သည်းခြေအိတ်ခွဲစိတ်ဖယ်ရှားပြီးနောက်ပိုင်း ကြုံနိုင်တဲ့ပြဿနာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အဆီဓာတ်ကို ချေဖျက်ဖို့ ခက်ခဲခြင်း
သည်းခြေအိတ်မရှိတဲ့နောက်ပိုင်းမှာ အဆီဓာတ်ကို ချေဖျက်နိုင်ဖို့အတွက် အသားကျအောင် ကိုယ်ခန္ဓာက ကြိုးစားရပါတယ်။ ဒီအတွက် အချိန်လိုပါတယ်။ ခွဲစိတ်ကုသမှုအတောအတွင်းမှာ သုံးစွဲနေတဲ့ ဆေးဝါးတွေကြောင့် အစာမကြေခြင်းလည်း ကြုံနိုင်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးဟာ သိပ်ပြီးမကြာနိုင်ပေမယ့် လူနာတချို့ကတော့ အချိန်ကြာကြာကြုံရပါတယ်။ သည်းခြေရည်များ တခြား အင်္ဂါအစိတ်အပိုင်းထဲ ရောက်သွားခြင်း၊ သည်းခြေပြွန်ထဲ သည်းခြေကျောက်ကျန်နေခြင်း စတာမျိုးတွေ ကြုံနိုင်ပါသေးတယ်။
အစာမကြေခြင်းကြောင့် ဝမ်းပျက်ခြင်း ဒါမှမဟုတ် လေပွလေထခြင်းတွေ ကြုံနိုင်ပါတယ်။ အဆီဓာတ် ဒါမှမဟုတ် အမျှင်ဓာတ်ကို များများစားမိသွားရင် ဖြစ်တတ်ပါတယ်။ အဆီဓာတ်ကို ချေဖျက်ဖို့ အူထဲကို လုံလောက်တဲ့ သည်းခြေရည်တွေ မရောက်ရှိနိုင်ဖို့ ဖြစ်ပါတယ်။
သည်းခြေအိတ်ဖယ်ထုတ်ခြင်းဟာ ဝမ်းချုပ်နိုင်ခြေကိုတောင် လျော့ကျစေနိုင်ပေမယ့် မေ့ဆေးပေးခြင်းနဲ့ ခွဲစိတ်ကုသမှုတွေကြောင့် ဝမ်းချုပ်ခြင်းကို ကြုံတွေ့နိုင်ပါတယ်။ ဒါပေမယ့် ခဏလောက်ပဲ ဖြစ်ပါတယ်။ ရေဓာတ်နည်းရင် ဝမ်းချုပ်တာ ပိုဆိုးပါတယ်။
သည်းခြေအိတ်ကို ခွဲစိတ်ဖယ်ရှားရကနေ အူလမ်းကြောင်းကို ထိခိုက်မှုဖြစ်တာ ရှားပါတယ်။ ခွဲစိတ်မှုပြီးချိန်မှာ ဗိုက်အောင့်နေတတ်တာ ကြုံတွေ့ရတတ်တဲ့ ပြဿနာပါ။ ဒါပေမယ့် ရက်အနည်းငယ်နေလို့မှာ မသက်သာရင်၊ ပိုပြီးဆိုးလာရင် ဆရာဝန်ကို ဖွင့်ပြောရပါမယ်။
သည်းခြေအိတ်ခွဲစိတ်ကုသပြီးချိန် နေထိုင်စားသောက်ပုံအချို့ကို ပြောင်းလဲပေးဖို့ လိုပါတယ်။ အဓိကအချက်ကတော့ အဆီဓာတ်များတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ရပါမယ်။ အစားကို နည်းနည်းချင်းစီနဲ့ ခွဲပြီးစားသုံးရပါမယ်။ တနပ်တည်းနဲ့ ဗိုက်တင်းသွားအောင် မစားသင့်ပါတယ်။ ခွဲစိတ်ပြီး လအနည်းငယ်အထိ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ နောက်ပိုင်းမှာ အမျှင်ဓာတ်ကို နည်းနည်းချင်းစီပြန်စားပြီး အလေ့အကျင့်လုပ်ယူရပါမယ်။ နို့ထွက်ပစ္စည်းတွေကို စားသုံးမှုလျှော့ချသင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်ပြန်ပြမလဲ
ခွဲစိတ်ပြီးနောက်ပိုင်းမှာ ကိစ္စအထွေအထူးမရှိရင် ဆရာဝန်ချိန်းဆိုတဲ့ ရက်တွေမှာ သွားရောက်ပြသရပါမယ်။ အောက်ပါအခြေအနေတွေကြုံရင်တော့ ဆရာဝန်ပြန်မချိန်းထားလည်း ပြန်လည်ပြသင့်ပါတယ်။
– ဗိုက်အောင့်ခြင်း၊ ယခင်ထက်ပိုဆိုးလာခြင်း
– ဆက်တိုက်ပျို့အန်နေခြင်း
– အသားဝါလာခြင်း၊ မျက်စိဝါလာခြင်း
– ခွဲစိတ်ပြီး ၃ရက်ကျော်သော်လည်း လေမလည်သေးခြင်း
– သုံးရက်ထက်ကျော်ပြီး ဝမ်းပျက်နေခြင်း
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။