backup og meta

သမားရိုးကျနည်းနဲ့ ခွဲမှာလား၊ အပေါက်လေးဖောက်ပြီး ခွဲမှာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သမားရိုးကျနည်းနဲ့ ခွဲမှာလား၊ အပေါက်လေးဖောက်ပြီး ခွဲမှာလား

    ဒါက ဆေးရုံတွေမှာ ကြားနေကျ စကားပါ။ ခွဲစိတ်ဖို့ ဆုံးဖြတ်လိုက်ပြီဆို ခွဲမယ့် နည်းလမ်းကို စဉ်းစားရပါတယ်။ လူနာရဲ့ အခြေအနေရော၊ ရောဂါရဲ့ အခြေအနေရောက ဘယ်လိုခွဲခွဲ အဆင်ပြေတယ်ဆိုရင် ဆရာဝန်တွေ မေးလေ့ရှိတာက ‘ရိုးရိုးခွဲမှာလား၊ အပေါက်လေးဖောက်ပြီး ခွဲမှာလား’  လူနာ အများစုကတော့ သိပ်နားမလည်ဘူးပေါ့။ ဒီဆောင်းပါးမှာ ဒါက ဘာတွေကို ပြောတာလဲ။ အားသာချက်၊ အားနည်းချက်တွေ ဘာရှိလဲ ဆိုတာ ပြောပြပေးပါ့မယ်။

    သမားရိုးကျနည်းနဲ့ ခွဲမှာလား၊ အပေါက်လေးဖောက်ပြီး ခွဲမှာလား

    သမားရိုးကျနည်းနဲ့ ခွဲမှာလား၊ အပေါက်လေးဖောက်ပြီး ခွဲမှာလား ဆိုတဲ့ အကြောင်းလေးတွေကို လေ့လာလိုက်ရအောင်နော်။

    သမားရိုးကျ ခွဲတယ် ဆိုတာ

    သမားရိုးကျ ခွဲတယ်ဆိုတာ အရင်လို ခွဲကြောင်းပေးပြီး ဓားနဲ့ ခွဲတာကို ဆိုလိုတာပါ။ ရုပ်ရှင်ထဲမှာ မြင်ဖူးနေကြပုံစံပေါ့။ ခွဲစိတ်မှု အများစုက သမားရိုးကျ ခွဲနည်းကိုပဲ သုံးကြပါတယ်။ သူ့မှာလည်း အားသာချက်၊ အားနည်းချက်တွေ ရှိပါတယ်။

    အားသာချက်တွေကတော့

    • ခွဲစိတ်မှု မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။
    • ကိုယ်တွင်း အင်္ဂါတွေကို လက်နဲ့ ထိတွေ့ပြီး ကိုင်တွယ်ရတဲ့အတွက် အပူချိန်၊ အပျော့အမာ စတာတွေကို ခံစားသိရှိနိုင်တယ်။
    • လိုအပ်ရင် ခွဲကြောင်းကို ချဲ့လို့ရတယ်။ (ဥပမာ ကင်ဆာကျိတ်ကို ခွဲတဲ့အချိန်မှာ ကိုယ်ထင်ထားတာထက် ပိုကြီးနေရင် ခွဲကြောင်းကို ချဲ့လို့ရပါတယ်။)
    • အသားစ ယူတာ၊ ကိုယ်တွင်းအင်္ဂါ ဖယ်ရှားတာကို လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်။
    • ရှုပ်ထွေးတဲ့ ခွဲစိတ်မှုတွေ လုပ်လို့ရတယ်။
    • သွေးထွက်လာရင်လည်း ရှင်းရှင်းလင်းလင်း မြင်ရတဲ့အတွက် အလွယ်တကူ ထိန်းချုပ်နိုင်တယ်။
    • ကုန်ကျစရိတ်လည်း ပိုသက်သာပါတယ်။

    အားနည်းချက်တွေကတော့

    • မေ့ဆေးဒဏ်၊ ထုံဆေးဒဏ် ခံရမယ်။
    • ခွဲကြောင်းကြီးတဲ့အတွက် ခွဲစိတ်ပြီးရင် ပိုနာတယ်။
    • အနာ ကောင်းကောင်း မကျက်တာ ဖြစ်တတ်တယ်။
    • သေချာ ဂရုမစိုက်ရင် ပိုးဝင်တတ်တယ်။
    • နောက်ပိုင်းကျရင် ခွဲကြောင်း နေရာကနေ အူကျွံတတ်တယ်။
    • ဆေးရုံမှာ ရက်ကြာကြာ နေရမယ်။
    • ဆေးရုံ ဆင်းသွားရင်လည်း ပုံမှန်အတိုင်း အလုပ် ပြန်လုပ်ဖို့ အချိန် ကြာတတ်တယ်။
    • အိပ်ရာမှာပဲ ကြာကြာလှဲရတဲ့အတွက် သွေးပျစ်တာ၊ သွေးခဲတာ စတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ခံစားရတတ်တယ်။

    အပေါက်လေးဖောက်ပြီး ခွဲတယ်ဆိုတာ

    ဆေးပညာအရ laproscopic surgeryလို့ ခေါ်ပါတယ်။ တိုးတက်လာတာနဲ့အမျှ ခွဲစိတ်မှုတွေကို သေးသထက် သေးအောင် ကြိုးစားလာကြပါတယ်။ ခပ်သေးသေးပဲ ခွဲပြီး အနာမြန်မြန်ကျက်ဖို့ အားထုတ်လာကြပါတယ်။ ဒါကြောင့် အပေါက်ဖောက်ပြီး ခွဲတယ်ဆိုတဲ့ နည်းလမ်း ခေတ်စားလာတာပါ။

    ဒီလို သေးသေးလေး ဖောက်ပြီး ခွဲစိတ်တာကို ခွဲစိတ်မှုတိုင်းအတွက် မလုပ်နိုင်သေးပါဘူး။ များသောအားဖြင့် အူအတက်ခွဲဖို့၊ နေရာမှာပြီး ရှိနေတဲ့ သန္ဓေသားကို ခွဲထုတ်ဖို့၊ အူကျတာကို ခွဲစိတ်ဖို့၊ သည်းခြေအိတ် ဖယ်ဖို့ စတဲ့ ခွဲစိတ်မှုတွေမှာတော့ လုပ်လေ့ရှိပါတယ်။

    စက်ရုပ် လက်တံလေးတွေ အသုံးပြုပြီး ထိပ်မှာ ကင်မရာတပ်၊ ဝမ်းဗိုက်မှာ အပေါက်လေးတွေ ဖောက်ပြီး ဒီအပေါက်လေးတွေကတဆင့် စက်ရုပ်လက်တံတွေကို သုံးပြီး ခွဲစိတ်တာပါ။ လက်တံထိပ်မှာ ကင်မရာတပ်ထားတဲ့အတွက် ကိုယ်တွင်းအင်္ဂါတွေကို စကရင်ပေါ်မှာ အလွယ်တကူ ကြည့်လို့ရပါတယ်။

    သူ့မှာလည်း အားသာချက်၊ အားနည်းချက်တွေ ရှိပါတယ်။

    အားသာချက်တွေကတော့

    • အပေါက်လေးပဲ ဖောက်တဲ့အတွက် ခွဲကြောင်းအကြီးကြီး မလိုပါဘူး။ ပြန်ချုပ်ရင်လည်း အမာရွတ်သေးပါတယ်။
    • အမာရွတ်သေးတဲ့အတွက် နောက်ပိုင်း အူကျွံတာ သိပ်မဖြစ်ပါဘူး။
    • အနာကျက်မြန်တဲ့အတွက် အဝလွန်သူတွေ၊ ဆီးချိုရှိသူတွေအတွက် သင့်တော်ပါတယ်။
    • ပိုးဝင်တာလည်း ဖြစ်ခဲပါတယ်။
    • ဆေးရုံကြာကြာ မတက်ရပါဘူး။
    • အိမ်ပြန်ရောက်ရင်လည်း သိပ်မကြာခင်မှာပဲ သာမန်အတိုင်း ပြန်နေနိုင်ပါတယ်။
    • ခွဲစိတ်ရာ သေးတဲ့အတွက် ခွဲစိတ်ပြီး နာကျင်တာမျိုးလည်း သိပ်မခံစားရပါဘူး။

    အားနည်းချက်တွေကတော့

    • လက်နဲ့တိုက်ရိုက် ထိတွေ့ကိုင်တွယ်တာမျိုး မဟုတ်တဲ့အတွက် ခွဲနေတဲ့ အင်္ဂါအကြောင်းကို အသေးစိတ်မသိရပါဘူး။
    • ကင်မရာကနေတဆင့် ခွဲရတာဖြစ်တဲ့အတွက် လက်နဲ့ မျက်လုံး အလေ့အကျင့် လိုပါတယ်။
    • သေချာလေ့ကျင့်ထားပြီး အတွေ့အကြုံရှိတဲ့ ခွဲစိတ်ဆရာဝန်လိုပါတယ်။
    • ရုတ်တရက် သွေးထွက်တာဖြစ်လာခဲ့ရင် သွေးတိတ်အောင် လုပ်ဖို့ ခက်ပါတယ်။ ဒါကြောင့် သမားရိုးကျခွဲစိတ်နည်းနဲ့ ပြန်ခွဲရတာမျိုး ရှိတတ်ပါတယ်။
    • ရောဂါက ထင်ထားတာထက် ကြီးလို့ ခွဲကြောင်းကို ချဲ့ဖို့ လိုလာရင်လည်း အပေါက်ဖောက်ခွဲစိတ်တာကိုရပ်ပြီး သမားရိုးကျခွဲစိတ်နည်းနဲ့ ပြန်လည်ခွဲစိတ်ရတတ်ပါတယ်။
    • မေ့ဆေး။ ထုံဆေးဒဏ် ခံရတတ်ပါတယ်။
    • တစ်ခါတလေ အသားစ ယူခါနီး၊ ကိုယ်တွင်းအင်္ဂါထုတ်ခါနီး အပေါက်နဲ့ မဆန့်လို့ ခွဲကြောင်းချဲ့ရတာမျိုး ရှိတတ်ပါတယ်။
    • အဆင့်မြင့် စက်ရုပ်လက်နဲ့ ကျွမ်းကျင်ဆရာဝန်လိုအပ်တဲ့အတွက် ငွေကုန်ကြေးကျများနိုင်ပါတယ်။

    ခွဲစိတ်မှုတိုင်းကို ရိုးရိုးခွဲမှာလား၊ အပေါက်ဖောက်ပြီး ခွဲမှာလား လို့ ရွေးလို့မရပါဘူး။ တချို့ရောဂါတွေက သမားရိုးကျခွဲစိတ်မှုနဲ့ သင့်တော်သလို၊ တချို့ရောဂါတွေက အပေါ်ကဖောက်ပြီး ခွဲတာက ပိုကောင်းပါတယ်။ လူနာအခြေအနေ၊ ရောဂါအခြေအနေပေါ် အများကြီး မူတည်ပါတယ်။ နှစ်ခုလုံး ဘာနဲ့ ခွဲခွဲ အဆင်ပြေတယ်၊ ကြိုက်တာတစ်ခုကို ရွေးချယ်ပါလို့ အခွင့်အရေးရှိလာခဲ့ရင် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ကြိုတင် လေ့လာထားနိုင်ဖို့ ရေးသားလိုက်ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement