သင်ဟာ ကင်ဆာဝေဒနာခံစားနေရသူ ဖြစ်သွားတဲ့ အချက်က မိသားစုတွင်း ကဏ္ဍဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုပေးနေရသူ အဖြစ်ကနေ သင်ကိုယ်တိုင် စောင့်ရှောက်မှုခံယူရတဲ့အဖြစ်ကို အခြေအနေပြောင်းသွားနိုင်ပါတယ်။ အချို့ကိစ္စရပ်တွေမှာ ဒါဟာ အိမ်တွင်းရေး အခက်အခဲများ ဖြစ်စေကာ စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။
သင့် ကင်ဆာရောဂါနှင့် ကုသမှုကြောင့် သင့်ကလေးတွေမှာ အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှုအချို့ ရှိလာနိုင်ပါတယ်။ ငယ်ရွယ်တဲ့ကလေးတွေက မိဘကိုအရမ်းကပ်တာ (သို့) စိတ်လိုက်မာန်ပါလုပ်တာမျိုး ရှိနိုင်သလို ကလေးကြီး (သို့) ဆယ်ကျော်သက်တွေမှာတော့ စိတ်တိုစိတ်ဆတ်လာပြီး မိသားစုနဲ့ ရှောင်ဖယ်ဖယ်နေတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
သင့်မိသားစုက သင့်ကို ဘယ်လို ထောက်ပံ့ပေးနိုင်သလဲ။
- တာဝန်တွေ မျှဝေခံစားနိုင်ပါတယ်။
ကင်ဆာက သင့်မိသားစုဘဝထဲကို ဝင်ရောက်လာတဲ့အခါ သင့်မိသားစုတွင်းမှာ တာဝန်တွေ အခန်းကဏ္ဍတွေ ပြောင်းလဲဖို့ လိုလာပါတယ်။ သင့်ကုသမှုကြောင့် သင်ဟာ အားအင်ကုန်ခမ်းကာ အချိန်မရှိတာမျိုးဖြစ်နိုင်သည်။ ထို့ကြောင့် သင့်မိသားစုဝင်များက အိမ်မှုကိစ္စလုပ်တာ (သို့) အပြင်ထွက် အလုပ်လုပ်တာမျိုးကို တာဝန်ယူလုပ်ကိုင်ဖို့ အရေးကြီးပါတယ်။
ဒီပြဿနာသည် ပိုက်ဆံရှာသူ၊ အိမ်ထောင်မှုထိန်းသိမ်းသူ၊ ကလေးစောင့်ရှောက်သူ (သို့) သက်ကြီးရွယ်အိုမိဘတွေကို စောင့်ရှောက်နေရသူများကို အဓိက ထိခိုက်နိုင်ပါတယ်။ ထိုအချိန်မျိုးတွင် သင်သည် သင့်ကလေးများကို အိမ်မှုကိစ္စ ဝိုင်းကူလုပ်ဖို့ သင်ကြားပေးရမည်။ ထိုသို့ ဝိုင်းကူညီခြင်းဖြင့် ကလေးများသည် မိသားစုအခြေအနေကို အတွင်းကျကျ နားလည်ကာ သူများတွေနှင့် ဘယ်လိုမျှဝေခံစားရသလဲ ဆိုတာကိုလည်း သိတတ်လာပါလိမ့်မည်။
- မိသားစု အစည်းအဝေးထိုင်ပါ။
အကယ်၍ တစ်စုံတစ်ယောက် နေ့စဉ်ဘဝမှာ ပြဿနာကြုံကြိုက်နေပြီဆိုရင် နားလည်၊ ကူညီ၊ ဖေးမဖို့ မိသားစုတွင်းရှိ လူအားလုံး သိဖို့လိုအပ်ပါတယ်။ မိသားစုအစည်းအဝေးကို တစ်ပတ်တစ်ကြိမ် (သို့) ထူးခြားတဲ့ ရက်တွေမှာ ပြုလုပ်သင့်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဖြင့် မိသားစုဝင်များ သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရင်ဖွင့်နိုင်ကာ ဘယ်လိုအကောင်းဆုံးပြင်ဆင် ဖြေရှင်းမလဲဆိုတာကို ဆွေးနွေးနိုင်ပါတယ်။
အထူးသဖြင့် မိသားစုဝင်တွေက တစ်နေရာစီ ခွဲနေရတယ်ဆိုရင် မိသားစုအတူစုံညီ တွေ့ဆုံပျော်ရွှင်ဖို့ အစီအစဉ်ဆွဲနိုင်ပါတယ်။ ထိုအစည်းအဝေးမျိုးက မိသားစုတွင်းဆက်ဆံရေးကို ပိုမိုခိုင်မြဲစေကာ တစ်ယောက်နှင့်တစ်ယောက် ပိုမိုနားလည်မှုရှိစေသည်။ သင့်ချစ်သော မိသားစုက သင့်ကို ဘယ်လောက်ဂရုစိုက်လဲ သိရခြင်းက သင့်ရောဂါကို တွန်းလှန်ဖို့ ခွန်အားတွေရရှိစေပါတယ်။
- သင့်ကလေးများ၏ ဘဝကို တတ်နိုင်သရွေ့ ပုံမှန်အတိုင်းပဲ ဖြစ်ပါစေ။
မိသားစုဝင် အကြီးများက ကလေးများ၏ နေ့စဉ်လုပ်ငန်းစဉ်များ ပုံမှန်အတိုင်းဖြစ်စေဖို့ တတ်နိုင်သလောက် စိတ်ရှည် ကြိုးစားရမည်။ ကလေးများသည် သူတို့ ကင်ဆာဆိုသည့်အကြောင်းကို နားလည်နိုင်လောက်သည့် အသက်အရွယ်မရှိသေးဘူး ဆိုတာကို တွေးမိချိန်မှာ စိတ်အားငယ်ပြီး အထီးကျန်နိုင်ပါတယ်။
တစ်ဖက်မှာ သင့်အနေနဲ့ ကလေးတွေကို မေးခွန်းတွေမေးဖို့၊ သူတို့ စိတ်ထဲက ကြောက်ရွံ့မှုနဲ့ ခံစားချက်တွေကို ရဲရဲပြောပြဖို့ အားပေးပါ။ သင်နှင့် မိသားစုဝင်အကြီးများက ကလေးများကို အမြဲ ချစ်ခင်ဂရုစိုက်တယ်ဆိုတာကို နှစ်သိမ့်ဖော်ပြဖို့ အရေးကြီးပါတယ်။
ဒီအခြေအနေဟာ သင်အပါအဝင် သင့်မိသားစုအတွက် တကယ့်ကို စိန်ခေါ်မှုတစ်ရပ်ပါပဲ။ သို့သော် အကယ်၍ သင်နှင့် သင့်မိသားစု ကြုံတွေ့နေရတဲ့ အခြေအနေကို ကောင်းကောင်းနားလည်ပြီး ရင်ဆိုင်နိုင်ရင် သင်တို့အားလုံး ဒီခက်ခဲတဲ့ အချိန်ကနေ ကျန်းမာပြီး ခိုင်မြဲတဲ့ နွေးထွေးတဲ့ မိသားစုဘဝကို ထိန်းသိမ်းနိုင်ကာ သင် ကင်ဆာရောဂါကို တွန်းလှန်နိုင်ဖို့ ပိုပြီး ကြံ့ခိုင်သန်စွမ်းလာအောင် ကူညီပေးပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။