အရေပြားထိခိုက်စေတတ်သော အရာများကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေပြားထိခိုက်စေတတ်သော အရာများကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ

    သင်ပြောင်းသုံးလိုက်တဲ့ဆပ်ပြာအသစ်၊ မိတ်ကပ်အသစ်၊ လိုးရှင်း ခရင်အသစ်တွေက သင့်အရေပြားကို နီရဲယားယံစေနေပါသလား။ လက်ဝတ်လက်စားတွေ၊ ဆေးပတ်တီးတွေက အရေပြားရောင်ရမ်းလာစေပါလား၊ ဒီလိုဆိုရင်တော့ သင့်မှာ contact dermatitis လို့ခေါ်တဲ့ အရာတချို့နဲထိတွေ့မိတဲ့အခါ အရေပြားရောင်ရမ်းလာတဲ့ အခြေအနေမျိုးဖြစ်နေပါပြီ။ သေချာပေါက်ဒါကိုမလိုလားဘူးပေါ့။ ဒါဆိုရင် ဘယ်လိုလုပ်မလဲကြည့်ရလိုက်ရအောင်။

    သင့်အရေပြားကိုထိခိုက်စေတဲ့အရာကိုရှာပါ

    ပစ္စည်းတစ်ခုခုကိုထိတွေ့ပြီးတဲ့အခါ အနီဖုတွေပေါ်မယ်၊ ယားမယ်၊ ပူစပ်ပူလောင်ဖြစ်မယ်၊ နီရဲလာမယ်ဆိုရင်တော့ ထိုပစ္စည်းကိုရှောင်သင့်ပါပြီ။

    ထိုကဲ့သို့ တရားခံကိုရှာရတာက အမြဲတမ်းတော့မလွယ်လောက်ပါဘူး။ ဥပမာ- မျက်နှာအသားအရေက ခြောက်သွေ့ပြီးယားယံလာတဲ့အခါ မျက်နှာသုံးပစ္စည်းတစ်မျိုးမျိုးကိုအပြစ်တင်မိပါလိမ့်မယ်၊ ဒါပေမယ့် တကယ်တော့ လက်အတွက် အသုံးပြုတဲ့ ပစ္စည်းတခုခုကြောင့် ဖြစ်နေတာမျိုး ဖြစ်နေနိုင်ပါတယ်။ လက်အသားအရေကိုမထိခိုက်ဘဲ မျက်နှာကိုသွားထိခိုက်တာမျိုးပေါ့၊ ဒါမှမဟုတ် အရေပြားကိုထိခိုက်စေတာဘာလဲဆိုတာ စဉ်းစားလို့မရနိုင်တဲ့အခြေအနေမျိုးလည်းဖြစ်နေနိုင်တယ်။

    တကယ်လို့အကြောင်းအရင်းကိုရှာမရရင် အရေပြားဆရာဝန်နဲ့သွားပြပါ၊ သင့်အလုပ်အကိုင်၊ အိမ်သုံးပစ္စည်းတွေ၊ ဆေးတွေ၊ အလှကုန်တွေနဲ့ သင့်ကျန်းမာရေးရာဇဝင်ကိုမေးပြီး စဉ်းစားပေးပါလိမ့်မယ်။ အကြောင်းအရင်းကိုသိရဖို့ တချို့စမ်းသပ်မှုလေးတွေလည်း လုပ်ရနိုင်ပါတယ်။

    Contact dermatitis (ထိတွေ့မှုကြောင့် အရေပြားရောင်ရမ်းခြင်း)ကိုကုပါ

    ကုသမှုကတော့ အကြောင်းအရင်းပေါ်မူတည်ပါလိမ့်မယ်။ တချို့အခါတွေမှာ ဘာမှလုပ်စရာမလိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

    ကုသမှုမှာထိခိုက်သွားတဲ့နေရာကို သန့်စင်ရတာမျိုးလည်းပါနိုင်တယ်။ မတည်တဲ့ပစ္စည်းတွေကိုလည်း ရှောင်ဖို့လိုပါလိမ့်မယ်။ အရေပြားဆရာဝန်က အသားအရေစိုစွတ်နေအောင် moisturizer (အစိုဓါတ်ထိန်းအလှကုန်) သုံးဖို့အကြံပေးကောင်းပေးပါလိမ့်မယ်။ Moisturizer က သင့်အရေပြားကို စိုစွတ်နေပြီး ထိခိုက်မှုတွေမှလည်း အမြန်ပျောက်ဖို့ကူညီပေးနိုင်ပါလိမ့်မယ်။ နောက်ထပ်နောက်ထပ်သော ရောင်ရမ်းမှုတွေမှလည်း ကာကွယ်နိုင်ပါတယ်။

    အရေပြားဆရာဝန်က ဖြစ်ပေါ်လာတဲ့လက္ခဏာတွေကို သက်သာဖို့လိမ်းဆေးတချို့လည်းညွှန်းနိုင်ပါတယ်။ ပြင်းထန်တဲ့အခါတွေမှာဆိုရင် corticosteroid သောက်ရ၊ ထိုးရနိုင်ချေလည်း ရှိပါတယ်။

    Contact dermatitis (ထိတွေ့မှုကြောင့် အရေပြားရောင်ရမ်းခြင်း) ကိုကာကွယ်မယ်

    အရေပြားကို Contact dermatitis မှကာကွယ်ရန် ဒီအချက်တွေလိုက်နာနိုင်ပါတယ်-

    • လက္ခဏာတွေပြလာတတ်တဲ့ ပစ္စည်းတွေကိုရှောင်ပါ

    • သန့်ရှင်းရေးတွေလုပ်တဲ့အခါ လက်အိတ်စွပ်ပြီး၊ ကာပြီးမှလုပ်ပါ၊ ပစ္စည်းများကိုကိုင်တွယ်ပြီးရင်လည်း ဆပ်ပြာနဲ့သေချာလက်ဆေးပါ။

    • အနံ့ကင်း၊ အရောင်ဆိုးဆေးကင်းတဲ့ ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ လိုးရှင်း၊ နေလောင်ကာခရင်၊ အလှကုန်တွေသာသုံးပါ။

    • မျက်နှာသစ်ပြီးတဲ့အခါ ခပ်ကြမ်းကြမ်းပွတ်တိုက်ပြီးမသုတ်ပါနဲ့။

    • အလှကုန်တွေဝယ်တဲ့အခါ တည့်မတည့်လက်မှာအနည်းငယ်စမ်းပြီးမှ ဝယ်ပါ။

    Contact dermatitis (ထိတွေ့မှုကြောင့် အရေပြားရောင်ရမ်းခြင်း) အမျိုးအစား

    ဒီလိုလက္ခဏာတွေဖြစ်ရခြင်းဟာ အရေပြားရဲ့တုန့်ပြန်မှု ဒါမှမဟုတ် ကိုယ်ခံအားစနစ်ရဲ့တုံ့ပြန်မှုတွေကြောင့်ဖြစ်နိုင်ပါတယ်။

    Contact dermatitis နှစ်မျိုးရှိပါတယ်-

    Irritant contact dermatitis (ထိခိုက်စေသော ပစ္စည်းများနှင့် ထိတွေ့မှုကြောင့် အရေပြားရောင်ရမ်းခြင်း) နဲ့ allergic contact dermatitis (ဓါတ်မတည့်မှုကြောင့် အရေပြားရောင်ရမ်းခြင်း)တို့ဖြစ်တယ်။

    Irritant contact dermatitis ဆိုတာ ထိခိုက်စေသော ပစ္စည်းများနှင့် ထိတွေ့မှုကြောင့်ဖြစ်တတ်တဲ့ အရေပြားရောင်ရမ်းမှုဖြစ်ပြီး ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ခေါင်းဆိုးဆေး၊ သန့်စင်ပစ္စည်း၊ ချေးချွတ်ပစ္စည်း၊ ပိုးသတ်ဆေး၊ ဘိလပ်မြေ၊ ရာဘာပစ္စည်းတွေနဲ့ အခြားဓါတုပစ္စည်းတွေလို အရေပြားစားတတ်သော၊ ထိခိုက်နိုင်သော အရာများနဲ့ ထိတွေ့တဲ့အခါရနိုင်ချေရှိပါတယ်။ ပစ္စည်းကို အရေပြားမှတုံ့ပြန်မှုကြောင့်ဖြစ်ပြီး ဓါတ်မတည့်မှုကြောင့်မဟုတ်ပေ။ နှင်းခူများပေါ်လာသည်ဆိုပါက ဖြစ်နိုင်ချေများပါတယ်။

