home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဘာကြောင့် အရမ်း ပင်ပန်းနွမ်းနယ်နေရသလဲ

ဘာကြောင့် အရမ်း ပင်ပန်းနွမ်းနယ်နေရသလဲ

ဒီနေ့ တစ်နေကုန် သမ်းနေတာပဲ၊ အိပ်ချင်နေတယ်၊ လုပ်ချင်ကိုင်ချင်စိတ်လည်း မရှိဘူး စတဲ့ အသံတွေကို သင့်ပတ်ဝန်းကျင်မှာ ကြားနေကျဖြစ်ပါလိမ့်မယ်။ အခုလိုမျိုး ပင်ပန်းနွမ်းနယ်နေရတဲ့ အကြောင်းအရင်းဟာ မျိုးစုံရှိနိုင်ပါတယ်။ အိပ်ရေးမဝခြင်းကြောင့် ဖြစ်နိုင်သလို တခြားသော ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အိပ်ရေးဝရဲ့လား

သုတေသီများရဲ့အဆိုအရ အသက်အရွယ်အလိုက် တစ်နေ့တာ အိပ်စက်သင့်တဲ့ အချိန်တွေကတော့

– ကျောင်းနေအရွယ် ကလေးများ။ ၁၀ နာရီမှ ၁၁ နာရီ

– ဆယ်ကျော်သက်များ။ ၈ နာရီမှ ၁၀ နာရီ

– အရွယ်ရောက်ပြီးသူများ။ ၇ နာရီမှ ၉ နာရီ

– အသက်ကြီးပိုင်းများ။ ၇ နာရီမှ ၈ နာရီ စသဖြင့် ဖြစ်ပါတယ်။

သင့်အနေနဲ့ ယခုဖော်ပြခဲ့တဲ့အတိုင်း အိပ်စက်သင့်သလောက် မအိပ်ရရင် ပင်ပန်းနွမ်းနယ်နိုင်ပါတယ်။ အိပ်စက်ချိန်နည်းရင် ရေရှည်မှာ မှတ်ဉာဏ်အားနည်းခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ မတော်တဆဖြစ်နိုင်ခြေ မြင့်မားလာခြင်း၊ ကျန်းမာရေးထိခိုက်ခြင်း စတဲ့ပြဿနာတွေ ဝင်လာနိုင်ပါတယ်။

အခြားအကြောင်းအရင်းများ

အိပ်ရေးမဝခြင်းအပြင် မောပန်းနွမ်းနယ်ခြင်းဖြစ်စေရတဲ့ တခြားအကြောင်းအရင်းတွေလည်း ရှိပါသေးတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။

သံဓာတ်ချို့တဲ့ခြင်း

သံဓာတ်ချို့တဲ့ခြင်း ဒါမှမဟုတ် သွေးအားနည်းခြင်းဟာ သင့်ကို အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း ဖြစ်စေနိုင်ပါတယ်။ သံဓာတ်ဟာ သွေးနီဥဆဲလ်တွေ ထုတ်လုပ်ရာမှာ အရေးပါပါတယ်။ သွေးနီဥဆဲလ်တွေ လုံလောက်စွာမရှိရင် ခန္ဓာကိုယ်အနှံ့ကို အောက်ဆီဂျင်လုံလောက်စွာ ပို့ဆောင်နိုင်ခြင်း မရှိပါဘူး။ အဆိုပါ အခြေအနေမှာ မောပန်းခြင်းအပြင် အသက်ရှူမဝခြင်း၊ နှလုံးတုန်ခြင်း၊ ဖြူဖျော့ခြင်း စတဲ့လက္ခဏာတွေ ကြုံနိုင်ပါတယ်။

အိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်ခြင်း

အိပ်ပျော်နေစဉ်မှာ လူတချို့ဟာ အသက်ရှူရပ်တန့်သွားခြင်းမျိုး ကြုံရတတ်ပါတယ်။ သူတို့ရဲ့လည်ချောင်းဟာ ဆယ်စက္ကန့်လောက် ကျဉ်းမြောင်းသွားတတ်ပါတယ်။ တစ်ခါတရံ လုံးဝပိတ်သွားနိုင်ပါတယ်။ အဆိုပါအခြေအနေမှာ အသက်ရှူကြပ်ပြီး ညဖက်တွေမှာ နိုးလာတတ်ပါတယ်။ အိပ်ပျော်စဉ်မှာ အသက်ရှူရပ်တန့်ခြင်းပြဿနာကြောင့် နေ့ဖက်တွေမှာ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ အဝလွန်သူတွေ၊ သက်လတ်ပိုင်း အမျိုးသားတွေမှာ ဒီပြဿနာကို ပိုမိုတွေ့ရတတ်ပါတယ်။

စိတ်ဓာတ်ကျခြင်း

ပင်ပန်နွမ်းနယ်နေခြင်းဟာ စိတ်ဓာတ်ကျခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျခြင်းကြောင့် ကိုယ်ခန္ဓာရဲ့ စွမ်းအင်တွေ ကုန်ဆုံးသွားသလို ခံစားရနိုင်ပါတယ်။ အိပ်စက်ခြင်းကိုလည်း ထိခိုက်နိုင်ပါတယ်။ မျှော်လင့်ချက်မဲ့ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ လိင်စွမ်းဆောင်ရည်ကျဆင်းခြင်း၊ နာကျင်ကိုက်ခဲခြင်း စတာတွေပါ ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်

ကိုယ်ဝန်ဆောင်ကာလမှာ ပင်ပန်းနွမ်းနယ်ရတာ သဘာဝဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ပထမ သုံးလပတ်ကာလမှာ ကိုယ်ခန္ဓာကနေ ပရိုဂျက်စထရုန်းဟော်မုန်း အများအပြား ထုတ်လုပ်ပေးပါတယ်။ အဆိုပါဟော်မုန်းဟာ ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ပင်ပန်းနွမ်းနယ်ခြင်းကို တတ်နိုင်သမျှ လျှော့ချရအောင် အိပ်ရေး၀၀အိပ်ခြင်း၊ ကိုယ်ဝန်ဆောင်အားဆေးသောက်သုံးခြင်း စတာတွေ ပြုလုပ်သင့်ပါတယ်။

ဆီးချို

ဆီးချိုရောဂါရှိရင် သိသိသာသာ မောပန်းနွမ်းနယ်နေတတ်ပါတယ်။ အလွန်အမင်း ရေငတ်ပါတယ်။ ဆီးလည်းသွားချင်ပါတယ်။ သွေးထဲမှာ သကြားဓာတ်မြင့်တက်နေတဲ့အတွက် အခုလို ဖြစ်ရခြင်း ဖြစ်ပါတယ်။

သိုင်းရွိုက် အလုပ်လုပ်အားနည်းခြင်း

သိုင်းရွိုက်ဂလင်း ပုံမှန်အလုပ်မလုပ်ရင်လည်း ပင်ပန်းနွမ်းနယ်တတ်ပါတယ်။ ဒီပြဿနာဟာ ဖြည်းဖြည်းချင်းပေါ်လာတာမို့ ရုတ်တရက်မသိနိုင်ပါဘူး။ ကိုယ်အလေးချိန်တက်ခြင်း၊ စိတ်ကျခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Thant Zin မှ ရေးသားသည်။ 25/08/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။