကာကွယ်မှုတွေကိုလည်း လိုက်နာဖို့ လိုအပ်ပါတယ်။

    ဒီဆောင်းပါးလေးဖတ်ပြီးတဲ့အခါမှာ သန်ကောင်တွေရဲ့ ရန်ကနေ ကင်းဝေးစေဖို့အတွက် သန့်ရှင်းအောင် နေထိုင် စားသောက်ဖို့ရော၊ သန်ချဖို့ရော မမေ့ကြပါနဲ့နော်။

    ရေးသားသူ- Khine Phoo Ngon

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement