အမျိုးအစား (၂) ဆီးချိုရောဂါဆိုတာ လူကြီးတွေရော ၄၀ ပတ်ဝန်းကျင်လူလတ်ပိုင်းတွေမှာပါ အဖြစ်အများဆုံး ရောဂါတွေထဲက တစ်မျိုးပါ။ နေထိုင်စားသောက်မှု ပုံစံ မှားယွင်းတာအပြင် မွေးရာပါ အားနည်းချက်၊ မိဘမျိုးရိုး လိုက်တာ စတဲ့အချက်တွေကြောင့် ဆီးချိုရောဂါ ဖြစ်လာနိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဆီးချိုရောဂါသည် ဆေးနဲ့သာ ထိန်းချုပ်ထားလို့ရပြီး လုံးဝမပျောက်တဲ့ နာတာရှည်ရောဂါ အမျိုးအစားဖြစ်လို့ တော်တော်များများက ဆီးချိုဖြစ်ပြီဆိုရင် အလွန်စိတ်ဓာတ်ကျပါတယ်။ ဒီနေရာမှာ ပြောပြချင်တာကတော့ ရောဂါရှိနေတဲ့တိုင်အောင် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို သေချာလေး ပြင်ဆင်မယ်ဆိုရင် သာမန်လူတစ်ယောက်လိုပဲ ကျန်းမာအသက်ရှည်စွာ နေထိုင်သွားနိုင်မှာပါ။