backup og meta

သင့်အူလေးတွေ မကျန်းမာကြောင်း ပြနေတဲ့ အချက် ၇ ချက် ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အူလေးတွေ မကျန်းမာကြောင်း ပြနေတဲ့ အချက် ၇ ချက် ။ ။

    ဟိုနေ့က အစပ်လေးစားမိလိုက်တာ ဒီနေ့တော့ ပန်းကမ္ဘာထဲ ရောက်သွားပြီ။ အစားလေးနည်းနည်းပဲ စားမိတယ် ဘာမှတောင် မလုပ်ရသေးဘူး ဗိုက်ကအောင့်နေပြီ။ တင်းနေပြီ ပြည့်သလိုတွေ ခံစားနေရတယ် ဆိုတဲ့ဝေဒနာတွေကို ခံစားဖူးတဲ့သူတွေရှိကြမှာပါ။ အခြားသူတွေလည်း ကိုယ့်နည်းတူ စားနေကြတာပဲ။ ကိုယ့်ကျမှ ဒါမျိုးတွေ ခံစားရတယ်ဆိုတာ ကိုယ့်အူလမ်းကြောင်း မကျန်းမာလို့ ဖြစ်ရတာတွေပါ ။ ဒါဆို ကိုယ့်အူလေးတွေ မကျန်းမာဘူးဆိုတာကို ဘယ်လို အချက်တွေကနေ သိနိုင်သလဲ ။ ။

    ဒီလို အချက်တွေရှိနေပြီဆိုရင်တော့ သင်အူလမ်းကြောင်းကျန်းမာရေးကို ပြန်ဂရုစိုက်ဖို့လိုနေပြီနော် ။ ။

    ( ၁ ) ဗိုက်ထဲမှာ လေတွေပြည့်ပြီး ကယ်နေတာ၊ ဝမ်းခဏခဏပျက်တာ၊ လေအောင့်တာ။

    ဒီ အချက် ၃ ချက်က ဗိုက်ထဲက အူလမ်းကြောင်း မကျန်းမာတဲ့အကြောင်း ထိပ်ဆုံးက ပြနေတဲ့ အချက် ၃ ချက်ဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ အူထဲမှာ ရှိတဲ့ ကောင်းတဲ့ ဘက်တီးရီးယားလေးတွေနဲ့ အပြင်က ဝင်လာတဲ့ မကောင်းတဲ့ ဘက်တီးရီးယားလေးတွေ အရေအတွက်မမျှတာကြောင့် ဖြစ်ရတာပါ။ ဒီလိုနဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေ များလာပြီး ဝမ်းလျှောပါတော့တယ်။

    လေထတာကကျတော့ အူတွင်းမှာ အစားလိုက်တဲ့ အစားအစာတွေ အချဉ်ပေါက်တာ၊ အစာခြေအက်ဆစ်လုံလုံလောက်လောက် မထွက်တာနဲ့ စားလိုက်တဲ့အစားအစာတွေကို အူတွင်းက အကျိုးပြု ဘက်တီးရီးယားလေးတွေက မဖြိုခွဲနိုင်တာကြောင့် ဖြစ်ရတာပါ။ လေပွစေတဲ့အစားအစာတွေ အများကြီးစားမိတာလည်း ပါမှာပေါ့။

    ( ၂ ) အချိုမုန့်တွေ ကို တောင့်တနေတာ ။

    သိပ္ပံပညာရှင်တွေ လေ့လာချက်အရ ဗိုက်ဆာခြင်း မဆာခြင်းကို ထိန်းချုပ်တဲ့ leptin နဲ့ ghrelin ဟော်မုန်းတွေနဲ့ဆင်တူတဲ့ ပရိုတင်းတစ်မျိုးကို အူတွင်းက ဘက်တီးရီးယားလေးတွေက ထုတ်လေ့ရှိပါတယ်။ အဲဒီ ပရိုတင်းကပဲ အစားစားချင်တဲ့စိတ်နဲ့ ကိုယ့်စိတ်အခြေအနေကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ တကယ်ဆို အရာရာကို ညီမျှအောင် စားရမယ့်အစား အူအတွင်းက ဘက်တီးရီးယားတွေ မကျန်းမာတာများလာတော့ ထုတ်တဲ့ ပရိုတင်းတွေလည်း ပုံမှန် မဟုတ်တော့ဘဲ ကျန်းမာတဲ့ အစားအစာတွေ အစား သကြားများတဲ့ အချိုသရေစာမုန့်တွေကို ပိုတောင့်တလာတတ်ကြပါတယ်။ သကြားပိုစားလေ မကောင်းတဲ့ဘက်တီးရီးယားတွေအတွက် အစာကျွေးမိသလိုဖြစ်လေလေ သကြားပိုစားချင်လေလေနဲ့ သံသရာလည်နေတတ်ပါတယ်။

    ( ၃ ) ခံတွင်းနံ့ ဆိုးတာ ။

    တာရှည်ခံတွင်းနံ့ဆိုးခြင်းကို ဆေးပညာအရဆို halitosisလို့ ခေါ်ကြပါတယ်။ ပုံမှန်ဆို ဒီ halitosis က သွားကြားနဲ့ လျှာပေါ်မှာ ရှိနေတဲ့ ဘက်တီးရီးယားတွေကြောင့် ဖြစ်တာများပေမယ့် အူတွင်းက အကျိုးပြု ဘက်တီးယားတွေနည်းနေတဲ့အခါမျိုးမှာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခံတွင်းနံ့ဆိုးနေပြီဆိုရင် သွားနဲ့ခံတွင်း သန့်ရှင်းရေးကို သေချာမလုပ်တာကြောင့် ဖြစ်နိုင်တာ မှန်ပေမယ့် အူလမ်းကြောင်း မကျန်းမာတာကြောင့် ခံတွင်းနံ့ဆိုးတတ်တာကိုလည်း မေ့ထားလို့ မရပါဘူး။

    ( ၄ ) အစားအစာတွေနဲ့ ဓာတ်မတည့်တာ။

    ကိုယ့်အူလမ်းကြောင်း မကျန်းမာတဲ့အခါ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ gluten များတဲ့ အစာအစာတွေနဲ့ ဓာတ်မတည့်တာတွေ အများဆုံး ဖြစ်တတ်ပါတယ်။ အူတွင်းက အကျိုးပြု ဘက်တီးရီးယားလေးတွေက ဘယ်အစားအစာကိုတော့ စုပ်ယူထားရမယ် ဘယ်ဟာကိုတော့ စွန့်ပစ်ရမယ်ဆိုတာကို ဆုံးဖြတ်ပေးတာဖြစ်တာဖြစ်ပြီး သူတို့ဟာ ကိုယ်တွင်းကို အစားအစာတွေမှာပါတဲ့ ဘက်တီးရီးယားတွေ မဝင်အာင် စောင့်ကြပ်ရတဲ့သူတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ မကျန်းမာတဲ့အခါ ဗိုက်ထဲဝင်လာသမျှ အစားအစာတွေကပါတဲ့ ရောဂါပိုးမွှားတွေကိုတားဆီးနိုင်စွမ်းမရှိတော့တဲ့အပြင် ပုံမှန်မဟုတ်တဲ့ ပရိုတင်းတွေကိုလည်းထုတ်ပါတော့တယ်။ ဒီ ပုံမှန်မဟုတ်တဲ့ ပရိုတင်းတွေကို ခုခံအားစနစ်ကြီးက ရှင်းဖို့လာတိုက်ရာကနေ အစားအစာတွေနဲ့ ဓာတ်မတည့်ခြင်း စဖြစ်တော့တာပါပဲ။

    ( ၅ ) စိုးရိမ်မှုတွေများနေတာ၊ စိတ်ဓါတ်ကျရောဂါတွေ ခံစားရတာ။

    အူဆိုတာ စိတ်ရဲ့ ကြေးမုံပြင်လို့ ပြောကြတဲ့စကားကို ကြားဖူးကြမှာပါ။ happy hormone လို့ခေါ်တဲ့ serotonin အများစုနဲ့ dopamine တစ်ဝက်လောက်ကို အူအတွင်းမှာ ဖွဲ့စည်းတာ ဖြစ်တာကြောင့် leaky gut လို့ခေါ်တဲ့ အူမကျန်းမာတဲ့ ပြဿနာဖြစ်နေရင် ပျော်ရွင်ခြင်း ဟော်မုန်းတွေ ထုတ်ခြင်း လျော့ကျသွားပါတယ်။ ဒီလိုနဲ့ စိတ်ညစ်စရာတွေ၊ စိတ်ဓာတ်ကျတာတွေ ရောက်လာတော့တာပေါ့။

    ( ၆ ) နှင်းခူရောဂါ။

    အူမကျန်းမာကြောင်း ပြနေတဲ့ နောက်ထပ် ထင်ရှားတဲ့ ကျန်းမာရေးပြဿနာကတော့ ECZEMA လို့ခေါ်တဲ့ နှင်းခူ ပြဿနာပဲ ဖြစ်ပါတယ်။ ဒါကလည်း Leaky gut ဖြစ်ရင် ထွက်လာတဲ့ ပုံမှန် မဟုတ်တဲ့ ပရိုတင်းတွေကြောင့် အဓိက ဖြစ်ရတာပါ။

    ( ၇ ) ခုခံအားစနစ်ကိုလည်း အားနည်းစေပါတယ်။

    အစာခြေစနစ်နဲ့ ခုခံအားစနစ်ဆိုတာ ဆက်စပ်နေပါတယ်။ ပြင်ပက အရာတွေ အများဆုံးဝင်နိုင်တဲ့ အစာလမ်းကြောင်းကို စောင့်ကြပ်ပေးတာ အူအတွင်းမှာ ရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေဖြစ်တာကြောင့် သူတို့ဟာ ကိုယ်တွင်း ခုခံအားစနစ်ရဲ့ နယ်ခြားစောင့်တပ်ဆိုရင်လည်းမမှားပါဘူး။ သူတို့ မကျန်းမာတဲ့အခါ သေချာ မစောင့်ကြပ်နိုင်တော့တာကြောင့် ရောဂါပိုးတွေ ဝင်တာများပြီး ခုခံအား စနစ် အားနည်းသွားတတ်ပါတယ် ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement