သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

သင့်မှာ အူမကြီးကင်ဆာဖြစ်နေတယ်ဆိုတာ အိမ်ထောင်ဖက်ကို ဘယ်လိုအသိပေးမလဲ

    သင့်မှာ အူမကြီးကင်ဆာဖြစ်နေတယ်ဆိုတာ အိမ်ထောင်ဖက်ကို ဘယ်လိုအသိပေးမလဲ

    သင့်မှာ အူမကြီးနဲ့အစာဟောင်းအိမ်ကင်ဆာ ဖြစ်နေပြီဆိုတဲ့ သတင်းဆိုးကို အိမ်ထောင်ဖက်ကို လက်ခံအောင်ပြောပြဖို့ဆိုတာ တကယ်ကို ခက်ခဲတဲ့ ကိစ္စရပ်တစ်ခုပါ။ တစ်ဦးကို တစ်ဦးနားလည်မှုရှိဖို့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ စကားပြောဆိုခြင်းက အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

    ပိုပြီးလွယ်ကူအဆင်ပြေစေမယ့် နည်းလမ်းကိုရှာမတွေ့ဘူးဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအချို့က သင့်ကို ကူညီပေးနိုင်ပါလိမ့်မယ်။

    အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာ ဆိုတာဘာလဲ။

    ဒီကင်ဆာက အူမကြီး (သို့) အစာဟောင်းအိမ် တစ်နေရာမှာ ဖြစ်တဲ့ ကင်ဆာကို ဆိုလိုပါတယ်။ ဒီကင်ဆာအများစုဟာ အူမကြီး (သို့) အစာဟောင်းအိမ် အတွင်းနံရံသား ဆဲလ်ပွားများလာခြင်း၊ အလုံးဖြစ်လာခြင်းကြောင့် ဖြစ်ပါတယ်။

    အချို့ အလုံးများက နှစ်များစွာကြာလာတဲ့အခါမှာ ကင်ဆာအဖြစ်သို့ပြောင်းလဲသွားနိုင်ပါတယ်။ သို့ပေမဲ့ အလုံးအားလုံးကတော့ ကင်ဆာ ဖြစ်မလာပါဘူး။ ကင်ဆာဖြစ်စေတဲ့ အခြေအနေရှိတဲ့ အကြောင်းတရားအချို့လည်း ရှိပါတယ်။ အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာ အများစုသည် အချွဲ နှင့် အရည်ထုတ်လုပ်ပေးသော ဆဲလ်အမျိုးအစားများတွင် စတင်ဖြစ်ပွားကြပါတယ်။

    သင့်အိမ်ထောင်ဖက်နဲ့ ဘယ်လိုစကားပြောကြမလဲ။

    မှန်ကန်သော အချိန်ကို ရွေးချယ်ပါ။

    သင့်တော်တဲ့ အချိန်ဆိုတာ နှစ်ဦးစလုံး စိတ်ကောင်းဝင်နေတဲ့ အချိန်၊ ဒေါသထွက်ခြင်း နှင့် အလျင်စလိုကိစ္စရပ်တွေ ရှိမနေတဲ့အချိန်ကို ဆိုလိုပါတယ်။ သင်တို့ကို အနှောင့်အယှက်ပေးနိုင်တဲ့ အရာတွေမရှိတဲ့အချိန် အထူးသဖြင့် သားသမီးတွေမရှိတဲ့ အချိန်မျိုး နှစ်ဦးတည်း အေးအေးဆေးဆေး ပြောလို့ရတဲ့ အချိန်ကို ရွေးပါ။

    သင်တို့နှစ်ဦးအားလပ်တဲ့ ကိုယ်ပိုင်အချိန်ကို ရွေးချယ်ဖို့က တကယ်ကို အရေးကြီးပါတယ်။ သို့မှသာ သင်သည် သင့်ကင်ဆာရောဂါအကြောင်း သာမက အခြားသော ကိစ္စရပ်များကိုပါ ဆွေးနွေးဖို့ အချိန်ရမှာ ဖြစ်ပါတယ်။

    စကားဝိုင်းကို ပါးနပ်စွာ စတင်ပါ။

    အကယ်၍ သင်က သင့်မှာ ကင်ဆာဖြစ်နေပြီလို့ တုံးတိတိ စပြောရင် သင့်အိမ်ထောင်ဖက်အတွက် ချက်ချင်း လက်ခံနိုင်ဖို့ အလွန်ခက်ခဲပါလိမ့်မယ်။ ထို့ကြောင့် ပါးပါးနပ်နပ်၊ ရိုးရိုးသားသား နဲ့ တဖြည်းဖြည်း နားဝင်လာအောင်လုပ်နိုင်မဲ့ နည်းလမ်းကို ရှာဖွေကြိုးစားပါ။

    သင့်ရောဂါက ပြင်းထန်နေပြီဆိုရင်တောင် အကောင်းမြင်စိတ်နှင့် စိတ်ကိုပျော်ပျော်ရွှင်ရွှင်ထားခြင်းက အရာအားလုံးကို ကုစားနိုင်ကြောင်း ပြောပြပါ။

    သင့်ကို ထောက်ပံ့ပေးဖို့ သင့်အိမ်ထောင်ဖက်ကို တောင်းဆိုပါ။

    သင့်ရောဂါကုသမှုနည်းလမ်းတွေကို သင့်အိမ်ထောင်ဖက်နဲ့ ဆွေးနွေးပြီး အကောင်းဆုံးနည်းလမ်းကို နှစ်ဦးသားအတူ စဉ်းစားရွေးချယ်ပါ။ အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် သင်ဆရာဝန်ဆီ ရက်ချိန်းသွားပြရင် သင့်အိမ်ထောင်ဖက်ကိုပါ ခေါ်သွားပါ။

    သို့မှသာ သင်တို့နှစ်ယောက်လုံး ရောဂါအကြောင့် စေ့စေ့ငှငှသိရှိပြီး သင့်အိမ်ထောင်ဖက်ကလည်း သူ့ဖက်ကဘာကူညီနိုင်လဲဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။

    ကင်ဆာရှိမှန်း သိပြီးနောက်မှာ ရောဂါကို ရင်ဆိုင်ပုံရင်ဆိုင်နည်းဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ သင်က ကင်ဆာအကြောင်း သုတေသနတွေကို လိုက်လံဖတ်ရှုလေ့လာလိုချိန်မှာ သင့်အိမ်ထောင်ဖက်က ဆရာဝန်ညွှန်ကြားမှုကို လုံးလုံးလျားလျားလက်ခံကျင့်သုံးလိုစိတ် ရှိနိုင်သည်။

    နှစ်ယောက်သား သူ့ဆန္ဒ ကိုယ့်ဆန္ဒလွန်ဆွဲနေမည့်အစား အတူတကွ တိုင်ပင်ကာ အကောင်းဆုံးဖြစ်နိုင်မယ့် နည်းလမ်းကို ရှာဖွေသင့်ပါတယ်။

    သင် ဆရာဝန်ရက်ချိန်းသွားပြစဉ်မှာ သင့်အိမ်ထောင်ဖက်ကိုပါ လိုက်ပါခွင့်ပြုပါ။

    သင်ရက်ချိန်းသွားပြသောအခါမှာ သင့်အိမ်ထောင်ဖက်ကိုပါ အတူခေါ်သွားခြင်းအားဖြင့် သင့်ရောဂါနှင့် ကုသမှု နည်းလမ်းတွေအကြောင်းကို ပိုမိုနားလည်နိုင်မယ်။ ပြီးတော့ သင်ကြုံတွေ့ရနိုင်တဲ့ အခက်အခဲပြဿနာတွေအကြောင်းကို လည်း ပိုမိုသိရှိနားလည်နိုင်မည်ဖြစ်သည်။

    ထို့ပြင် ဆရာဝန်ပြောသမျှကို သင့်အိမ်ထောင်ဖက်ကို ပြန်လည် ရှင်းပြစရာလည်း မလိုတော့သလို သူသိလိုသမျှကိုလည်း ဆရာဝန်ကို တစ်ခါတည်း မေးမြန်းနိုင်မည်ဖြစ်သည်။

    ရင်ဖွင့်ပြောဆိုပါ

    ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သင့်ခံစားချက်အတွေးတွေအားလုံးကို သင့်အိမ်ထောင်ဖက်နဲ့ မျှဝေခံစားပါ။ သို့မှသာ သင့်အိမ်ထောင်ဖက်က သင်ခံစားနေရတဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်ပြီး သင့်အတွက် အကောင်းဆုံး အဖြေကို ကူညီရှာဖွေပေးနိုင်မှာ ဖြစ်တယ်။

    ဒေါသ၊ ကြောက်စိတ် နဲ့ ပြိုလဲကြေကွဲမှုတွေအားလုံးက ကင်ဆာရောဂါရင်ဆိုင်ရတဲ့အခါမှာ ဖြစ်လာတတ်တဲ့ ပုံမှန်တုန့်ပြန်မှုသက်သက်သာ ဖြစ်တယ် ဆိုတာကို အမြဲသတိရပါ။ သင့်သောကတွေကို ဖုံးကွယ်ပြီး သင့်အိမ်ထောင်ဖက်နဲ့ အလှမ်းဝေးကွာအောင် မကြိုးစားပါနဲ့။

    ထို့ပြင် သင့်အိမ်ထောင်ဖက်က သင့်ကို အမြဲကူညီဖို့ကြိုးစားနေသူပါ။ သင်တစ်စုံတစ်ခုကို ဖုံးကွယ်ဖို့ကြိုစားနေတာကို သူ/သူမ သိရင် အလွန်ဝမ်းနည်းသွားပါလိမ့်မယ်။

    အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာရောဂါသည် အလွန့်အလွန်ခိုင်မြဲပါတယ်ဆိုတဲ့ ဆက်ဆံရေးမှာတောင် စိတ်ဖိစီးမှု၊ သောက အဖုအထစ်တွေ ဖြစ်စေနိုင်ပါတယ်။

    ထို့ကြောင့် သင့်အိမ်ထောင်ဖက်ကို ဘယ်လိုဖွင့်ပြောရမလဲဆိုတာကို အသေအချာ စဉ်းစားဖို့လိုအပ်ပါတယ်။ တိတ်ဆိတ်မှုကို မကြောက်ရွံ့ပါနဲ့။ တစ်ခါတစ်လေ အတူထိုင်ပြီး တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်ထားခြင်းကပင် စကားလုံးတွေထက်ပိုပြီး အဓိပ္ပါယ်ရှိနေတတ်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Hello Sayarwon မှ ရေးသားသည်။ 16/02/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။