    လက္ခဏာတွေက ပစ္စည်းအပေါ် တုံ့ပြန်မှုအားပေါ်မူတည်ပါတယ်။ ဥပမာ- တချို့တွေဆပ်ပြာအပြင်းသုံးသော်လည်း ဘာလက္ခဏာမှပေါ်ချိန် တချို့မှာ ဆပ်ပြာအပျော့သုံးပြီး လက္ခဏာပြင်းထန်တာမျိုးဖြစ်တယ်။

    တွေ့ရများတဲ့လက္ခဏာတွေကတော့

    • အသားအရေခြောက်လာမယ်၊

    • ရောင်လာမယ်၊

    • အရည်ကြည်ဖုတွေပေါ်လာမယ်၊

    • အရေပြားတင်းလာတဲ့ ခံစားချက်ပေါ်လာလိမ့်မယ်

    • အပူ၊ အအေး၊ ခြောက်သွေ့တဲ့လေနဲ့ထိတွေ့တာ၊ ပွတ်လိုက်တာမျိုးကြောင့် လက္ခဏာတွေပိုဆိုးတတ်ပါတယ်။

    Allergic contact dermatitis ဆိုတာ ထိတွေ့တဲ့ပစ္စည်းကို ဓါတ်မတည့်တဲ့အခါဖြစ်တတ်ပါတယ်။ ထိုဓါတ်မတည့်တဲ့ပစ္စည်းကို ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှုကြောင့် အရေပြားမှာ လက္ခဏာတွေဖြစ်လာရခြင်းဖြစ်တယ်။ တစ်ကြိမ်သုံးကြည့်ရုံနဲ့ ဓါတ်မတည့်ခြင်းမပေါ်တတ်ဘဲ တခါတရံနှစ်ပေါင်းများစွာကြာပြီးမှပေါ်လာတတ်ပါတယ်။

    တွေ့ရအများဆုံးဓါတ်မတည့်နိုင်တဲ့ပစ္စည်းတွေကတော့

    • ပဋိဇီဝလိမ်းဆေးများ

    • ပတ်တီး၊ ပလာစတာ၊ မျက်တောင်တုကဲ့သို့ ကပ်ရသောအရာများ

    • ရာဘာဖြင့်ပြုလုပ်သော လက်အိတ်များ၊ ဖိနပ်များ

    • အလှကုန်များ၊ လိုးရှင်း ခရင်၊ နေကာခရင်ကဲ့သို့ တကိုယ်ရည်သုံးပစည်းများ

    • ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ ရေမွှေး များတွင်တွေ့ရတတ်သည့် အမွှေးနံ့ဖြစ်စေသောအရာများ

    • လက်သည်းဆိုးဆေး

    • ဆံပင်ဆိုးဆေး

    • ပေါလစ်

    • နီကယ်ဓါတ် (လက်ကောက်၊ နာရီကြိုး၊ လက်စွပ်၊ နားကပ်၊ ဇစ်၊ အတွင်းခံကြိုး၊ ကြယ်သီး၊ နှုတ်ခမ်းနီဘူးခွံ တို့မှာတွေ့ရတတ်ပါတယ်)

    အရာအမျိုးမျိုးနဲ့ ဓါတ်မတည့်တာဖြစ်နိုင်ပါတယ်.။ ထိတွေ့ပြီးပြီးချင်း လက္ခဏာတွေပေါ်မလာသေးတာမျိုးလည်း ဖြစ်နိုင်တယ်။ နာရီပိုင်း တစ်ခါတစ်လေ ရက်များစွာကြာမှ ပေါ်လာနိုင်ပါတယ်။

    လက္ခဏာတွေကတော့

    • အရည်ကြည်ဖုများပေါ်ခြင်း

    • နီရဲလာခြင်း

    • အသားအရေကွဲအက်ခြင်း

    • ခြောက်သွေ့ခြင်း

    • ပူစပ်ပူလောင်ဖြစ်ခြင်း

    • ယားခြင်း

    • ရောင်ခြင်း

    အရေပြားထိခိုက်တတ်သောပစ္စည်းများ များပြားတာကြောင့် အရေပြားဟာလည်းအထိမခံအခြေအနေဖြစ်နေနိုင်ပါတယ်။ ထိုအရာတွေဟာ ဆပ်ပြာတွေလို သုံးနေကျ၊ ရှိနေကျအရာတွေလည်းဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ပါစေ တော်တော်များများက ဖြေရှင်းလို့ရပါတယ်။ အကြောင်းအရင်းကိုရှာပါ၊ ကုသမှုအတွက်ဆရာဝန်ဆီသွားပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement