ပမာဏအများကြီးနဲ့ ခဏခဏ သောက်သုံးခြင်းက ခေါင်းပိုင်းနဲ့ လည်ပင်းပိုင်းကင်ဆာတွေ ကို ပိုဖြစ်စေနိုင်တဲ့ အချက်တစ်ခုပါ။ အရက် ရော၊ ဆေးရွက်ကြီးပါ နှစ်ခုစလုံး အသုံးပြု မယ်ဆိုရင်တော့ ဖြစ်နိုင်ချေကို ပိုလို့တောင် များစေနိုင်ပါတယ်။
နှာခေါင်းအတွင်းရှိ အခေါင်းပေါက် များတွင် ဖြစ်သော ကင်ဆာကို ပိုဖြစ်စေနိုင်မယ့်၊ ဖြစ်ဖို့ ပိုအားပေးနေတဲ့အခြား အချက်အလက်တွေရှိပါသေးတယ်။
- လိင်အမျိုးအစား။ အမျိုးသားတွေ ဟာ အမျိုးသမီးတွေထက်ဖြစ်နိုင်ချေ နှစ်ဆပိုများပါတယ်။
- အသက်အရွယ်။ အဲလို ကင်ဆာတွေဟာ အသက် ၄၅နှစ်မှ ၈၅ နှစ်အတွင်းရှိတဲ့သူတွေမှာ ပိုပြီး အဖြစ်များပါတယ်။
- HPV လို့ခေါ်တဲ့ ဗိုင်းရပ်။ လေ့လာချက်တွေအရ ဒီဗိုင်းရပ်ကူးစက်ခံရတဲ့ သူတွေဟာ အထက်ပါကင်ဆာတွေ ဖြစ်နိုင်ဖို့ ပိုများတာကို တွေ့ရှိရပါတယ်။ HPV ဗိုင်းရပ်ရှိနေတဲ့ သူတစ်ယောက်နဲ့ လိင်ဆက်ဆံခြင်းက ကိုယ့်ဆီHPV ဗိုင်းရပ်ဝင်လာနိုင်ဖို့ အဖြစ်နိုင်ဆုံးနည်းလမ်းပါ။ ဒီ HPV ဗိုင်းရပ်မှာ strains လို့ခေါ်တဲ့ အမျိုးအစားတွေ အများကြီးရှိပါတယ်။ လေ့လာချက်တွေအရ အချို့ အမျိုးအစားတွေက အချို့ကင်ဆာ အမျိုးအစားတွေနဲ့ ပိုပြီးဆက်နွယ်မှုရှိနေတာကို တွေ့ရပါတယ်။ သင့်ကို HPV ဗိုင်းရပ်အကူးစက်မခံရအောင် အသုံးပြုနိုင်တဲ့ ကာကွယ်ဆေးတစ်ချို့ရှိပါတယ်။
- အချို့သော ရှုမိနိုင်တဲ့ ပစ္စည်းများ။ အလုပ်ရုံပတ်ဝန်းကျင်တွေမှာ တွေ့ရတတ်တဲ့ အချို့သော ပစ္စည်းတွေကို ရှုမိတာက ဒီကင်ဆာဖြစ်နိုင်ချေ ပိုများစေနိုင်ပါတယ်။
- လေထုညစ်ညမ်းမှုနှင့် တွေ့ကြုံရခြင်း။ လေထုညစ်ညမ်းမှုနဲ့ ထိတွေ့ရတဲ့အတွက်လည်း နှာခေါင်းအတွင်းရှိ အခေါင်းပေါက် များတွင် ဖြစ်သော ကင်ဆာရောဂါ ဖြစ်နိုင်ချေ များစေနိုင်ပါတယ်။
- စိတ်ပျော်ရွှင်စေရန်အတွက် ရှုရှိုက်နိုင်(သို့)သောက်သုံးနိုင်တဲ့ ဆေး( Marijuana )တွေ သုံးတဲ့သူတွေမှာ ပိုပြီးဖြစ်နိုင်ချေများပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Sinus Cancer ((ဆိုင်းနပ်စ်) ကင်ဆာ ဆိုတာဘာလဲ) ကို ဘယ်လိုအတည်ပြုပါသလဲ
ရောဂါအမည်သတ်မှတ်ခြင်းကို ရောဂါနောက်ကြောင်း မေးမြန်းခြင်းနဲ့ ကိုယ်ခန္ဓါစစ်ဆေးခြင်းဖြင့် စတင်လုပ်ဆောင်ရပါမယ်။ ပုံရိပ်ရယူခြင်းနည်းလမ်းတွေဖြစ်တဲ့ CT ရိုက်ခြင်းနဲ့ MRI ရိုက်ခြင်းတို့ကို တစ်နေရာရာမှာရှိနေတဲ့ အကျိတ်ကို အဆင့်သတ်မှတ်ဖို့ နဲ့ အဲဒီအကျိတ်ကနေ ပျံ့သွားခြင်းရှိ၊ မရှိစစ်ဆေးနိုင်ဖို့ အသုံးပြုနိုင်ပါတယ်။
sinus နှင့် ဦးခေါင်းခွံ အောက်ခြေကဲ့သို့သော အရိုးဖြင့် တည်ဆောက်ထားတဲ့ ခန္ဓါကိုယ် အစိတ်အပိုင်းတွေကို စစ်ဆေးတဲ့နေရာမှာ CT ရိုက်ခြင်းက ပိုပြီးကောင်းမွန်ပါတယ်။ဦးနှောက်ကို ကာရံထားတဲ့နေရာ (Dura) ၊ မျက်လုံး (သို့) ဦးနှောက်ကိုယ်တိုင်ကဲ့သို့ ပျော့ပျောင်းတဲ့ တစ်ရှုးတွေနဲ့ပတ်သတ်တဲ့ အစိတ်အပိုင်းတွေရဲ့ အသေးစိတ်အချက်အလက်တွေကို သိဖို့ကတော့ MRI က ပိုကောင်းပါတယ်။
နောက်ဆုံးရောဂါအမည်တပ်ဖို့အတွက်ကတော့ အကျိတ်ကို အသားစယူဖို့လိုအပ်ပါတယ်။ အသားစယူတာကိုတော့ ဆေးခန်းတွေမှာ လိမ်းဆေး(သို့) ထုံဆေးတွေနဲ့ လုပ်ဆောင်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ၊ အထူးသဖြင့် သွေးထွက်နိုင်ချေများတဲ့ အခြေအနေတွေမှာ အသားစယူဖို့အတွက် ခွဲစိတ်ခန်းကဲ့သို့သော ပြင်ဆင်မှုမျိုးလိုအပ်နိုင်ပါတယ်။
Sinus Cancer ((ဆိုင်းနပ်စ်) ကင်ဆာ ဆိုတာဘာလဲ) ကို ဘယ်လိုကုသပါသလဲ
အဲဒီလိုကင်ဆာ အများစုအတွက် အဓိက ကုသနည်းကတော့ ခွဲစိတ်ကုသနည်းပဲဖြစ်ပါတယ်။ ဓါတ်ရောင်ခြည်ကုသနည်းကိုလည်း အသုံးပြုနိုင်ပါတယ်။
တကယ်လို့ အကျိတ်ကို ခွဲစိတ်ပြီး ထုတ်ယူလို့မရဘူးဆိုရင် (သို့) လူနာက ခွဲစိတ်မှုဒဏ်ကို မခံနိုင်ဘူးဆိုရင် ဓါတ်ရောင်ခြည်ကုထုံးတစ်ခုတည်းနဲ့ ကုသရနိုင်ပါတယ်။ တစ်ချို့ အခြေအနေတွေမှာ ကင်ဆာ ကုထုံး ပါပါ၊ မပါပါ ဓါတ်ရောင်ခြည်ကုသနည်းနဲ့ ခွဲစိတ်ကုသနည်း နှစ်မျိုးပေါင်းစပ်ပြီး ကုသလေ့ရှိကြပါတယ်။
ခွဲစိတ်ကုသနည်းလမ်း အမျိုးအစားကတော့ အကျိတ်ရဲ့ အရွယ်အစားနဲ့ ပျံ့နှံ့မှုအပေါ်မူတည်ပါတယ်။ ခွဲစိတ်မှုမှာ ပြင်ပမှဖြစ်နိုင်သလို အတွင်းမှန်ပြောင်းထည့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဒီလို နှာခေါင်းအတွင်းရှိ အခေါင်းပေါက် များတွင် ဖြစ်တဲ့ ကင်ဆာ( sinus cancer)ရဲ့ အကျိတ်ကို ခွဲစိတ်ဖယ်ထုတ်လိုက်ပြီးတဲ့အခါ လူနာရဲ့ မျက်နှာမှာ ပုံပျက်သွားတာမျိုး၊ စကားပြောခြင်း၊ မြိုချခြင်း စတာတွေမှာ အခက်အခဲဖြစ်သွားတာမျိုး စတာတွေ ဖြစ်သွားစေနိုင်ပါတယ်။
ဒီလို ဆက်ပြီး ဖြစ်လာမယ့် ပြသနာတွေကို ကူညီပေးနိုင်ဖို့ ခန္ဓါကိုယ် အခြားနေရာက တစ်ရှုး တစ်ချို့ကို အသုံးပြုပြီး ပျက်စီးသွားတဲနေရာတွေကို ပြန်လည်တည်ဆောက်ပြုပြင်ခြင်း ခွဲစိတ်မှုကို လုပ်ဆောင်နိုင်ပါတယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းများနှင့်အိမ်သုံးဆေးနည်းလမ်း။
နှာခေါင်းအတွင်းရှိ အခေါင်းပေါက် များတွင် ဖြစ်သော ကင်ဆာကို ထိန်းချုပ်ပေးနိုင်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက ဘာတွေလဲ?
ကိုယ်ကျန်းမာရေး ထိခိုက်မှုတွေ၊ ဆိုးကျိုးတွေ ကိုကောင်းမွန်လာအောင် လုပ်ဆောင်ခြင်း။
ဒီလို နှာခေါင်းအတွင်းရှိ အခေါင်းပေါက် များတွင် ဖြစ်သော ကင်ဆာကို ကုသမှုကြောင့် ခန္ဓါကိုယ်မှာ ဖြစ်သွားနိုင်တဲ့ အဖြစ်များတဲ့ဆိုးကျိုးတွေကို အပေါ်က ကုသခြင်းမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
အဲလို ဆိုးကျိုးတွေကို ကာကွယ်ဖို့နဲ့ ထိန်းချုပ်ဖို့ နည်းလမ်းတွေနဲ့ အတူ ဒီကင်ဆာရဲ့ ဆိုးကျိုးတွေကိုပါ ဆက်လက်လေ့လာကြည့်ကြပါစို့။ သင့်ရဲ့ ကိုယ်ခန္ဓါကျန်းမာရေး ထိခိုက်ပြောင်းလဲသွားခြင်းတွေက အချက်အတော်များများအပေါ်နေမူတည်ပါတယ်။
အဲဒီအချက်တွေကတော့ ကင်ဆာရဲ့ အဆင့်၊ ကုသမှု ရဲ့ ကာလ ကြာချိန်နဲ့ ပမာဏ၊ သင့်ရဲ့ နဂို ကျန်းမာရေးအခြေအနေ စတာတွေပဲဖြစ်ပါတယ်။
တစ်ခါတစ်လေမှာ ကုသမှုပြီးဆုံးသွားတာတောင်မှပဲ ဆိုးကျိုးတွေက ကျန်ရှိနေနိုင်ပါသေးတယ်။ ဆရာဝန်တွေက အဲဒါတွေကို နာတာရှည် ဆိုးကျိုးများလို့ခေါ်ပါတယ်။ ကုသမှုပြီးသွားပြီးနောက် လပေါင်းများစွာ၊ နှစ်များစွာကြာမှ ဖြစ်တဲ့ ဆိုးကျိုးတွေကိုတော့ နောက်ကျမှ ဖြစ်တဲ့ဆိုးကျိုးတွေလို့ခေါ်ပါတယ်။
ဒီလို နောက်ကျမှ ဖြစ်တဲ့ဆိုးကျိုးတွေကိုရော၊ နာတာရှည်ဖြစ်တဲ့ ဆိုးကျိုးတွေကိုရော ကုသခြင်းဟာ အသက်ရှင်ဖို့ အတွက် အရေးကြီးတဲ့စောင့်ရှောက်မှု ဖြစ်ပါတယ်။ ပိုပြီးသိလာအောင် ဒီလမ်းညွှန်မှုမှာ ပါဝင်တဲ့ “ရောဂါကုသပြီးနောက်စောင့်ရှောက်စစ်ဆေးပေးတဲ့ အပိုင်း” ကို ရှာဖွေဖတ်ရှုနိုင်ပါတယ်။ (သို့) ဆရာဝန်နဲ့တွေ့ဆုံပြီး ဆွေးနွေးနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ကောင်းမွန်လာအောင် လုပ်ဆောင်ခြင်း။
သင့်မှာ အထက်ဖော်ပြပါခန္ဓါကိုယ် ပိုင်းဆိုင်ရာ ဆိုးကျိုးထိခိုက်မှုတွေ ဖြစ်လာနိုင်ရုံသာမက ကင်ဆာလို့ ရောဂါအမည်သတ်မှတ်ပြီးတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။
စိတ်လှုပ်ရှားခြင်း(သို့) စိတ်တိုခြင်း၊ ဒေါသထွက်ခြင်းစတဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ အခက်အခဲတွေ၊ သင့် စိတ်ဖိစည်းမှုကို ထိန်းချုပ်ရာမှာ အခက်အခဲလေးတွ နဲ့ရင်ဆိုင်ရနိုင်ပါတယ်။
တစ်ခါတစ်လေမှာ လူနာတွေဟာ သူတို့ ချစ်တဲ့သူတွေကို သူတို့ရဲ့စိတ်ခံစားချက်တွေကို ဘယ်လိုဖော်ပြရမယ်ဆိုတာ အတွက် အခက်အခဲဖြစ်နေနိုင်ပြီး တစ်ခါတစ်လေမှာ သူများပြောတာ တစ်ခုခုကို ဘာပြန်ပြောရမယ်ဆိုတာ နဲ့ ပတ်သတ်ပြီး ပြသနာတွေ ဖြစ်နေတတ်ကြပါတယ်။
လူနာနဲ့ သူ့မိသားစုတွေကို သူတို့ရဲ့ ခံစားချက်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ အသင်းဝင် တစ်ယောက်ယောက်နဲ့ မျှဝေပေးဖို့ အားပေးရပါမယ်။ ဒီ website( ဝဘ်ဆိုဒ်) ရဲ့ အခြားခေါင်းစဉ် တစ်ခု အနေနဲ့ ဒီလို ကင်ဆာ ရောဂါ ကုသမှုတွေကြောင့် ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေကို ဘယ်လို အချက်တွေနဲ့ ကောင်းလာအောင် လုပ်ဆောင်ရမယ်ဆိုတဲ့ အချက်တွေကို ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ အဲဒီမှာ သင်လိုအပ်တာတွေအတွက် အချက်အလက်တွေနဲ့ အထောက်အပံ့ပေးနိုင်တဲ့ အချက်တွေ အများကြီးပါဝင်ပါတယ်။
သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