သွေးအားနည်း တယ်ဆိုတာ တကယ်တော့ ရောဂါလက္ခဏာတစ်ခုပါပဲ။ သူ့နောက်မှာ တခြားအကြောင်းရင်းတွေ အများကြီး ရှိနိုင်ပါတယ်။ ဒါကြောင့် သွေးအားနည်းတာကို ကုမယ်ဆိုရင် သာမန် သံဓာတ်အားဆေးလေးပဲ သောက်လို့မရပါဘူး။ သွေးအားနည်းတိုင်း သံဓာတ်ချို့တဲ့လို့ မဟုတ်ပါဘူး။ နောက်ခံ အကြောင်းရင်းကို သေချာကုသမှ ရမှာပါ။
သွေးအားနည်း တယ်ဆိုတာ ဘာလဲ။
သွေးအားနည်းတယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ သွေးနီဥတွေ အလုပ်ကောင်းကောင်း မလုပ်နိုင်တာ၊ အရေအတွက် နည်းသွားတာကို ဆိုလိုတာပါ။ အတိအကျပြောရရင် သွေးနီဥထဲက ဟေမိုဂလိုဘင်လို့ခေါ်တဲ့ ပရိုတိန်းဓာတ် နည်းနေတာပါ။
သွေးအားနည်း စေတဲ့ အကြောင်းရင်းများ
- သွေးထွက်တာ (ဥပမာ ခန္ဓာကိုယ်မှာ သွေးယိုစိမ့်တာ၊ ရာသီသွေးဆင်းများတာ၊ ထိခိုက်ဒဏ်ရာရတာ)
- သွေးနီဥ ကောင်းကောင်း မထုတ်နိုင်တာ (ဥပမာ ရိုးတွင်းခြင်ဆီ မကောင်းတာ၊သွေးနီဥ ထုတ်ဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေ မရတာ၊ နာတာရှည်ရောဂါ)
- သွေးနီဥတွေ ဖျက်ဆီးခံရတာ (ဥပမာ သာလာဆီးမီးယား၊ ခုခံအား ကမောက်ကမ ဖြစ်တဲ့ရောဂါတွေ)
ဘာလက္ခဏာတွေ ခံစားရမှာလဲ။
သွေးအားနည်းတာရဲ့ လက္ခဏာတွေက ဖြစ်တဲ့ အကြောင်းရင်းပေါ် မူတည်ပါတယ်။ တစ်ခါတစ်လေ ရောဂါရဲ့ တခြားလက္ခဏာတွေနဲ့ တွဲပြီးတွေ့ရတတ်ပါတယ်။ တစ်ခါတစ်လေတော့လည်း ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ပြခဲ့ရင်တော့
- နုံးတာ
- အားနည်းတာ
- ဖြူဖျော့တာ
- ရင်တုန်တာ
- မောတာ
- ရင်ဘတ်အောင့်တာ
- ခြေတွေ လက်တွေ အေးစက်နေတာ
- ခေါင်းကိုက်တာ၊ ခေါင်းမူးတာ စတဲ့ လက္ခဏာတွေ ခံစားရမှာပါ။
စစချင်းမှာ မပြင်းထန်ရင် ဘာမှ မသိပါဘူး။ သွေးအားနည်းတာ ဆိုးလာလေလေ ခံစားရတာ ပြင်းထန်လေပါပဲ။ ဒါကို မကုဘဲ ထားလိုက်ရင် နောက်ဆက်တွဲ အနေနဲ့
- အားနည်းလွန်းလို့ နေ့စဉ် တစ်ကိုယ်ရည်အလုပ်ကိုတောင် လုပ်ဖို့ ခက်ခဲ လာနိုင်ပါတယ်။
- ကိုယ်ဝန်ဆောင်များဖြစ်နေခဲ့ရင် နေ့မစေ့ လမစေ့ မွေးတာ ဖြစ်တတ်ပါတယ်။
- နှလုံးခုန်မမှန်တာ၊ နှလုံးက တစ်ရူးတွေဆီ သွေးကောင်းကောင်း မရောက်တာ သူညှစ်အားနည်းလို့ လို့ ထင်တဲ့အတွက် ပိုညှစ်ပြီး နှလုံးကြီးလာတာ၊ နှလုံးပျက်စီးတာ
- နောက်ဆုံး သွေးအားနည်းတာ ပြင်းထန်လွန်းရင် အသက်သေတဲ့အထိ ဖြစ်နိုင်ပါတယ်။
သွေးအားနည်းမှန်း ဘယ်လို သိနိုင်မလဲ။
ခုနက လက္ခဏာတွေရှိလာပြီဆိုရင် ဆရာဝန်ပြပြီး လိုအပ်တဲ့ စမ်းသပ်ချက်တွေ လုပ်ရမှာပါ။ သွေးအားနည်းတာအတွက်
- Complete blood count (CBC) – သွေးထဲမှာရှိတဲ့ သွေးဆဲလ်တွေ ပမာဏ၊ ဟေမိုဂလိုဘင် ပမာဏကို စစ်ဆေးတာပါ။
- Blood film – သွေးနီဥတွေရဲ့ အရွယ်နဲ့ ပုံသဏ္ဍန်ကို လေ့လာတာပါ။ ဥပမာ ပြောရရင် သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါမှာ သွေးနီဥ သေးနေတတ်ပြီး ဗီတာမင်ဘီ 12နဲ့ ဖောလိတ်ချို့တဲ့ ရင်တော့ သွေးနီဥတွေ ကြီးနေတတ်ပါတယ်။
- ဒါ့ပြင် လူနာရဲ့ ရောဂါရာဇဝင်နဲ့ စမ်းသပ်တွေ့ရှိမှု ပေါ်မူတည်ပြီး အကြောင်းရင်းကို ရှာဖွေဖို့ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ရပါမယ်။
ကုသနည်းများ
သွေးထွက်စေတဲ့ အကြောင်းရင်းများ
- ထိခိုက်ဒဏ်ရာကြောင့် ဒါမှမဟုတ် ခွဲစိတ်ပြီး သွေးထွက်လွန်တယ်ဆိုရင် သွေးသွင်းမှာပါ။
- အစာအိမ်နဲ့ အူလမ်းကြောင်းမှာ သွေးယိုတယ်ဆိုရင် မှန်ပြောင်းကြည့်ပြီး သားရေကွင်းပစ်တာ၊ လိုအပ်ရင် သွေးသွင်းတာ၊ ခွဲစိတ်ကုသတာ လုပ်ရမှာပါ။
- ရာသီသွေးဆင်းတာ များလို့ သွေးအားနည်းတာဆိုရင် သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသပါ။
သွေးနီဥ ကောင်းကောင်း မထုတ်နိုင်တာ
- ရိုးတွင်းခြင်ဆီ ခမ်းခြောက်တဲ့ Aplastic anemia – သွေးသွင်းရတာ၊ ရိုးတွင်းခြင်ဆိ အစားထိုးရတာတွေ ရှိပါတယ်။
- သံဓာတ်အားနည်းတာ – သံဓာတ်အားဆေးတွေတိုက်တာ၊ သံဓာတ်ပေါကြွယ်ဝတဲ့ အစားအစာတွေ စားပေးရမှာပါ။
- ဗီတာမင်ချို့တဲ့တာ – စားတဲ့ထဲမှာ ဗီတာမင်တွေ စုံအောင်အားပေးတာ၊ ဖြည့်စွက်အားဆေးတွေ သောက်တာ လုပ်ပေးရမှာပါ။
- နာတာရှည်ရောဂါ – နာတာရှည်ရောဂါကြောင့် ဆိုရင်တော့ ရောဂါအခံကို ကုမှပဲ သက်သာလာမှာပါ။
သွေးနီဥတွေ ဖျက်ဆီးခံရတာ
- သာလာဆီးမီးယား – သာလာဆီးမီးယား ရောဂါတော်တော်များများက သိပ်မဆိုးရင် သိတောင်မသိလိုက်ပါဘူး။ ပြင်းထန်တဲ့ အမျိုးအစားဆိုရင်တော့ သွေးသွင်းတာ၊ ဆေးပေးတာ၊ ဘေလုံးထုတ်ပစ်တာ၊ ရိုးတွင်းခြင်ဆီ အစားထိုးတာတွေ လုပ်ရမှာပါ။
- ခုခံအားကမောက်ကမ ဖြစ်လို့ သွေးနီဥတွေ ပေါက်ကွဲ ပျက်စီးကုန်ရင်တော့ ခုခံအားထိန်းဆေးတွေ သောက်ရတတ်ပါတယ်။
ဒီလောက်ဆိုရင် သွေးအားနည်းရောဂါက ထင်သလောက် မရိုးရှင်းဘူးဆိုတာ သိလောက်ပါပြီ။ သွေးအားနည်းတိုင်း အကြောင်းအရင်း မသိဘဲ သံဓာတ်အားဆေးတွေ သောက်တာ အဖြေမဟုတ်ပါဘူး။ နောက်ကွယ်က ရောဂါကို ရှာဖွေပြီး ထိထိရောက်ရောက် ကုသသင့်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]