backup og meta

အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 31/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာ

    အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာ ဆိုလို့ ဟုတ်ပါ့မလားလို့ တွေးနေမိတာလား။ အမျိုးသမီးတွေမှာပဲ ဖြစ်တာလားဆိုတဲ့ မေးခွန်းတွေ ခေါင်းထဲမှာ ဗြောင်းသက်နေပါသလား။ အမျိုးသမီးတွေမှာမှ ရင်သားကင်ဆာဖြစ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ရင်သား ကင်ဆာဖြစ်နိုင်ပါတယ်။

    အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာ

    အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာ က အမျိုးသမီးတွေမှာလောက်တော့ အဖြစ်မများဘူးပေါ့။ အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်တဲ့နှုန်းဟာ တော်တော်လေး နည်းပါတယ်။ အမျိုးသားတွေမှာလည်း ရင်သားဆဲလ်တွေ၊ တစ်ရှူးတွေ ရှိနေတာကြောင့် ရင်သားကင်ဆာ ဖြစ်နိုင်တာပါ။

    အမျိုးသားတွေက အမျိုးသမီးတွေလိုတော့ ရင်သားကနေ နို့ရည်ကို မထုတ်လုပ်ဘူးဆိုပေမယ့် ရင်သားကင်ဆာကတော့ ဖြစ်နိုင်ပါတယ်။ အမျိုးသား အယောက် တစ်ထောင်မှာ တစ်ဦးနှုန်းလောက် ရင်သားကင်ဆာ​ဖြစ်နိုင်ပါတယ်။

    အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်နေလားဆိုတာကို ရင်သား ဒါမှမဟုတ်  ရင်သားထိပ်ခေါင်း အောက်ဘက်နားမှာ ခပ်မာမာ အဖုအကျိတ်ရှိနေလားဆိုတာကို ဆန်းစစ်တာကနေ တဆင့် သိနိုင်ပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ရင်သားကင်ဆာ​ကြောင့် သေဆုံးနိုင်ခြေမြင့်ပါတယ်။

    အကြောင်းကတော့ ရင်သားကင်ဆာဖြစ်နိုင်ခြေရှိတဲ့ အရာတွေကို သတိထားမိတာ နည်းတာကြောင့်ပါ။ ဒီလိုကနေ ကုသမှုခံယူတာ နောက်ကျပြီး ရင်သားကင်ဆာကြောင့် အသက်ဆုံးရှုံးကြရတာပါ။ အသက် ၅၀ နဲ့ အထက် အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေ များပါတယ်။ ဒါပေမယ့် အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။

    အမျိုးသားတွေအနေနဲ့လည်း ရင်သားကင်ဆာကို စောစောသိ စောစော ကုသနိုင်မယ်ဆိုရင် ရလဒ်ကောင်းမှာပါ။ ရင်သားကင်ဆာဖြစ်တဲ့အခါ အကျိတ်ကို ခွဲထုတ်ပစ်တာ၊ ရင်သားတစ်ရှူးတွေကို ဖယ်ရှားတာဆေးသွင်းကုသတာ၊ ဓာတ်ရောင်ခြည်ပေးကုသမှုနဲ့ နည်းလမ်းတွေနဲ့ ကုသပြီး ကင်ဆာဆဲလ်တွေကို ထိန်းချုပ်လို့ ရပါတယ်။

    ဘယ်လို လက္ခဏာတွေရှိမလဲ

    အမျိုးသားတစ်ဦးမှာ ရင်သားကင်ဆာ ခံစားရပြီဆိုရင်

  • ရင်သားမှာ နာကျင်မှု မရှိတဲ့ အဖုအကျိတ် စမ်းမိတာ
  • ရင်သားတစ်ရှူးတွေ ခပ်ထူထူဖြစ်နေတာ
  • ရင်သား အသားအရေ ပြောင်းလဲတာ
  • နို့သီးခေါင်းက နီမြန်းတာ၊ အဖက်တွေလန်တာ၊ အတွင်းချိုင့်ဝင်တာမျိုးတွေလိုမျိုး ပြောင်းလဲမှုတွေ ရှိလာတာ
  • ရင်သားကနေ ပြည်လို အရည်တွေထွက်တာမျိုး ခံစားရနိုင်ပါတယ်။
  • ဒီလက္ခဏာတွေ ရှိလာပြီဆိုရင် ဆေးကုသမှု ခံယူပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေကို လုပ်ဆောင်ပါ။ ရင်သားကင်ဆာက မြန်မြန်သိ မြန်မြန်ကုလေ ထိရောက်မှု ရှိလေလေပါ။

    အမျိုးသားတွေကို ရင်သားကင်ဆာ ဖြစ်စေရတဲ့ အကြောင်းအရင်း

    အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်ရတဲ့ အကြောင်းအရင်းက အတိအကျ မရှိပါဘူး။ အချို့သော ရင်သားကင်ဆာဆဲလ်တွေက ပုံမှန် မဟုတ်ဘဲ လျင်လျင်မြန်မြန် ကွဲပွားရာကနေ ရင်သားကင်ဆာဆဲလ်တွေဖြစ်လာရတာပါ။ ဒီဆဲလ်တွေက စုမိပြီး ရင်သားကင်ဆာ အကျိတ်တွေဖြစ်လာပါတယ်။ဒီကနေတဆင့် အနီးတဝိုက်က တစ်ရှူးတွေ၊ ပြန်ရည်ကျိတ်တွေ နဲ့ ခန္ဓာကိုယ် အခြားအစိတ်အပိုင်းတွေဆီ ပြန့်သွားတာပါ။

    အမျိုးသားတွေကို ရင်သားကင်ဆာ ခံစားရနိုင်ခြေ တိုးစေတဲ့ အ​ကြောင်းအရင်း အချို့ကတော့

    အသက်အရွယ် ကြီးရင့်တာ

    အသက်အရွယ် ကြီးရင့်လာတာက အမျိုးသားတွေမှာ ရင်သားကင်ဆာ ခံစားရနိုင်ခြေကို တိုးစေတဲ့ အချက်တစ်ခုပါ။ အသက် ၅၀ နဲ့အထက် အမျိုးသားတွေက ရင်သာကင်ဆာ ခံစားရနိုင်ခြေ ပိုမြင့်ပါတယ်။

    အက်စထရိုဂျင် ထိတွေ့မှု

    အက်စထရိုဂျင်ပါတဲ့ ဆေးတွေ သောက်သုံးနေရတာ၊ ဆီးကျိတ်ကင်ဆာအတွက် ဟော်မုန်း ကုထုံး ခံယူနေရတာတွေက အမိုးသားတွေကို ရင်သား ကင်ဆာ ခံစားရနိုင်ခြေ တိုးစေပါတယ်။

    မျိုးရိုးရှိတာ

    ဖခင် ဒါမှမဟုတ် ညီအစ်ကိုတွေမှာ ရင်သားကင်ဆာ ခံစားရဖူးရင်လည်း ရင်သားကင်ဆာ ခံစားရနိုင်ခြေ များပါတယ်။

    Klinefelter’s syndrome 

    ဒါကတော့ မျိုးဗီဇဆိုင်ရာ ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။ အမျိုးသားတွေမျာ မွေးဖွားစဉ်က X  ခရိုမိုဆုန်းခ် တစ်ခုထက်ပိုပြီး ပါလာတာပါ။ ဒီလို ပါလာတာက လိုင်အင်္ဂါ ပုံမှန် မဟုတ် တဲ့ ကြီးထွားမှုကို ဖြစ်စေနိုင်ပြီး အမျိုးသားတွေမှာ ကျားဟော်မုန်းဖြစ်တဲ့ (androgens) ထုတ်လုပ်မှု နည်းပြီး မဟော်မုန်းဖြစ်တဲ့ (estrogens) ထုတ်လုပ်မှု များနေတာပါ။

    အသည်းရောဂါ

    အသည်းရောဂါဖြစ်တဲ့ အသည်းရွတ်နာလိုမျိုး ရောဂါတွေက ကျား ဟော်မုန်း ထုတ်လုပ်မှုကို ကျစေပြီး မ ဟော်မုန်း ထုတ်လုပ်မှုကို များစေနိုင်တာကြောင့် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို များစေပါတယ်။

    အဝလွန်တာ

    အဝလွန်တာက ကိုယ်တွင်းမှာ အက်စထရိုဂျင်ဟော်မုန်း ပမာဏကို တိုးစေပြီး အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။

    မျိုးပွား အင်္ဂါဆိုင်ရာ ရောဂါတစ်ခုခု ခံစားရဖူးတာ၊ ခွဲစိတ်မှု ခံယူဖူးတာ

    ဝှေးစေ့ရောင်ခြင်း (orchitis) ဒါမှမဟုတ် ဝှေးစေ့ဖယ်ရှားတဲ့ ခွဲစိတ်မှု ခံယူဖူးတာကလည်း ရင်သား ကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။

    အမျိုးသားတွေ ရင်သားကင်ဆာ ဘယ်နေရာက စဖြစ်တာလဲ။

    အမျိုးသားတွေဟာ ရင်သားတစ်ရှူး အနည်းငယ်နဲ့ မွေးဖွားလာကြတာပါ။ ရင်သားတစ်ရှူးမှာ နို့ရည်ပြု ဂလင်းတွေ၊ နို့ရည်ပို့ပြွန်၊ အဆီတစ်ရှူးတွေ ပါဝင်ပါတယ်။

    အမျိုးသမီးတွေက အပျိုဖော်ဝင်လာချိန်မှာ ရင်သားတစ်ရှူးတွေ ထပ်မံဖြစ်လာနိုင်ပေမယ့် အမျိုးသားတွေကတော့ လူပျိုဖော်ဝင်ချိန်မှာ ရင်သားတစ်ရှူးတွေ ထပ်ဖြစ်မလာပါဘူး။ အမျိုးသားတွေက ရင်သားတစ်ရှူးနည်းနည်းပဲ ရှိတာဆိုပေမယ့် ရင်သားကင်ဆာ ဖြစ်စေနိုင်ပါတယ်။

    အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ ရင်သားကင်ဆာ အမျိုးအစားများ

    အမျိုးသားတွေမှာဖြစ်တဲ့ ရင်သားကင်ဆာအမျိုးအစားတွေကတော့

    နို့ရည်ပို့ပြွန်ကနေ စတဲ့ ရင်သားကင်ဆာ – အမျိုးသားတွေမှာ အဖြစ်များတဲ့ ရင်သားကင်ဆာ အမျိုးအစားပါ။ နို့ရည်ပို့ ပြွန်ကနေ စဖြစ်ပွားပါတယ်။

    နို့ရည်ပြု ဂလင်းကနေ စတင်ဖြစ်ပွားတဲ့ ရင်သားကင်ဆာ – ဒီရင်သားကင်ဆာ အမျိုးအစားကတော့ အမျိုးသားတွေမှာ ဖြစ်ခဲပါတယ်။ အကြောင်းကတော့ အမျိုးသားတွေရဲ့ ရင်သားမှာ နို့ရည်ပြုဂလင်းက အနည်းငယ်ပဲ ပါဝင်တာကြောင့်ပါ။

    အခြားရင်သား ကင်ဆာ အမျိုးအစား – အမျိုးသားတွေမှာ ဖြစ်နိုင်ခြေရှိတဲ့ အခြားရင်သားကင်ဆာ အမျိုးအစားတွေကတော့ နို့သီးခေါင်းမှာ ဖြစ်တတ်တဲ့ Paget’s disease ကြောင့်ဖြစ်တဲ့ ရင်သားကင်ဆာ။ ရင်သားရောင်ရမ်းမှုကနေတဆင့် ဖြစ်တဲ့ ရင်သားကင်ဆာ အမျိုးအစားတွေပါ။

    ဒီရင်သားကင်ဆာ အမျိုးအစားတွေ အပြင် မျိုးရိုးမှာ ရင်သားကင်ဆာဖြစ်ဖူးမယ်ဆိုရင်လည်း ပုံမှန်စစ်ဆေးမှုတွေ လုပ်ဆောင်သင့်ပါတယ်။

    ဘယ်လိုစစ်ဆေး သိရှိနိုင်မလဲ။

    ရင်သားကင်ဆာကို စစ်ဆေးတဲ့ နည်းလမ်းမှာ အဆင့်များစွာ ပါဝင်နေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု၊ ပုံရိပ်ဖော် စစ်ဆေးမှု နဲ့ အသားစယူ စစ်ဆေးမှုတွေအပါအဝင် စစ်ဆေးမှု အဆင့်များစွာ လုပ်ရပါတယ်။

    ရင်သားကင်ဆာဆဲလ်တွေက ရင်သားမှာ အကျိတ်ဖြစ်နေနိုင်ပါတယ်။ အကျိတ်ရဲ့ တည်နေရာ၊ ကင်ဆာဆဲလ် ကြီးထွားမှုကို လိုက်ပြီး ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု ပုံရိပ်ဖော် စစ်ဆေးမှုတွေဖြစ်တဲ့ mammogram နဲ့ X-ray တို့ကို အသုံးပြုပြီး ရင်သားတစ်ရှူးတွေကို စစ်ဆေးနိုင်ပါတယ်။ ဒါတင်မကဘဲ ရင်သားကင်ဆာကို MRI စနစ်သုံးပြီးလည်း စစ်ဆေးနိုင်ပါသေးတယ်။

    နောက်တစ်နည်းကတော့ ရင်သားကနေ တစ်ရှူး နမူနာယူပြီး အသားစ စစ်ဆေးတဲ့ နည်းလမ်းပါ။ အကျိတ်ရဲ့ တည်နေရာ၊ အရွယ်အစားတွေအပါအဝင် အမျိုးမျိုးသော အကြောင်းအရာတွေပေါ် မူတည်ပြီး အသားစယူ စစ်ဆေးနည်း ကွာခြားနိုင်ပါတယ်။

    ရင်သားကင်ဆာ ကုသမှု နည်းလမ်းများ

    ရင်သားကင်ဆာကို ကုသတဲ့နည်းက တစ်ခုမကပါဘူး။ ကင်ဆာအဆင့်၊ grade၊ အမျိုးအစားကို လိုက်ပြီး ကုထုံး ကွာခြားနိုင်ပါတယ်။

    • ခွဲစိတ်ကုသမှု – ဒါကတော့ ကင်ဆာကျိတ်ကို ခွဲစိတ်ဖယ်ရှားတာပါ။ ရင်သား တစ်ခုလုံးကို ဖယ်ရှားတာ ရှိသလို ကင်ဆာဆဲလ်တွေရှိနေတဲ့ အကျိတ်တဝိုက်က တစ်ရှူးတွေ၊ ပြန်ရည်ကျိတ်လေးတွေကို ဖယ်ရှားတာလည်း ရှိပါတယ်။
    • ဆေးသွင်းကုသမှု – ကင်ဆာဆဲလ်တွေက ရင်သာအပြင်အခြားနေရာတွေကိုပါ ပြန့်နှံ့နေပြီဆိုရင်တေ့ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်ဖို့အတွက် ဆေးသွင်းကုသမှု ခံယူရပါမယ်။
    • ဟော်မုန်း ကုထုံး – ကင်ဆာဆဲလ်တွေကြီးထွားစေမယ့် ဟော်မုန်း ထုတ်လုပ်မှုကို ဟန့်တားလိုက်တဲ့ ကုထုံးတစ်ရပ်ပါ။
    • ကိုယ်ခံအားကုထုံးကိုယ်ခံအားဆဲလ်တွေက ကင်ဆာဆဲလ်တွေကို တိုက်ထုတ်ဖို့အတွက် ကိုယ်ခံအားဆဲလ်တွေကို လှုံ့ဆော်ပေးတဲ့ ကုထုံးပါ။
    • ဓာတ်ရောင်ခြည် ကုထုံး – ကင်ဆာဆဲလ်တွေကို သတ်ပစ်ဖို့ ပြင်းအားမြင့် ရောင်ခြည်ကို သုံးပြီး ကုသတဲ့ ကုထုံးပါ။

    ကာကွယ်နည်း

    ရင်သားကင်ဆာက စောစောသိ စောစောကုသနိုင်လေလေ ထိရောက်မှု ရှိလေလေပါ။ ဒီတော့ ရင်သားကင်ဆာကို ကာကွယ်ဖို့ဆိုရင်

    • ရင်သားက ပုံမှန်ဟုတ်ရဲ့လားဆိုတာကို အစဉ်မပြတ် စစ်ဆေးပါ။
    • ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။
    • အယ်လ်ကိုဟော ဖြတ်ပါ။
    • ပြည့်ဝဆီ လျှော့ပါ။
    • ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းပါ။
    • နှစ်စဉ် ရင်သားစစ်ဆေးမှု ခံယူပါ။
    • မိသားစုမှာ ရင်သားကင်ဆာဖြစ်ဖူးတရှိမယ်ဆိုရင် အသက် ၄၀ မတိုင်ခင်ကတည်း နှစ်စဉ် ရင်သား စစ်ဆေးမှု ခံယူပါ။
    • ရင်သားကင်ဆာ မျိုးရိုး မရှိသူတွေကတော့ အသက် ၄၀ ကျော်လာရင် ပုံမှန် စစ်ဆေးမှု ခံယူပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 31/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement