brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အန်တဲ့အခါ ဝမ်းသွားတဲ့အခါ သွေးပါခြင်း

အန်တဲ့အခါ သွေးပါတာ၊ ကော်ဖီရောင်အန်တာ၊ ဝမ်းသွားတဲ့အခါ သွေးပါတာ၊ ကတ္တရာစေးလို ဝမ်းမည်းမည်းတွေသွားတာက အစာအိမ်နဲ့ အူလမ်းကြောင်း တစ်နေရာရာမှာ သွေးယိုနေတဲ့ လက္ခဏာပါ။ ဒါပေမယ့် သိပ်မစိုးရိမ်ပါနဲ့လို့ ပြောပါရစေ။ အကြောင်းကတော့ ဆေးပညာတွေ တိုးတက်နေတဲ့ ဒီလိုအချိန်မှာ အချိန်မီသာသိမယ်ဆိုရင် ကုသလို့ နည်းလမ်းတွေ အများကြီး ရှိနေလို့ပါ။ 

အစာခြေစနစ်မှာ သွေးထွက်ရတဲ့ အကြောင်းအရင်းများ။

အစာခြေစနစ် အပေါ်ပိုင်းမှာ သွေးထွက်တဲ့အခါ အန်ရင် သွေးပါတာမျိုး ဖြစ်စေနိုင်ပြီး အစာခြေစနစ် အောက်ပိုင်းမှာ သွေးထွက်တဲ့အခါ ဝမ်းသွားရင် သွေးပါတာမျိုး ဖြစ်နိုင်ပါတယ်။

အစာခြေစနစ် အထက်ပိုင်းမှာ သွေးထွက်ရတဲ့ အကြောင်းအရင်း

  • Peptic ulcer (အစာအိမ် အနာ) 
  • အစာရေမျိုနံရံ စုတ်ပြဲတာ
  • အစာရေမျိုသွေးပြန်ကြော ကြီးနေတာ 
  • အစာရေမျို ရောင်ရမ်းခြင်း
  • အစာခြေစနစ် အောက်ပိုင်းမှာ သွေးထွက်ရတဲ့ အကြောင်းအရင်း

    • Diverticular disease (အူနံရံ အိတ်တည်ရောဂါ) 
    • အူရောင်ရမ်းခြင်း (IBD) 
    • အစာခြေစနစ်တစ်လျှောက်က အကျိတ်တွေ 
    • အူမကြီး အသားပို 
    • လိပ်ခေါင်း 
    • စအိုကွဲခြင်း 
    • စအိုရောင်ခြင်း 

    အစာခြေစနစ်မှာ သွေးထွက်နေတာလား သိနိုင်မယ့် အခြေအနေ။

    • အန်တဲ့အခါ သွေးပါလာတာ
    • ကော်ဖီရောင်လို ညိုတိုတိုတွေ အန်တာ
    • ဝမ်းထဲမှာ သွေးတွေပါလာတာ
    • ဝမ်းက ကတ္တရာစေးလို မည်းနေတာ (တစ်ခါတလေမှာ သံဓာတ် အားဖြည့်ဆေးသောက်တာကြောင့် ဝမ်းကအမည်းရောင် ဖြစ်နိုင်တယ်ဆိုတာကို သတိချပ်စေချင်ပါတယ်)
    • အစာအိမ်တစ်ဝိုက်က အောင့်နေတာ
    •  အားနည်းနေတာ
    • ဖျော့တော့နေတာ

    ဘယ်လို ကုသမှု ခံယူရမလဲ။

    အစာခြေစနစ်မှာ သွေးထွက်တာမျိုး ဖြစ်နေတဲ့အခါ အရင်ဆုံးက ပြဿနာရှိနေတာက အစာခြေစနစ်ရဲ့ ဘယ်အပိုင်းလဲဆိုတာကို အရင်ဆုံး အတည်ပြုဖို့ အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်တဲ့ နည်းကို သုံးပါတယ်။ ဒီနောက်မှာတော့ သွေးထွက်နေတဲ့နေရာက အစာခြေစနစ် အထက်ပိုင်းမှာ ဖြစ်နေမယ်ဆိုရင် မှန်ပြောင်းကနေတဆင့် သွေးထွက်နေတဲ့ နေရာကို အပ်နဲ့ ဓာတုပစ္စည်းကို တိုက်ရိုက်ထိုးသွင်းပြီး သွေးတိတ်အောင် လုပ်ဆောင်ပေးပါတယ်။

    တကယ်လို့ အစာခြေစနစ်ထဲက နေရာတစ်ခုခုမှာ အကျိတ်ဖြစ်တာကို ဖယ်ရှားဖို့ဆိုရင်တော့ ခွဲစိတ်ကုသမှု ခံယူဖို့လိုပါမယ်။ ဒီလို အခြေအနေမှာ open surgery ကို အသုံးပြုလို့ရသလို အနာကျက်မြန်စေပြီး ဒဏ်ရာကြီးကြီးမားမား မကျန်စေဖို့ဆိုရင်တော့ Minimally invasive laparoscopic (keyhole) surgery က ပိုအဆင်ပြေပါမယ်။။

    ဒီ ကုသမှုလုပ်တဲ့အခါ ဝမ်းဗိုက်မှာ သေးငယ်တဲ့ အပေါက်လေးတွေဖောက်မှာပါ။ အဲ့ဒီ အပေါက်လေးတွေကနေ မှန်ပြောင်းအသေးစားလေးတွေကို ထည့်သွင်းပြီး ခွဲစိတ်မှာပါ။ သုံးဖက်မြင် ကင်မရာပါတဲ့အတွက် ခွဲစိတ်မယ့်နေရာကို ရှင်းရှင်းလင်းလင်း မြင်ရမှာပါ။ စက်ရုပ်လက်တံတွေကို အသုံးပြုထားတဲ့အတွက် ခွဲစိတ်မှုတွေကို တိတိကျကျ လုပ်ဆောင်နိုင်ပါတယ်။ ဒဏ်ရာသေးသလို နလန်ထချိန်လည်း မြန်တဲ့အတွက် ဆေးရုံက မြန်မြန်ဆင်းရပါတယ်။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/01/2022 ဖြစ်ပါသည်။