အင်ဆူလင် ဆိုတာ အစာအိမ်အနောက်ကပ်လျက်မှာရှိတဲ့ ပန်ခရိယကနေ ထုတ်လုပ်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ ကိုယ်ခန္ဓာကနေပြီး ဂလူးကို့စ်ကို အသုံးချရာမှာ ဝင်ရောက်ထိန်းညှိပေးပါတယ်။
ဂလူးကို့စ်ကတော့ ကာဘိုဟိုက်ဒရိတ်များမှာတွေ့ရတဲ့ သကြားတစ်မျိုးဖြစ်ပါတယ်။ အစာစားပြီးချိန်မှာ အစာအိမ်လမ်းကြောင်းထဲ ရောက်သွားတဲ့ ကာဘိုဟိုက်ဒရိတ်တွေကို ချေဖျက်လိုက်တဲ့အခါ ဂလူးကို့စ်အဖြစ် ပြောင်းလဲသွားပါတယ်။ ဂလူးကို့စ်ကို အူနံရံများကနေ စုပ်ယူလိုက်ပြီး သွေးထဲကို ရောက်ရှိလာပါတယ်။ သွေးထဲကို ဂလူးကို့စ်ဝင်ရောက်လာချိန်မှာ အင်ဆူလင်ဟာ ကိုယ်ခန္ဓာတစ်ခုလုံးက ဆဲလ်တွေအနေနဲ့ သကြားကိုစုပ်ယူဖို့ အားပေးပြီး စွမ်းအင်အဖြစ် အသုံးချစေပါတယ်။
အင်ဆူလင်ဟာ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။ သွေးထဲမှာ ဂလူးကို့စ်ဓာတ် အရမ်းများနေရင် ပိုနေတဲ့ ဂလူးကို့စ်တွေကို အသည်းထဲမှာ သိမ်းထားဖို့ အင်ဆူလင်က အချက်ပေးပါတယ်။ အသည်းထဲရောက်သွားတဲ့ ဂလူးကို့စ်တွေကို သွေးတွင်းဂလူးကို့စ်ဓာတ် မကျခင်အချိန်အထိ ပြန်ပြီး ထုတ်မသုံးတော့ပါဘူး။ အစာနဲ့ဝေးသွားချိန်၊ ခန္ဓာကိုယ်ဟာ ဖိစီးမှုနဲ့ ကြုံရချိန်၊ စွမ်းအင်အပို လိုအပ်ချိန် စတဲ့အချိန်ရောက်မှသာ သိုလှောင်ထားတဲ့ ဂလူးကို့စ်ကို ထုတ်သုံးပါတယ်။
ဆီးချိုနှင့် ဆက်စပ်မှု
ကိုယ်ခန္ဓာကနေ အင်ဆူလင် ဟော်မုန်းကို ထိရောက်စွာ အသုံးမချနိုင်တော့ရင်ဖြစ်စေ၊ အင်ဆူလင်ကို လုံလောက်စွာ မထုတ်လုပ်နိုင်တော့ရင်ဖြစ်စေ ဆီးချိုရောဂါ ဖြစ်လာပါတယ်။ အမျိုးအစား ၁ နဲ့ ၂ ဆိုပြီး ဆီးချိုကို အမျိုးအစားခွဲထားပါတယ်။
အမျိုးအစား ၁ ဆီးချို။ ကိုယ်ခံအားစနစ်ကြောင့် ဖြစ်တတ်ပါတယ်။ မိမိကိုယ်ခံစွမ်းအားကနေ မိမိခန္ဓာကိုယ်ကို ပြန်လည်တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ ကိုယ်ခံစွမ်းအားကနေ ပန်ခရိယထဲမှာရှိတဲ့ အင်ဆူလင်ထုတ်လုပ်တဲ့ ဆဲလ်တွေကို ဖျက်ဆီးပစ်တာကြောင့် အင်ဆူလင် ထုတ်လုပ်နိုင်ခြင်း မရှိတော့ပါဘူး။ အသက်ငယ်သူတွေမှာ တွေ့ရများပါတယ်။
အမျိုးအစား ၂ ဆီးချို။ ကိုယ်ခန္ဓာကနေ အင်ဆူလင် ဟော်မုန်းရဲ့ အာနိသင်ကို တုံ့ပြန်မှု မပြတော့ပါဘူး။ အင်ဆူလင် ရဲ့ ထိရောက်မှု ကျဆင်းသွားခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် နဂိုအာနိသင်မျိုးရဖို့ အင်ဆူလင်ကို ပိုမိုလိုအပ်လာပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ဖို့အတွက် အင်ဆူလင် ဟော်မုန်းကို ပိုမိုထုတ်လုပ်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ ကြာတဲ့အခါ အင်ဆူလင် ဟော်မုန်းထုတ်တဲ့ ဆဲလ်တွေဟာ အလုပ်အလွန်အကျွံလုပ်ရင်း ပျက်စီးကုန်ပါတယ်။ အမျိုးအစား ၂ ဆီးချိုဟာ ဘယ်အရွယ်မှာမဆို ဖြစ်နိုင်ပေမယ့် သက်ကြီးပိုင်းတွေမှာ တွေ့ရများပါတယ်။
ဆီးချိုအတွက် အင်ဆူလင်ကုထုံး
