backup og meta

ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေကို ကာကွယ်ချင်ရင် ဒီ စစ်ဆေးမှုတွေကို ပုံမှန်လုပ်ပါ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေကို ကာကွယ်ချင်ရင် ဒီ စစ်ဆေးမှုတွေကို ပုံမှန်လုပ်ပါ ။

    သွေးတွင်းသကြားဓာတ် တွေ များနေရင် ဆီးချိုဖြစ်တယ်ဆိုတာ အားလုံးသိကြမှာပါ။ ကိုယ်စားချင်တိုင်းလည်း စားမရ၊ ဆေးတွေလည်း တောက်လျှောက်သောက်ရတာကြောင့် ဆီးချိုလို့ဆိုလိုက်တာနဲ့ လူတိုင်း စိတ်ညစ်ကြပါတယ်။ ဒါပေမယ့်လည်း ရှောင်လွဲမရလို့ ကိုယ့်မှာ ဆီးချို ဖြစ်ခဲ့ပြီဆိုရင် တက်နေတဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ အရေးကြီးဆုံးဖြစ်သလို ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေကို ကြိုတင်ကာကွယ်ထားဖို့ကလည်း အရေးကြီးပါသေးတယ်။

    တကယ်လို့ ဆီးချိုရှိနေတယ်။ နောက်ဆက်တွဲတွေဖြစ်လာမှာကြောက်လို့ ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေကို ကာကွယ်ချင်ရင် ဒီစစ်ဆေးမှုလေးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။ ဘယ်လို စစ်ဆေးမှုတွေလဲ ဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

    ဒီတော့ ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေကို ကာကွယ်ချင်ရင် ဘယ်လို ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်သင့်လဲ။ 

    မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်သလို၊ ဖြစ်တာကို စောစောသိရင် စောစောကုသလို့ရခြင်းကလည်း အရာရောက်တာကြောင့် ဆီးချို ဝေဒနာရှင်တိုင်း ခုပြောမယ့် ကျန်းမာရေးစစ်ဆေးမှုတွေကို ပုံမှန် လုပ်ပေးဖို့လိုပါတယ်။

    ( ၁ ) HbA1c test

    ဒါကတော့ဆီးချိုရှိသူတိုင်း မဖြစ်မနေ စစ်သင့်တဲ့ Test တစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ ၂ လ ( ဒါမှမဟုတ်) ၃ လအတွင်းက ကိုယ့်သွေးတွင်း သကြားဓာတ်ကို ကောင်းကောင်းထိန်းနိုင်လား မထိန်းနိုင်ခဲ့ဘူးလားဆိုတာကို စစ်တဲ့ test တစ်ခုပါ။ ဒီစစ်ဆေးချက်က နေ့စဉ်ဖောက်စစ်နေတဲ့ သွေးတွင်းသကြားဓာတ်ထက် ကိုယ့်ဆီးချိုအခြေအနေကို မှန်မှန်ကန်ကန်ဖော်ပြနိုင်တဲ့ အရာတစ်ခုပါ။ ပုံမှန်ရှိသင့်တဲ့ HbA1c ပမာဏက ၇ အောက် မှာ ဖြစ်နေသင့်ပြီး တစ်နှစ်ကို ၂ ကြိမ်လောက် HbA1c စစ်ဆေးမှု အမြဲလုပ်သင့်ပါတယ်။

    ( ၂ ) သွေးပေါင်ချိန်

    ဆီးချိုနဲ့ သွေးတိုးက သူငယ်ချင်းအရင်းကြီးတွေလို့ဆိုရအောင် ဆီးချိုရှိသူတိုင်းမှာ သွေးတိုး ရောဂါတွဲရှိနိုင်သလို သွေးတိုးရှိတဲ့သူတိုင်းကလည်း ဆီးချိုရောဂါနဲ့ ကင်းမနေပြန်ပါဘူး။ နောက်ပြီး ဆီးချိုကြောင့် သွေးကြောတွေကို ထိရာကနေ သွေးတိုးရောဂါ၊ နှလုံး ရောဂါတွေပါ ဆက်ဖြစ်လာနိုင်တာကြောင့် သွေးပေါင်ချိန်ကို တစ်လတစ်ခါလောက် စစ်ဆေးနေဖို့လိုပါတယ်။

    သွေးတိုးရောဂါအစတည်းက ရှိနေတဲ့သူတွေ အဖို့တော့ တစ်ပတ်တစ်ခါ ကိုယ့်သွေးပေါင်ချိန်ကို စစ်သင့်ပါတယ်။ သွေးပေါင်ချိန်တိုင်း ကိရိယာလေးတွေ အိမ်မှာ ဝယ်ထားလို့ရနေတာပဲဟာနော်။ အနီးစပ်ဆုံး အဖြေကိုတော့ ပြောပြပေးနိုင်မှာပေါ့။

    ( ၃ ) သွေးတွင်းကိုလက်စရော

    မြင့်နေတဲ့ သွေးတွင်းသကြားဓာတ်က သွေးထဲမှာရှိတဲ့မကောင်းတဲ့ ကိုလက်စရော LDL ကို ပိုများစေပြီး သွေးကြောကျဉ်းတဲ့ ပြဿနာကိုပိုဖြစ်စေတတ်ပါတယ်။ ဆီးချိုရောဂါရှိတဲ့သူတွေက နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများတာကြောင့် သွေးတွင်းကိုလက်စရော ပုံမှန် တစ်နှစ်တစ်ခါလောက် စစ်ဆေးပေးဖို့ကအရေးကြီးပါတယ်။ ဒါမှ စောစောသိပြီး သွေးတွင်းကိုလက်စရောကို စောစောချလိုက်တော့ ဆိုးဆိုးဝါးဝါးတွေ ထပ်မဖြစ်တော့ဘူးပေါ့။ နောက်ပြီး အဆီများတဲ့အစားအစာတွေရှောင်ပါ။ ပုံမှန်လေ့ကျင့်ခန်းလေးလုပ်ပေးပါ။

    ( ၄ ) Creatinine

    ဆီးချိုရဲ့ နောက်ဆက်တွဲ ပြဿနာတွေထဲမှာ ကျောက်ကပ် ရောဂါကလည်း ပါဝင်နေတာမို့ ကျောက်ကပ်ပုံမှန်အလုပ် လုပ်မလုပ် ဖော်ပြပေးနိုင်တဲ့ albumin နဲ့ creatinine ပမာဏကို တစ်နှစ်တစ်ခါ စစ်ဆေးဖို့လိုပါတယ်။

    ( ၅ ) ခြေထောက်ကိုလည်း ပုံမှန်စစ်ဆေးပါ။

    ဆီးချိုရှိတဲ့သူ တစ်ဝက်လောက်က နောက်ပိုင်း ဆီးချို ကောင်းကောင်းမထိန်းနိုင်တဲ့အခါ ခြေဖဝါးရဲ့ အာရုံခံနိုင်စွမ်းတွေ လျော့ကျလာပြီး ထိလို့ထိမှန်းမသိ၊ နာလို့နာမှန်းမသိတော့တာတွေ ဖြစ်တတ်ပါတယ်။

    နောက်ပြီး ဆီးချိုကိုယ်တိုင်က အနာကျက်နှေးစေပြီး ပိုးဝင်လွယ်စေတဲ့အတွက်ကြောင့် ကိုယ့်ခြေထောက်ရဲ့ အာရုံခံနိုင်စွမ်းကို ပုံမှန်စစ်ဆေးဖို့လိုသလို၊ အနာဖြစ်ရင်လည်း အနာကို သန့်သန့်ရှင်းရှင်းဖြစ်အောင် ဂရုစိုက်ပေးရပါမယ်။ ဒ့ါကြောင့် ဆီးချိုရှိသူတိုင်း ဆရာဝန်ဆီမှာ အနည်းဆုံး တစ်နှစ်တစ်ခါလောက် ခြေထောက်စစ်ဆေးမှု ပုံမှန်ပြုလုပ်သင့်ပါတယ်။

    ( ၆ ) အမြင်အာရုံစစ်ဆေးမှု။

    Diabetic retinopathy လို့ခေါ်တဲ့ တက်နေတဲ့ဆီးချိုကြောင့် မျက်လုံးမြင်လွှာ( retina)က သွေးကြောလေးတွေထိခိုက်ပြီး အမြင်အာရုံဆုံးရှုံးသွားနိုင်တဲ့ပြဿနာကလည်း ဆီးချို ရှိသူတိုင်း သတိထားရမယ့် ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် တစ်နှစ်တစ်ကြိမ် ( ဒါမှမဟုတ် ) နှစ်နှစ်တစ်ကြိမ်လောက် မျက်စိဆရာဝန်နဲ့ ကိုယ့်မျက်လုံးကို ပုံမှန်စစ်ဆေးဖို့လိုပါတယ်။

    ( ၇ ) ECG

    အသက်ကလည်း ၅၀ ကျော်နေပြီ။ ဆီးချိုအပြင် သွေးတိုးပါရှိနေပြီဆိုရင်တော့ နှလုံးစစ်ဆေးမှုတစ်ခုဖြစ်တဲ့ ECG စစ်ဆေးမှုကို လုပ်သင့်ပါတယ်။ ECG က နှလုံးနဲ့ နှလုံးသွေးကြော အခြေအနေတွေကို ဖော်ပြပေးနိုင်တဲ့ စစ်ဆေးမှု တစ်ခုပါ။

    ကိုယ်ကလည်း ဆီးချို ရောဂါဖြစ်နေတယ်၊ သွေးတွင်းသကြားဓာတ်ကိုလည်း ပုံမှန်ထိန်းနိုင်နေတယ် ဆိုပေမယ့် ခုပြောထားတဲ့ Medical Checkup တွေကို ပုံမှန်စစ်ဆေးနေဖို့ လုံးဝ အရေးကြီးပါတယ်။ ဒါမှ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ စောစောသိ စောစောသိကု စောစောပျောက်မှာလေ မဟုတ်ဘူးလား။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement