မွေးခါနီး ဗိုက်နာတာက ဘယ်လိုမျိုးလဲ
ဒီတစ်ခါတော့ မေမေတို့ကို မွေးခါနီး ဗိုက်နာတာက ဘယ်လိုမျိုးလဲဆိုတာ ပြောပြပေးပါ့မယ်။ မေမေတို့က ကိုယ်ဝန်ဆောင်တလျှောက်လုံးမှာ အကြောင်းအမျိုးမျိုးကြောင့် ဗိုက်နာနိုင်ပါတယ်။ အိမ်သာတက်ချင်လို့ နာတာက စလို့ လေပွတာ၊ လေအောင့်တာ၊ ကလေးကန်တာ၊ ဗိုက်ကြောတွေနာတာ စတဲ့ အရေးမကြီးတဲ့ အကြောင်းတွေအပြင် တခြားရောဂါတွေကြောင့်လည်း နာနိုင်ပါတယ်။
မေမေတို့ အသိချင်ဆုံးကတော့ မွေးခါနီး ဗိုက်နာရင် ဘယ်လိုလဲဆိုတာပါ။ ဘာကြောင့်လဲဆိုတော့ သူများတွေက ကလေးမွေးလို့ ဗိုက်နာတာက ဘဝမှာ အနာဆုံး ဝေဒနာလို့ ပြောကြတာကိုး။ နောက်ပြီး မေမေတို့ ဆေးရုံကို အချိန်မီသွားနိုင်ဖို့ ကလေးမွေးခါနီး ဗိုက်နာတာက ဘယ်လိုလဲဆိုတာ သိဖို့လိုတယ်လေ။
မွေးခါနီး ဗိုက်နာတာက တကယ်တော့ သားအိမ်ကြွက်သားတွေ ညှစ်လို့ နာတာပါ။
- နာတဲ့ပုံစံက လှိုင်းလိုပါပဲ။ ဖြည်းဖြည်းချင်း နာတာပဲ၊ ဟိုထိပ်ထိရောက်အောင် နာပြီးရင် ပြန်ကျလာပါတယ်။
- နာနေတဲ့အချိန်ဆို ဗိုက်က လုံးတက်ပြီး မာလာပါတယ်။
- အချိန်ပုံမှန်ခြားပြီး နာပါတယ်။ ဥပမာ ၅မိနစ်တစ်ခါပေါ့။
- အဲ့ဒီကနေမှ နောက်ပိုင်း ပိုပိုစိတ်လာပါတယ်။ ၅မိနစ်ကနေ ၃မိနစ်၊ ၂မိနစ် စသဖြင့်ပေါ့။
- နာတဲ့ အရှိန်ကလည်း ပိုပိုပြီး နာလာပါတယ်။
ဒီလို စည်းချက်ကျကျနာတဲ့ပုံစံက မွေးခါနီး ဗိုက်နာတဲ့ ပုံစံပါ။ ခဏခဏနဲ့ ခပ်ပြင်းပြင်းလေး နာလာပြီဆိုရင် ဆေးရုံကိုသာ သွားပါတော့။
ဒီလိုနာတာက လရင့်ရင် ပိုသတိထားရမှာပါ။ လနုပေမယ့် ကိုယ်က စောမွေးနိုင်တယ်ဆိုရင်လည်း သတိထားကြပါ မေမေတို့။