ဆီးချိုအမျိုးအစား နှစ်ခုစလုံးအတွက် အင်ဆူလင် ထိုးဆေးနဲ့ ကုသနိုင်ပါတယ်။ ကိုယ်ခန္ဓာကနေ အင်ဆူလင်ကို လုံလောက်စွာ မထုတ်လုပ်နိုင်တဲ့အတွက် ထိုးဆေးအနေနဲ့ ပေးရခြင်းဖြစ်ပါတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူများကတော့ အင်ဆူလင်ကို မထုတ်လုပ်နိုင်တော့တဲ့အတွက် ဆီးချိုကို ထိန်းနိုင်ဖို့ အင်ဆူလင်ကို မဖြစ်မနေထိုးဖို့ လိုအပ်ပါတယ်။
အမျိုးအစား ၂ ဆီးချိုဖြစ်ပွားသူများကတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ဖို့ နေထိုင်မှုပုံစံ စားသောက်မှုပုံစံ ပြောင်းလဲခြင်း၊ သောက်ဆေးသုံးစွဲခြင်း စတဲ့နည်းလမ်းတွေနဲ့ ဦးစွာ ကုသနိုင်ပါတယ်။ အဆိုပါနည်းလမ်းတွေနဲ့ မထိရောက်မှသာ အင်ဆူလင်ထိုးဆေးကို သုံးစွဲကြပါတယ်။
အင်ဆူလင်ထိုးဆေးအမျိုးအစားများ
အာနိသင် ပြသောအချိန်၊ အာနိသင်ကြာချိန်တို့အပေါ် မူတည်ပြီး အင်ဆူလင်ဆေး အမျိုးအစားများကို အောက်ပါအတိုင်း ခွဲခြားထားပါတယ်။
• အာနိသင်မြန်မြန်ပြသော (Rapid acting) အင်ဆူလင်။ ထိုးပြီး ၁၅ မိနစ်ခန့်မှာ အာနိသင်ပြပါတယ်။ ၃-၄ နာရီခန့် ကြာပါတယ်။ များသောအားဖြင့် အစာမစားခင် သုံးစွဲကြပါတယ်။
• အချိန်တိုအတွင်း အာနိသင်ပြသော (Short acting) အင်ဆူလင်။ ဆေးထိုးအပြီး မိနစ် ၃၀ မှ ၆၀ အတွင်း အာနိသင်ပြတဲ့ အင်ဆူလင်ဖြစ်ပါတယ်။ ၅ နာရီကနေ ၈ နာရီကြာတဲ့အထိ အာနိသင်ခံပါတယ်။
• အလယ်အလတ် အာနိသင်ပြသော (intermediate acting) အင်ဆူလင်။ ဆေးထိုးအပြီး ၁ နာရီမှ ၂ နာရီအတွင်း အာနိသင်ပြပြီး ၁၄-၁၆ နာရီထိ ခံပါတယ်။
• အချိန်ကြာကြာ (Long acting) အာနိသင်ပြသော အင်ဆူလင်။ ဆေးထိုးအပြီး ၂ နာရီကျော်ကြာမှ အာနိသင်ပြပါတယ်။ ၂၄ နာရီကျော်တဲ့ထိ အာနိသင်ပြပါတယ်။
အင်ဆူလင် ထိုးရာမှာ ဆရာဝန်ညွှန်ကြားချက်အတိုင်း အတိအကျလိုက်နာပြီး သုံးစွဲသင့်ပါတယ်။ မိမိကိုယ်တိုင် အိမ်မှာသုံးစွဲနိုင်ပါတယ်။ မသုံးစွဲခင်မှာ ဆရာဝန် ဒါမှမဟုတ် နားလည်တတ်ကျွမ်းသူများမှ နည်းလမ်းပြသခြင်းကို ဦးစွာလေ့လာရပါမယ်။
ဘေးထွက်ဆိုးကျိုးများ
သွေးတွင်းသကြားဓာတ် အလွန်အမင်း ကျဆင်းသွားခြင်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အစာနဲ့ ဝေးနေချိန်၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း များများပြုလုပ်ထားချိန်တွေမှာ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ပင်ပန်းနွမ်းနယ်ခြင်း၊ ချွေးထွက်ခြင်း၊ အာရုံရှုပ်ထွေးခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ အသားအရေ ဖျော့တော့ခြင်း၊ ကြွက်သားများ အကြောဆွဲခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ အဆိုပါ ဘေးထွက်ဆိုးကျိုးများ ကြုံလာချိန်မှာတော့ အချိုရည်သောက်ခြင်း၊ သကြားလုံးစားခြင်း စတာတွေနဲ့ သွေးတွင်းသကြားဓာတ်ကို ပြန်လည်ထိန်းညှိနိုင်ပါတယ်။
သတိပြုရမယ့်အချက်ကတော့ အင်ဆူလင် ထိုးဆေး သုံးစွဲရာမှာ ဆရာဝန်ညွှန်ကြားချက်အတိုင်းပဲ သုံးစွဲဖို့ ဖြစ်ပါတယ်။ မိမိသဘောနဲ့မိမိ ဆေးမသုံးခြင်း၊ ဆေးပမာဏကို လျှော့ချခြင်းများ မပြုလုပ်သင့်ပါဘူး။
[embed-health-tool-bmi]