အောက်စီဂျင်ကျလို့ မောလို့ မှောက်ခိုင်းပါမှ မောလို့ မမှောက်နိုင်ဘူးဆိုတာပါ။ တော်ရုံမောတာ၊ ရင်တုန်တာလောက်က မှောက်လို့ရပါတယ်။ ဘေးလူက ကူပြီး မှောက်ပေးပါ။
လူကြီးအများစုက အကြောတွေတင်းနေတဲ့အတွက် မှောက်ရင် နာလို့ဆိုပြီး ဂျီကျတတ်ပါတယ်။ မှောက်စမို့လို့ နာတာပဲ ဖြစ်ပါတယ်။ ဒီလိုနာတာကအန္တရာယ်လည်း မရှိပါဘူး။ မမှောက်လို့ အောက်စီဂျင်ကျသွားတာကသာ အန္တရာယ်များတာကြောင့် သည်းခံပြီး မှောက်စေလိုပါတယ်။
နည်းမှန်လမ်းမှန်မှောက်မယ်ဆိုရင် ဗိုက်က အလွတ်ထားရမှာပါ။ ဗိုက်အောက်မှာ ခေါင်းအုံး မထားရပါဘူး။ တော်ရုံဝတာက ခေါင်းအုံး၂လုံးဆင့်ရင် လွတ်ပါတယ်။ မသကာ ဗိုက်နဲ့ ကြမ်းနဲ့ တိုက်ရုံလောက်ပါပဲ။ အသက်ရှူမရအောင် ဗိုက်နဲ့ ကြမ်းနဲ့ ပိနေလို့ ဆိုရင်တော့ တစ်မျိုးပေါ့။ သူတို့ကျတော့ စပါရှယ်မွေ့ရာလိုတောပေါ့။ ဆိုလိုတာက ဗိုက်ပူလို့ဆိုပြီး မမှောက်ဘဲ မနေပါနဲ့။ တော်တော်များများက မှောက်နိုင်ကြပါတယ်။
ဘယ်လိုလူတွေ မှောက်လို့မရဘူးလဲ။
- အခြေအနေ ဆိုးလွန်းတဲ လူနာတွေ
- သတိမကောင်းတဲ့ လူနာတွေ
- စိတ်ကျန်းမာရေး ချို့တဲ့လို့ ကိုယ်တိုင် မှောက်တာ၊ စောင်းတာ မလုပ်နိုင်တဲ့ လူနာတွေ
- မကြာခင်ကမှ ကျောရိုးခွဲစိတ်ထားတဲ့လူနာ၊ ရင်ဘတ်မှာ ဒဏ်ဖြစ်ထားတဲ့ လူနာ၊ ဝမ်းဗိုက်ခွဲစိတ်ထားတဲ့လူနာ၊ ဆီးခုံရိုး မကောင်းတဲ့လူနာ
- ကိုယ်ဝန်ဆောင် (အထူးဖြင့် ၃လနောက်ပိုင်း)
အစာစားပြီးခါစဆိုရင်လည်း တန်းပြီး မမှောက်ပါနဲ့။ တစ်နာရီ၊ နှစ်နာရီလောက်ကြာအောင် စောင့်ပြီးမှ မှောက်ပါ။ မှောက်ပြီး အိပ်ပျော်မသွားပါစေနဲ့။ နာမည်ကိုက Awake proningပါ။ အိပ်ချင်ရင် ဘေးစောင်းပြီးအိပ်ပါ။
မှောက်တာက အောက်စီဂျင် ကျတဲ့ လူနာလည်း မှောက်လို့ရသလို၊ အောက်စီဂျင်ရှူနေရလည်း လူနာလည်း မှောက်လို့ရပါတယ်။ အောက်စီဂျင်တော့မကျဘူး ချောင်းဆိုးချွဲကျပ်နေရုံပဲဆိုတဲ့ လူနာလည်း မှောက်လို့ရပါတယ်။ ချွဲအထွက်လွယ်စေပါတယ်။
လူနာတွေအနေနဲ့ အောက်စီဂျင်ကျနေတာ မှောက်ပြီး ဟိုအရွက်ရှူမှ ရေနွေးငွေ့ရှူမှ တက်လာတယ်လို့ ပြောကြပါတယ်။ အရွက်တွေ၊ ရေနွေးတွေက အတွင်းထဲထိ ရောက်အောင် ရှူဖို့ မလွယ်ပါဘူး။ ရောက်လှ လေပြွန်ထိပါပဲ။ ရှိုက်ပြီး ရှူလို့ ပွင့်သွားပြီး အောက်ဆီဂျင်ခဏတက်လာတဲ့ သဘောပါ။ ဒါမျိုးရှင်းပြလည်း လူနာတွေက အောက်စီဂျင်ကျနေရင် အရွက်ပဲ ရှူနေကျတော့ ကြာတော့ ရှူချင်တာရှူ မှောက်တာရှူလို့ပဲ အကြံပေးလိုက်ပါတော့တယ်။
အောက်စီဂျင် တက်ဖို့ ဟိုဆေးတွေထိုး ဒီအရွက်တွေရှူ ကြံရာမရဖြစ်မနေကြပါနဲ့။ မှောက်တာနေကြပါ။ အလွယ်ဆုံးနဲ့ ပိုက်ဆံမကုန်တဲ့ နည်းလမ်းမို့လို့ အထင်မသေးပါနဲ့။ သုတေသနတွေ လုပ်ထားပြီးလို့သာ အကြံပေးကြတာပါ။ ဆရာတစ်ယောက်ပြောသလို ‘ပက်လက်မသေချင်ရင် မှောက်သာနေကြ’ လို့ပဲ အကြံပေးလိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။