backup og meta

တုပ်ကွေးနဲ့ ကိုဗစ် ဘာတွေတူလို့ ဘာတွေကွဲ

တုပ်ကွေးနဲ့ ကိုဗစ် ဘာတွေတူလို့ ဘာတွေကွဲ

ဒီချိန်မှာတော့ ဖျားပြီ၊ ချောင်းဆိုးပြီဆိုတာနဲ့ ကိုဗစ် လို့ သတ်မှတ်လိုက်တာအကောင်းဆုံးပါ။ ရောဂါတွေ မတရား ပြန့်နေတဲ့ အချိန်ကိုး။ ဒါပေမယ့် တုပ်ကွေးရာသီဖြစ်နေပြန်တော့ တုပ်ကွေးရော မဖြစ်နိုင်ဘူးလားလို့ မေးစရာ ရှိပါတယ်။ တုပ်ကွေးလည်း ဖြစ်နိုင်ပါတယ်။ လက္ခဏာအရတော့ နှစ်ခုလုံးက ဆင်တူနေပြီး တော်တော်ခွဲရခက်ပါတယ်။ တခြားအချက်တွေမှာတော့ အနည်းငယ်ကွဲပြားနိုင်ပါတယ်။

တုပ်ကွေးနဲ့ ကိုဗစ် ဘာတွေတူလို့ ဘာတွေကွဲ

အကျဉ်းချုပ်ပြောရရင် တုပ်ကွေးရော ကိုဗစ်ရောက အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်တတ်တဲ့၊ ကူးစက်မြန်တဲ့ ရောဂါတွေပဲဖြစ်ပါတယ်။ ဖြစ်တဲ့ ဗိုင်းရပ်စ်တွေကတော့ မတူပါဘူး။ ကိုဗစ်က ၂၀၁၉မှာ စတွေ့တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကြောင့်ဖြစ်ပြီး တုပ်ကွေးကတော့ တုပ်ကွေးဗိုင်းရပ်စ်တွေကြောင့်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ကိုဗစ်ကတော့ တုပ်ကွေးထက် ပိုကူးပါတယ်။ ခုလို ဗီဇအသစ်ဆိုရင် ပိုလို့တောင် အကူးမြန်ပါသေးတယ်။ ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံတွေက လူအများစုကို ကာကွယ်ဆေးလွှမ်းခြုံနိုင်အောင် အသည်းအသန်ကြိုးစားနေကြတာပါ။

ဒါ့ပြင် တုပ်ကွေးထက်စာရင်  ကိုဗစ်က ပိုပြီးတော့လည်း ပြင်းထန်ပါတယ်။ ရောဂါဝင်ပြီး လက္ခဏာမပြတဲ့အချိန်ကြာတဲ့အတွက်  သူများကို ပိုပြီး အချိန်ကြာကြာလည်း ကူးနိုင်ပါသေးတယ်။ လက္ခဏာက တော်တော်တူတဲ့အတွက် လက္ခဏာကို ကြည့်ပြီး ခွဲတာက အန္တရာယ်များပါတယ်။ အထူးသဖြင့် ဒီလိုကာလမှာ ပိုဆိုးပါတယ်။ ဆေးစစ်ပြီးတော့ ခွဲလို့ရပါတယ်။

နောက်ထပ်ကံထူးနိုင်တာာက လူတစ်ယောက်တည်း ကိုဗစ်ရော တုပ်ကွေးပါ ဖြစ်နိုင်တာပါ။ ရှားပေမယ့်လည်း ရှိနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်။ လက္ခဏာတွေကတော့ တူတူပါပဲ။ ဒဏ်တော့ ပိုခံရနိုင်ပါတယ်။ ဒါကတော့ အတိုချုပ်ပါ။ အောက်မှာ အသေးစိတ် ဆက်ကြည့်ရအောင်။

တုပ်ကွေးနဲ့ ကိုဗစ် ရောဂါလက္ခဏာ

လက္ခဏာတွေကတော့ တူတူပဲလို့ ပြောလို့ရလောက်တဲ့အထိပါ။ နှစ်ခုလုံးက ရောဂါကူးခံရပြီး လက္ခဏာမပြတာ ဖြစ်နိုင်သလို ပြင်းထန်တဲ့ လက္ခဏာလည်း ဖြစ်သွားနိုင်ပါတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့

  • ဖျားတာ (ချမ်းတုန်နိုင်ပါတယ်)
  • ချောင်းဆိုးတာ
  • မောတာ
  • နုံးတာ
  • လည်ပင်းနာတာ
  • နှာစေးတာ
  • ကိုယ်လက်ကိုက်တာ
  • ခေါင်းကိုက်တာ
  • ပျို့အန်တာ
  • အနံ့အရသာ ပျောက်တာ၊ ပြောင်းတာ (ဒါကတော့ ကိုဗစ်မှာ ပိုတွေ့ရပါတယ်)

ပိုးဝင်ပြီးဘယ်လောက်အကြာမှာ လက္ခဏာပြမှာလဲ။

ကိုဗစ်ရော တုပ်ကွေးရောက ပိုးဝင်တာနဲ့ လက္ခဏာပြတာက ၁ရက်ကနေ ရက်ပေါင်းများစွာအထိ  ကြာနိုင်ပါတယ်။ တုပ်ကွေးကနေ ပိုးဝင်ပြီး ၁ရက်ကနေ ၄ရက်အတွင်း လက္ခဏာပြပါတယ်။ ကိုဗစ်မှာတော့ အများစုက ပိုးကူးခံရပြီး ၅ရက်နေရင် လက္ခဏာပြပါတယ်။ ဒါပေမယ့် ဒါက ၂ရက်ကနေ ၁၄ရက်အထိလည်း ဖြစ်သွားနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။

ဘယ်လောက်ကြာတဲ့အထိ သူများကို ရောဂါဖြန့်နိုင်သလဲ။

နှစ်ခုလုံးက ပိုးကူးပြီး ရောဂါလက္ခဏာမပြခင် ၁ရက်ကနေစပြီး သူများကို ကူးနိုင်ပါတယ်။ လက္ခဏာမပြခင်တည်းက ကူးနိုင်တဲ့အတွက် ကိုယ်က ထိတွေ့မှု ရှိထားပြီဆိုတာနဲ့ ဂရုစိုက်သင့်ပါတယ်။

တုပ်ကွေးဖြစ်တဲ့သူတွေကတော့ လက္ခဏာမပြခင် ၁ရက်ကနေ ကူးနိုင်ပါတယ်။ လူကြီးတွေ၊ ကလေးတွေဆိုရင်တော့ လက္ခဏာမပြခင် ၁ရက်ကနေ  လက္ခဏာပြပြီး ၃-၄ရက်၊ အများစုကတော့ ၇ရက်အထိ ကူးနိုင်ပါတယ်။ မွေးစကလေးနဲ့ ခုခံအားကျနေတဲ့သူကတော့ ဒီထက်ပိုကြာကြာရောဂါဖြန့်နိုင်ပါတယ်။ ဒါကြောင့် တုပ်ကွေးမိရင် အလုပ်နား၊ ကျောင်းနားဖို့ ပြောတာပါ။ သူများကို ကူးမှာ စိုးလို့ပါ။

ကိုဗစ်နဲ့ ပတ်သက်ပြီးကတော့ ခုထိလေ့လာနေကြတုန်းပါပဲ။ လက်ရှိလေ့လာချက်တွေအရတော့ ကိုဗစ်က လက္ခဏာမပြခင် ၂ရက်ကနေ  ပြပြီး ၁၀ရက်လောက်ထိ ကူးနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၁၁ရက်ပြည့်တာနဲ့ ပေးပြန်တာပါ။ ဒီချိန်မှာ ဆေးစစ်ရင် ပေါ့စတစ်ထွက်နေပေမယ့် သူများကိုတော့ မကူးနိုင်တော့ပါဘူး။ ဒါက မပြင်းထန်တဲ့သူတွေပါ။ ဆေးရုံတက်ရလောက်အောင် ပြင်းထန်တဲ့သူတွေကတော့ ရက် ၂၀ကျော်လောက်ထိ  ကူးနိုင်ပါတယ်။ ဒါကြောင့် အလွယ်မှတ်ရင် သာမန်လူနာ ၂ပတ်၊ ပြင်းထန်လူနာ ၃ပတ်ပါ။

ဘယ်လို ကူးသလဲ။

ကူးတဲ့ နည်းလမ်းကလည်း အတူတူလောက်ပါပဲ။ နှာချေချောင်းဆိုးလို့ ထွက်လာတဲ့ အမှုန်အမွှားတွေကို ရှူမိရင်ဖြစ်ဖြစ်၊ ဒီအမှုန်အမွှားတွေ ကပ်နေတဲ့ ပစ္စည်းတွေကိုကိုင်၊ ပြီးရင် လက်မဆေးဘဲ မျက်နှာကို ကိုင်ရင်လည်း ကူးတတ်ပါတယ်။ နောက်ပြီး အလုံပိတ်၊ လေဝင်လေထွက်မကောင်းတဲ့ အခန်းထဲမှာ အမှုန်အမွှားတွေက ၆ပေနဲ့အထက်ကို ပြန့်ပြီး ကူးနိုင်ပါသေးတယ်။

ဒါပေမယ့် ကိုဗစ်က ပိုဆိုးပါတယ်။ ရောဂါရှိသူတစ်ယောက်ကနေ နောက်ထပ်လူပေါင်းများစွာကို ကူးနိုင်တဲ့အပြင် ဗီဇခဏခဏပြောင်းတာကြောင့် လူအများကြီးကို ကူးပြီး ကပ်ရောဂါဖြစ်သွားတာပါ။

တုပ်ကွေးနဲ့ ကိုဗစ် ဘယ်ဟာကပိုပြင်းထန်သလဲ။

အသက်ကြီးတဲ့သူ၊ ကိုယ်ဝန်ဆောင်၊ ရောဂါအခံရှိတဲ့သူဆိုရင်တော့ ကိုဗစ်ပဲဖြစ်ဖြစ်၊ တုပ်ကွေးပဲဖြစ်ဖြစ် စိုးရိမ်စရာကောင်းပါတယ်။ ဒါကြောင့်လည်း ဒီအုပ်စုကို နှစ်တိုင်း တုပ်ကွေးကာကွယ်ဆေး ထိုးခိုင်းတာပါ။

ကိုဗစ်ကတော့ ပိုပြင်းထန်တယ်လို့ ပြောလို့ရပါတယ်။ လူလတ်ပိုင်း ကျန်းကျန်းမာမာတွေတောင်အခန့်မသင့်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ နောက်ထပ် ထူးခြားချက်က ကလေးတွေ (အထူးသဖြင့် ၅နှစ်အောက်) မှာ ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုး ဖြစ်တာာပါ။ ဒါကို  Multisystem Inflammatory Syndrome in Children (MIS-C)လို့ ခေါ်ပါတယ်။ ဖြစ်ခဲပေမယ့် ဖြစ်လာရင် အသက်အန္တရာယ်ရှိတာမျိုးပါ။

တုပ်ကွေးနဲ့ ကိုဗစ်ရဲ့ နောက်ဆက်တွဲပြဿနာ

နှစ်ခုလုံးအနေနဲ့ ဖြစ်နိုင်တာက

  • အဆုတ်ရောင်
  • အဆုတ်ပျက်စီးတာ
  • သွေးဆိပ်သင့်တာ
  • နှလုံးထိတာ
  • ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးတာ
  • နဂိုရောဂါအခံတွေ ပိုဆိုးလာတာ
  • နှလုံး၊ ဦးနှောက်နဲ့ ကြွက်သားတွေ ရောင်ရမ်းတာ ဖြစ်တတ်ပါတယ်။

ကွာတာကတော့ တုပ်ကွေးမှာ အများစုက ရက်ပိုင်းလောက်နဲ့ သက်သာသွားပါတယ်။ လူနည်းစုလောက်ပဲ နောက်ဆက်တွဲဖြစ်ပြီး ဆေးရုံတက်ရတဲ့အထိ  ပြင်းထတ်တာပါ။ တုပ်ကွေးမှာတော့ နောက်ဆက်တွဲ ပိုးဝင်တာက အဖြစ်များဆုံး ဆိုးကျိုးပါပဲ။ ကလေးတွေမှာတော့ ဝမ်းလျှောပြီး ကျန်ခဲ့တတ်ပါတယ်။

ကိုဗစ်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ သွေးခဲပိတ်တာ၊ ကလေးတွေမှာ Multisystem Inflammatory Syndrome in Children (MIS-C)လို့ခေါ်တဲ့ ကိုယ်တွင်းအင်္ဂါတွေ ရောင်ရမ်းတာဖြစ်တတ်ပါတယ်။ နောက်ဆုံးတွေ့ထားတာကတော့ Long COVIDလို့ခေါ်တဲ့ ပြဿနာပါ။ ပြင်းထန်သည်ဖြစ်စေ၊ မပြင်းထန်သည်ဖြစ်စေ ကိုဗစ်ဖြစ်ဖူးတယ်ဆိုတာနဲ့ ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးပါ။

တုပ်ကွေးနဲ့ ကိုဗစ် ကာကွယ်ဆေးများ

နှစ်ခုလုံးမှာ ကာကွယ်ဆေး ရှိပါတယ်။ တုပ်ကွေးမှာ ပိုး၄မျိုးအတွက် နှစ်စဉ်ကာကွယ်ဆေးထွက်ပါတယ်။ နှစ်တိုင်း အသစ်ပြန်ထိုးပေးရပါတယ်။ ကိုဗစ်ကတော့ ကာကွယ်ဆေးတွေ အများကြီးထွက်နေပြီး တချို့ကတော့ WHOခွင့်ပြုချက်ရပြီး ဖြစ်ပါတယ်။ ကာကွယ်ဆေးအများစုက ၃-၄ပတ်ခြားပြီး ၂ကြိမ်ထိုးရတာ များပါတယ်။ ဗီဇတွေ ခဏခဏပြောင်းတဲ့အတွက် ကာကွယ်ဆေးအာနိသင်ကို အတိအကျ ပြောဖို့ခက်ပါတယ်။

တုပ်ကွေးနဲ့ ကိုဗစ်ရဲ့ တူတာ၊ မတူတာတွေမှာ လက္ခဏာသက်သက်နဲ့ ခွဲခြားတာမျိုး မလုပ်ဖို့ အကြံပေးလိုပါတယ်။ ဆေးစစ်မယ်ဆိုရင်တောင် စစ်တဲ့ နည်းလမ်း၊ ရက်၊ ပစ္စည်းပေါ်မူတည်နေသေးတဲ့အတွက် လက္ခဏာရှိပြီး၊ ထိတွေ့မှုရှိပြီး နက်ဂတစ်ပြနေရင်တောင် စိတ်မချသင့်ပါဘူး။ တုပ်ကွေးကို ကိုဗစ်လို့ထင်ပြီး အနေအထိုင်ဆင်ခြင်တာက ပြဿနာမရှိပေမယ့် ကိုဗစ်ကို တုပ်ကွေးလို့ ထင်ပြီး ပေါ့ဆမိရင် အများကြီး ထိခိုက်နစ်နာသွားနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.cdc.gov/flu/symptoms/flu-vs-covid19.htm

ယခုပုံစံ

05/11/2021

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တုပ်ကွေးကာကွယ်ဆေးထိုးဖို့ အချိန်ဆွဲနေတော့မှာလား

မှောက်နေရင် ဘာကြောင့် အောက်စီဂျင် တက်လာတာလဲ



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement