backup og meta

အသည်းအစားထိုးကုသမှုအကြောင်း သိကောင်းစရာ

အသည်းအစားထိုးကုသမှုအကြောင်း သိကောင်းစရာ

သင့်အသည်းမှာ ပြင်းထန်တဲ့ အမာရွတ်ထင်ကျန်ခြင်းကြောင့် အသည်းလုပ်ငန်းဆောင်တာ ကောင်းစွာ မလုပ်နိုင်ဘူးဆိုရင် သင့်ဆရာဝန်က သင့်ကို အသည်းအစားထိုးဖို့ အကြံပြုနိုင်ပါတယ်။

အသည်းအစားထိုးခြင်းဆိုတာ ဘာလဲ။

အသည်းအစားထိုးခြင်းဟာ သင့်ကို အသည်း ကျန်းမာတဲ့ အသည်းအသစ် (အလှူရှင်အသည်း)ကို အစားထိုးပေးခြင်း ဖြစ်ပါတယ်။

အသည်းအစားထိုးခြင်းမှာ ခွဲစိတ်မှု သုံးခု ပါဝင်ပါတယ်။ အလှူရှင် ခွဲစိတ်ခြင်း၊ အစားထိုးအသည်းကို ပြင်ဆင်ခြင်းနဲ့ လက်ခံသူ ခွဲစိတ်ခြင်းတွေပဲ ဖြစ်ပါတယ်။ အစားထိုးကုသမှုအတွက် ပူးပေါင်းဆောင်ရွက်သူတွေဟာ ဒီခွဲစိတ်မှုတွေကို ညှိနှိုင်းပေးမှာ ဖြစ်ပါတယ်။

အလှူရှင် ခွဲစိတ်ခြင်း

အလှူရှင် ခွဲစိတ်ခြင်းဟာ အလှူရှင် အသည်းကို ဖယ်ထုတ်လိုက်တာ ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုဟာ အလှူရှင်အသည်းကို အရင်းအမြစ် သုံးခုကနေ ရရှိမှာ ဖြစ်ပါတယ်။

• အလှူရှင်ဟာ မကြာသေးမီကမှ သေဆုံးသွားသူဖြစ်ပြီး အသည်းကို ကျန်ရစ်သူမိသားစုရဲ့ သဘောတူညီချက် (သို့) သေဆုံးသူ အသက်ရှင်စဉ် လှူဒါန်းထားချက်တွေကြောင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါကို သေဆုံးသူ ကိုယ်အင်္ဂါလှူဒါန်းခြင်းလို့ ခေါ်ပါတယ်။

ဒီအခြေအနေမှာ ကိုယ်အင်္ဂါတွေကို ဖယ်ထုတ်ခြင်းမပြုမီ သူတို့ရဲ့ လုပ်ငန်းဆောင်တာကို ထိန်းသိမ်းသင့်ပါတယ်။ အလှူရှင်ကို အသက်ရှင်မှုကို လှုံ့ဆော်ပေးဖို့ အသက်ရှူစက် တပ်ပေးထားမှာ ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုဟာ ကျောက်ကပ်၊ နှလုံး၊ အဆုတ်၊ တစ်ခါတရံ မုန့်ချိုအိတ်၊ အူသိမ်၊ မျက်ကြည်လွှာ၊ အရေပြား၊ အရိုးအစရှိတဲ့ ကိုယ်အင်္ဂါအမြောက်အမြားကို ဖယ်ထုတ်တဲ့ ခွဲစိတ်မှု ဖြစ်နိုင်ပါတယ်။

• အခြား အမျိုးအစားတစ်မျိုးကတော့ အသက်ရှင်နေသူရဲ့ ကိုယ်အင်္ဂါ အစားထိုးခြင်းပဲ ဖြစ်ပြီး အသက်ရှိသူ အလှူရှင်ရဲ့ အသည်းတစ်စိတ်တစ်ပိုင်းကို လူနာကို အစားထိုးပေးမှာ ဖြစ်ပါတယ်။ အသည်းဟာ လှူဒါန်းသူရဲ့ ကျန်ခဲ့တဲ့ အသည်းအစိတ်အပိုင်းမှာရော၊ လက်ခံသူရရှိတဲ့ တစ်စိတ်တစ်ပိုင်းမှာပါ ပုံမှန် အရွယ်အစား ပြန်ရောက်အောင် ပွားနိုင်ပါတယ်။

• တတိယ အမျိုးအစားကတော့ ခွဲခြမ်းမျှဝေလှူဒါန်းခြင်း ဖြစ်ပါတယ်။ ဒီအမျိုးအစားမှာတော့ အသည်းကို မကြာသေးမီက သေဆုံးသူထံမှ ယူမှာဖြစ်ပြီး နှစ်ခြမ်းပိုင်းမှာ ဖြစ်ပါတယ်။ ကြီးမားတဲ့ အပိုင်းနဲ့ သေးငယ်တဲ့ အပိုင်း ခွဲမှာ ဖြစ်ပြီး ဒီနှစ်ပိုင်းကို လူနှစ်ယောက်ထံ အစားထိုးကုသပေးမှာ ဖြစ်ပါတယ်။ ဒီအစိတ်အပိုင်းနှစ်ခုလုံးဟာ အချိန်ကြာလာတာနဲ့ အမျှ ပုံမှန် အသည်းအရွယ်အစားကို ပြန်ရောက်လာမှာ ဖြစ်ပါတယ်။

အစားထိုးအသည်းကို ပြင်ဆင်ခြင်း

အစားထိုးအသည်းကို ပြင်ဆင်ခြင်းဆိုသည်မှာ အလှူရှင်အသည်းကို ပြုပြင်ဖို့ ဖြစ်ပြီး သန့်ရှင်းခြင်း၊ လိုအပ်ရင် အသည်း ဖြတ်ထုတ်ခြင်းတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

လက်ခံသူကို ခွဲစိတ်ခြင်း

ဒီခွဲစိတ်မှုမှာ အလှူရှင်ရဲ့ အသည်းကို အစားထိုးမှာ ဖြစ်ပါတယ်။ သင့်ကို နာကျင်မှုအတွက် မေ့ဆေးပေးမှာဖြစ်ပြီး သွေးဆုံးရှုံးမှုကို လျော့နည်းစေဖို့ ဆေးတွေ ပေးမှာ ဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်ဟာ အသည်းကို အစားထိုးဖို့ ဝမ်းဗိုက်အတွင်းမှာ ဓါးရာ ပေးမှာ ဖြစ်ပါတယ်။ သူတို့ဟာ ခွဲစိတ်ကုသမှုအပြီးမှာ ကိုယ်ခန္ဓါလုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နိုင်စေဖို့ ပြွန်အချို့ကိုလည်း ထည့်ထားပေးမှာဖြစ်ပါတယ်။

ဘယ်သူတွေက အသဲအစားထိုးကုသမှုကို ရရှိနိုင်သလဲ။

အသည်းအစားထိုး ခွဲစိတ်မှုကို အသည်းပျက်စီးနေသူ မည်သူမဆို ကလေးမှ လူကြီးအထိမှာ ပြုလုပ်နိုင်ပါတယ်။ အသည်းဟာ ရောဂါပိုးဝင်ခြင်း၊ ရောဂါရှိခြင်း၊ အရက် အစရှိတာတွေကြောင့် ပျက်စီးနိုင်ပါတယ်။ နာတာရှည် ရောဂါတွေဖြစ်တဲ့ အသည်းခြောက်ခြင်းနဲ့ အသည်းရောင်ရောဂါပိုးဘီပိုး ၊ စီပိုး နဲ့ အရက်ကြောင့် အသည်းခြောက်ခြင်းတို့ဟာ အသဲအစားထိုးခြင်းရဲ့ အဓိက အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုလောက်တည်းက အသည်းအစားထိုးမှုလိုအပ်သူတွေဟာ ၉၀ရာခိုင်နှုန်း ပိုများလာခဲ့ပေမယ့် လှူဒါန်းသူ အရေအတွက်ကတော့ ပြောင်းလဲခြင်း မရှိပါဘူး။ ဒါကြောင့် အသည်းရောဂါနောက်ဆုံးအဆင့်ကြောင့် သေဆုံးသူ အရေအတွက် များပြားလာတာကို တွေ့ရပါတယ်။

အခြားကိုယ်အင်္ဂါအစားထိုးခြင်းတွေလိုပဲ လိုအပ်ချက်ဟာ ရရှိနိုင်မှုထက် များပြားနေပါတယ်။ အသည်းအစားထိုးခြင်းရဲ့ လိုအပ်ချက်တွေကို ပြည့်ဝနိုင်ဖို့ လိုအပ်ပါတယ်။ အောက်ပါအချက်တွေကတော့ သင်မျှော်လင့်ထားရမယ့် အရာတွေပဲ ဖြစ်ပါတယ်။

• ဘဝအရည်အသွေးကို ထိခိုက်နိုင်မယ့် လက္ခဏာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။

• အစားထိုးခွဲစိတ်မှုအပြီးမှာ အသက်ရှင်နှုန်း စစ်တမ်းကို ပြုလုပ်ရနိုင်ပါတယ်။

• စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေကို ကျော်လွှားနိုင်ဖို့ လိုပါတယ်။

• အစားထိုးကုသမှုအတွက် ငွေကြေး အဆင်သင့် ဖြစ်ဖို့ လိုအပ်ပါတယ်။

• သင့်လျော်တဲ့ ဆရာဝန်ရှိဖို့လည်း လိုအပ်ပါတယ်။

အသည်းအစားထိုးကုသဖို့ ဘာတွေကို ပြင်ဆင်ထားရမလဲ။

အသည်းအစားထိုးကုသမှု မပြုလုပ်ခင် သင်ဟာ စိတ်ရော ကိုယ်ပါ ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ အစားထိုးခွဲစိတ်ရမယ့်စိတ် ထည့်ထားပြီးတော့ အစားထိုးခွဲစိတ်ပြီးရင် ဘာကိုမျှော်လင့်ထားရမလဲဆိုတာ သင်ယူထားသင့်ပါတယ်။ အစားထိုးခွဲစိတ်မှုမပြုခင် သင့်ဘဝအခြေအနေကို စဉ်းစားပြီး အစားထိုးပြီးရင် ဘယ်လိုပြောင်းလဲသွားမယ်ဆိုတာကို တွေးတော ထားသင့်ပါတယ်။

သင်ဟာ စောင့်ဆိုင်းစာရင်းမှာ ရှိနေရင် အစားထိုးခွဲစိတ်မှုမလုပ်ခင် လိုအပ်တဲ့ ငွေကြေးနဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ ကျန်းမာတဲ့အစားအသောက်တွေ စားသောက်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း အစရှိတဲ့ ကျန်းမာစေတဲ့ နေထိုင်ပုံတွေ ပြုလုပ်သင့်ပါတယ်။

သင်ခွဲစိတ်မှုပြုလုပ်မယ့်အချိန်ကို သင့်မိသားစုကို သိစေသင့်ပြီး ဒါမှသာ အစားထိုးခွဲစိတ်မှုပြီးသွားချိန်မှာ သင့်ကို ဂရုစိုက်နိုင်မှာဖြစ်ပါတယ်။

အသည်းအစားထိုးခွဲစိတ်မှုအပြီးမှာ ဘာတွေ ဖြစ်လာမှာလဲ။

ခွဲစိတ်မှုအပြီးမှာ လူနာ အယောက် ၁၀၀မှာ ၈၅ ယောက်ဟာ အနည်းဆုံးတစ်နှစ် နေထိုင်နိုင်ပြီး ၁၀၀မှာ ၆၅ ယောက်ကတော့ ငါးနှစ် (သို့) ငါးနှစ်နဲ့အထက် နေထိုင်နိုင်တာတွေ့ရပါတယ်။

အသည်းအစားထိုးအပြီးမှာ ကိုယ်ခန္ဓါဟာ ပြင်ပတစ်ရှူးဖြစ်တဲ့ အသည်းအသစ်ကို တိုက်ခိုက်မှာ ဖြစ်ပါတယ်။ ဒါကို အစားထိုးအင်္ဂါကို ကိုယ်ခန္ဓါက လက်မခံခြင်းလို့ ခေါ်ပြီး အစားထိုးထားတဲ့အသည်းအသစ်ဟာ လုံးဝ ပျက်စီးသွားနိုင်ပါတယ်။ ဒါကို ကာကွယ်ပေးဖို့အတွက် ကိုယ်ခံအားကို ဖိနှိပ်ထားတဲ့ ဆေးတွေ အမြောက်အမြား ရှိပါတယ်။ အသည်းအစားထိုးထားတဲ့ လူနာဟာ ဒီဆေးတွေကို ကိုယ်ခန္ဓါက အသည်းအသစ် ငြင်းပယ်ခြင်းကို ကာကွယ်ဖု့ိ တစ်သက်လုံးသောက်သင့်ပါတယ်။

ငြင်းဆန်မှုအပြင် အသည်းအစားထိုးခြင်းနောက်မှာ သိသင့်တဲ့ အခြားပြဿနာတွေလဲ ရှိပါသေးတယ်။

• ရောဂါပိုးဝင်ခြင်း – အခြားခွဲစိတ်မှုတွေလိုပဲ အသည်းအစားထိုး ခွဲစိတ်အပြီးမှာ ရောဂါပိုးဝင်နှုန်း မြင့်မားနိုင်ပါတယ်။ သင့်ဆရာဝန်ဟာ သင့်ကို ရောဂါပိုးကူးစက်မှုကို ကာကွယ်ဖို့ ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေကို ပေးမှာ ဖြစ်ပါတယ်။

• သည်းခြေပြွန်အခြေအနေ – သည်းခြေပြွန် ပိတ်ဆို့ခြင်း၊ သည်းခြေရည် စိမ့်ထွက်ခြင်း အစရှိတဲ့ သည်းခြေပြွန် ပြဿနာတွေ ဖြစ်တတ်ပါတယ်။

• ကျောက်ကပ်ပျက်စီးခြင်း – ကိုယ်ခံအားကျဆင်းစေတဲ့ဆေးတွေဟာ ကျောက်ကပ် ပျက်စီးစေနိုင်ပါတယ်။ ခွဲစိတ်မှုအပြီးမှာ သင့်ဆရာဝန်က ကျောက်ကပ် လုပ်ငန်းဆောင်တာကို သေချာ စစ်ဆေးပေးမှာ ဖြစ်ပါတယ်။

• အစားထိုးကုသမှု ကျရှုံးခြင်း – အသည်းအသစ်ဟာ အစားထိုးကုသမှုအပြီးမှာ သေချာ အလုပ်လုပ်ခြင်း မရှိခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင်တော့ တတ်နိုင်သမျှစောစော အသည်းအသစ်ကို ရရှိဖို့ လိုအပ်ပါတယ်။ ဒီအချိန်မှာ သင့်ဆရာဝန်က ဒီပြဿနာကို ထိန်းချုပ်ဖို့ ဆေးပေးမှာ ဖြစ်ပါတယ်။

• ကင်ဆာ – အသည်းရောဂါရှိသူတွေဟာ ကင်ဆာဖြစ်နိုင်ပါတယ်။ ဒါဟာ အသည်းကင်ဆာ မဟုတ်ပဲ အရေပြားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာလိုမျိုး ကင်ဆာ ရောဂါတွေ ဖြစ်ပါတယ်။

ဒါ့ပြင် အသည်းအစားထိုးခွဲစိတ်မှုပြီးတဲ့ အခါ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ နှလုံးရောဂါ ဖြစ်နှုန်းများပါတယ်။ ကျန်းမာတဲ့ စားသောက်ပုံနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ အသည်းအစားထိုး ခွဲစိတ်မှုအပြီးမှာ သင့်ကို ပုံမှန်ပြန်ဖြစ်စေမှာ ဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://s3.gi.org/patients/gihealth/pdf/LiverTransplant.pdf

http://www.gastrohep.com/ebooks/kelly_020.pdf

http://www.nhs.uk/Conditions/Liver-transplant/Pages/Who-can-use-it.aspx

http://www.medicinenet.com/liver_transplant/page5.htm

http://www.webmd.com/a-to-z-guides/organ-transplant-preparing-for-a-transplant?page=1

http://www.mayoclinic.org/tests-procedures/liver-transplant/basics/how-you-prepare/prc-20014076

http://www.nhs.uk/Conditions/Liver-transplant/Pages/When-it-should-be-done.aspx

ယခုပုံစံ

25/08/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!



Dr . Phyu Mon Latt မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement