backup og meta

အသည်းခြောက် တာ အရက်ကြောင့်ပဲ မဟုတ်ပါဘူး။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းခြောက် တာ အရက်ကြောင့်ပဲ မဟုတ်ပါဘူး။

    အသည်းခြောက် တယ် အသည်းခြောက်တယ်လို့ ပြောလိုက်ရင် အရက်ကြောင့်လို့ပဲ ထင်ကြပါတယ်။ ဒါဟာ မမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ အရက်ဟာ အသည်းခြောက်ရတဲ့ အကြောင်းရင်းတွေထဲက ထိပ်ဆုံးမှာ ရှိနေလို့ပါပဲ။ ဒါပေမယ့် တစ်ခါမှ အရက်မသောက်တဲ့သူတွေလည်း အသည်းခြောက်နိုင်ပါတယ်။ တစ်ခါတစ်လေ မိန်းကလေး ငယ်ငယ်လေး ရုတ်တရက် ဆုံးသွားတယ်။ ဘာကြောင့်လဲလို့ မေးတော့ အသည်းခြောက်တာလို့ ပြောလိုက်ရင် ‘ဟယ် ဒီကောင်မလေး အရက်လည်း မသောက်ပဲနဲ့’ လို့ပြောတတ်ကြပါတယ်။ ဟုတ်ပါတယ်။ အရက်မသောက်လည်း အသည်းခြောက်နိုင်တဲ့ နည်းလမ်းတွေမှ အများကြီးပါပဲ။ ဒါလေးတွေကို ပြောပြပေးပါ့မယ်။

    အသည်းခြောက်တယ်ဆိုတာ

    အရင်ဆုံး အသည်းခြောက်တယ်ဆိုတာ ဘယ်လိုဆိုတာ အရင်ရှင်းပြပါ့မယ်။ တကယ်တော့ အသည်းဆိုတာ တော်တော်ဒူပေဒဏ်ပေခံတဲ့ အင်္ဂါပါ။ ဆဲလ်တွေပျက်စီးရင်လည်း သူ့ဟာသူ ပြန်ပြင်နိုင်ပါတယ်။ တစ်ကိုယ်လုံးက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးတယ်။ ဒါကြောင့် ကိုယ့်အသည်းကို ဖြတ်ပြီး သူများကို လှူပေးလို့ရတာပေါ့။ လှူပြီး အချိန်တစ်ခုလောက်ကြာရင် ပြန်ပည့်လာပါတယ်။

    အသည်းခြောက်တယ်ဆိုတာက အသည်းကို ခဏခဏ ထိခိုက်အောင် လုပ်လို့ပါ။ သူပြန်ပြင်ဖို့တောင် မလိုက်နိုင်တော့တဲ့အထိ ပျက်စီးနေတာပါ။ ဒါဖြစ်လာပြီဆိုရင် အသည်းက ပျက်စီးပြီး အမာရွတ်တွေ ဖြစ်လာပါတယ်။ အမာရွတ်တွေနဲ့ အသည်းက ဘယ်လိုမှ သူ့အလုပ်သူ မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့်ပဲ အသည်းခြောက်တယ်ဆိုတာ ဖြစ်လာတာပါ။

    ခြောက်နေတဲ့ အသည်းက မာပြီး ကျုံ့သွားပါတယ်။ ဒါကြောင့် အာဟာရတွေ ပါတဲ့ သွေးတွေက portal veinဆိုတဲ့ သွေးပြန်ကြောကနေ အသည်းကို မရောက်နိုင်တော့ပါဘူး။ အသည်းကျုံ့နေတဲ့အခါကျတော့ သွေးတွေက သွေးကြောထဲကို ပြန်ပုံပြီး သွေးဖိအားတွေ များလာပါတယ်။ ဒါကြောင့် portal hypertensionလို့ခေါ်တဲ့ သွေးဖိအားများတဲ့ပြဿနာ ပေါ်လာပြီး အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက် သွေးကြောတွေ ဖောင်းလာပါတယ်။ ဥပမာ အစာရေမျိုပြွန်သွေးကြောဖောင်းတာ၊ လိပ်ခေါင်းထွက်တာ။

    အသည်းခြောက် ရတဲ့ အကြောင်းရင်းများ

    • အရက်သောက်တာ

    အရက်သောက်တာ ကြာလေလေ၊ ပမာဏ များလေလေ အသည်းကို ထိခိုက်နိုင်ခြေ များလေလေပါပဲ။ နှစ်နဲ့ ချီပြီးသောက်နေပြီဆိုရင် အသည်းခြောက်ဖို့ သေချာ လေလေပါပဲ။ အမျိုးသမီးတွေက အမျိုးသားတွေထက် အရက်ကို ခံနိုင်ရည် ပိုနည်းပါတယ်။

    အသည်းရောင် ဘီပိုး၊ စီပိုးတွေက အသည်းဆဲလ်တွေကို ဖျက်ဆီးတဲ့အတွက် ကြာလာတဲ့အခါ အသည်းက ပြန်မပြင်နိုင်တော့ဘဲ အမာရွတ်တွေ ဖြစ်လာပြီး အသည်းခြောက်လာတာပါ။

    • အသည်းအဆီဖုံးတာ

    အရက်ကြောင့် မဟုတ်ဘဲ အဝလွန်လို့ပဲ ဖြစ်ဖြစ်၊ သွေးထဲမှာ အဆီများတာဖြစ်ဖြစ်၊ metabolic syndromeကြောင့် ဖြစ်ဖြစ် အသည်းအဆီဖုံးလာပါတယ်။ ဒီကနေမှ အချိန်ကြာလာတဲ့အခါ အသည်းခြောက်လာတတ်ပါတယ်။

    • သံဓာတ်တွေ စုပုံလာတာ (haemochromatosis)

    သာမန်အားဖြင့်တော့ မြန်မာနိုင်ငံမှာ သံဓာတ်ပုံတာထက် သံဓာတ်ချို့တဲ့တာကပိုများပါတယ်။ အာဟာရမပြည့်မီတာ၊ အမျိုးသမီးတွေဆိုလည်း ဓမ္မတာလာတာကြောင့် သံဓာတ်မလုံလောက်တာ ဖြစ်တတ်ပါတယ်။ သံဓာတ်များတယ်ဆိုတာက ဒီနိုင်ငံမှာဆိုရင် သာလာဆီးမီးယား ရောဂါသည်တွေမှာ တွေ့ရပါတယ်။ နှစ်ရှည်လများ သွေးသွင်းရတာကြောင့် ကိုယ်ထဲမှာ သံဓာတ်စုပုံပြီး အသည်းခြောက်တာအပါအဝင် တခြားကိုယ်တွင်းအင်္ဂါတွေကိုပါ ထိခိုက်လာပါတော့တယ်။

    ရှားပါးတဲ့ မျိုးရိုးလိုက်ရောဂါဖြစ်ပြီး ကိုယ်ထဲမှာ ကော့ပါးတွေက အသည်း၊ ဦးနှောက်နဲ့ တခြား ကိုယ်တွင်းအင်္ဂါတွေမှာ စုပုံလာတာပါ။ အသည်းမှာဆိုရင်တော့ အသည်းဆဲလ်တွေကို ထိခိုက်စေတာကြောင့် အသည်းခြောက်တတ်ပါတယ်။

    • ခုခံအားစနစ်က ပြန်တိုက်ခိုက်တာကြောင့် အသည်းထိခိုက်တာ (Autoimmune hepatitis)

    ဒါကလည်း ရှားပါး ဖြစ်စဉ်ပါပဲ။ ခုခံအားစနစ်က ကမောက်ကမဖြစ်ပြီး အသည်းကို ခဏခဏ ပြန်တိုက်တာပါ။ ခဏခဏ အသည်းရောင်လာတော့ ကြာလာရင် အသည်းခြောက်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။

    • သည်းခြေပြွန်ရောင်ရမ်းတာ

    သည်းခြေပြွန်မှာ ကျောက်တည်လို့ ဖြစ်ဖြစ်၊ ပိုးဝင်လို့ ဖြစ်ဖြစ် သည်းခြေပြွန်ရောင်ရမ်းလာပါတယ်။ သည်းခြေပြွန်ရောင်ရမ်းလာတာကတစ်ဆင့် အသည်းပြွန်၊ ဒီကနေ အသည်းထိရောက်သွားတတ်ပါတယ်။ စစချင်းမှာဆိုရင်တော့ အသည်းရောင်တာလောက်ပဲ ဖြစ်တာပါ။ ဒါပေမယ့် ရောင်တာကို သေချာ မကုဘူးဆိုရင် အသည်းခြောက်တဲ့အဆင့်အထိ ဖြစ်သွားတတ်ပါတယ်။

    • ဆေးဝါးနဲ့ ဓာတုပစ္စည်းတွေ

    ဆေးဝါးတွေမှာဆိုရင် methotrexateလို့ ခေါ်တဲ့ ကင်ဆာဆေးတွေ၊ isoniazidလို့ ခေါ်တဲ့ တီဘီဆေးတွေက အသည်းထိတတ်ပါတယ်။ ဒါကြောင့် ဒီဆေးတွေ မပေးခင် အသည်းကောင်းကောင်း အလုပ်လုပ်ရဲ့လားလို့ စစ်ဆေးပါတယ်။ အသည်းကောင်းလို့ ဆေးပေးတယ်ဆိုရင်တောင် ကြားထဲမှာ ပြန်ပြန်ပြီး စစ်ပေးနေရပါတယ်။ အိမ်သုံးဆေးမှာ ဆိုရင်တော့ ပါရာစီတမော ရှိပါတယ်။ ဒါပေမယ့် သာမန်လူတွေမှာ ဘာမှမဖြစ်တတ်ပါဘူး။ နဂိုတည်းက အသည်းမကောင်းတဲ့သူဆိုရင်တော့ သတိထားရမှာပါ။

    နောက်တစ်ခုက Aflatoxin လို့ ခေါ်တဲ့ မှိုဆိပ်ပါ။ မှိုတက်နေတဲ့ ငရုတ်သီးခြောက်တွေ၊ ပဲတွေ၊ ပြောင်းတွေမှာ တွေ့ရတတ်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံမှာ ငရုတ်သီးမစားတာ၊ ပဲမစားတာကလည်း ခပ်ရှားရှားဆိုတော့ အန္တရာယ်များပါတယ်။ ဒီမှိုဆိပ်က အသည်းဆဲလ်တွေကို ဖျက်ဆီးပစ်တာကြောင့် ကြာလာရင် အသည်းခြောက်တတ်ပါတယ်။ ဒါကြောင့် မှိုဆိပ်ကင်းတဲ့ ငရုတ်သီးတွေ၊ ပဲတွေကို သေချာ ရွေးချယ်စားသောက်ဖို့ လိုပါတယ်။

    အသည်းခြောက်တာက အရက်သောက်တာကြောင့်ပဲ ဖြစ်တာမဟုတ်ပါဘူးဆိုတာ သိလောက်ပါပြီ။ ဒါတောင် တခြား အဖြစ်နည်းတဲ့ အကြောင်းတွေ မပါသေးပါဘူး။ မြန်မာနိုင်ငံမှာ အသည်းခြောက်တာက မရှားပါဘူး။ အရက်ကြောင့်နဲ့ အသည်းရောင် အသားဝါပိုးကြောင့်က အဖြစ်အများဆုံးပါ။ တခြားအကြောင်းတွေကြောင့် အသည်းခြောက်နိုင်တာ သိထားရင် မဖြစ်အောင် တတ်နိုင်သလောက် ကာကွယ်နိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement