၄။ ပဲအမျိုးမျိုး
အစေ့အဆန်တွေလိုပါပဲ၊ ပဲတွေဟာလည်း ဓာတ်မတည့်မှု တော်တော်လေးအဖြစ်များတဲ့ အစားအစာပါ။ မတော်တဆ စားမိလိုက်တဲ့အခါမှာလည်း အရေးပေါ်ကုသမှု ခံယူဖို့ လိုအပ်တဲ့အထိ လက္ခဏာတော်တော်လေး ပြင်းထန်နိုင်ပါတယ်။ ဒါ့အပြင် ပဲတွေနဲ့ ဓာတ်မတည့်တဲ့သူတွေမှာ အစေ့အဆန်နဲ့ ဓာတ်မတည့်မှုပါ ပါလာတတ်ပါတယ်။ ပဲတွေထဲမှာတော့ မြေပဲနဲ့ ဓာတ်မတည့်မှုက ပိုတွေ့ရပါတယ်။ အသက်ရှူရခက်တာ၊ ပါး၊ မျက်နှာတွေ ရောင်ကိုင်းလာတာ၊ အင်ပျဉ်ကွက်တွေ တစ်ကိုယ်လုံးထလာတာ အစရှိတဲ့ လက္ခဏာတွေကို ဓာတ်မတည့်စာ စားမိချိန်မှာ တွေ့ရပါတယ်။
၅။ ပင်လယ်စာ
ပင်လယ်စာတွေဟာ ကျန်းမာရေးအတွက် ကောင်းပြီး အာဟာရလည်း ရှိစေလို့ လူကြိုက်များကြပေမယ့် ဓာတ်မတည့်လို့ မစားရတဲ့သူတွေဟာလည်း ဒုနဲ့ ဒေးပါပဲ။ ကလေးဘဝမှာသာမက လူပျို၊ အပျိုဖော်ဝင်ကာစ အချိန်တွေမှာလည်း လက္ခဏာ စတင်ပြလာတတ်ပါတယ်။ ပင်လယ်စာလို့ဆိုရာမှာ ပုစွန်၊ ဂဏန်း၊ ကျောက်ပုစွန်၊ ရေဘဝဲ၊ ပြည်ကြီးငါး၊ ကရုကမာကောင်၊ ပင်လယ်ငါး၊ ရေချိုငါး အစရှိတာတွေ ပါဝင်ပါတယ်။ ဓာတ်မတည့်လက္ခဏာ ခံစားရပုံခြင်းဟာလည်း တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ တချို့လူတွေမှာ သာမန်ယားယံတာလောက်ပဲ ဖြစ်နိုင်သလို တချို့တွေမှာလည်း အရေးပေါ် ကုသမှုခံယူဖို့ လိုတဲ့အထိ ပြင်းထန်နိုင်ပါတယ်။ ပင်လယ်စာတွေထဲမှာ အထူးသဖြင့် ပုစွန်နဲ့မတည့်တဲ့သူတွေ ပိုများပါတယ်။
၆။ ဂျုံ၊ ပြောင်း
ကလေးတွေမှာ မကြာခဏဆိုသလို ဖြစ်တတ်ပေမယ့် အသက် ၁၀ နှစ်ပြည့်ပြီးနောက်မှာတော့ ဓာတ်မတည့်တဲ့ လက္ခဏာတွေက ပျောက်သွားတတ်ပါတယ်။ ဂျုံ၊ ပြောင်း ပါဝင်တဲ့ အစားအစာတွေ စားမိတဲ့အခါ အစာကောင်းစွာ မချေဖျက်နိုင်တာ၊ အဖုလေးတွေ အပြုံလိုက်ထွက်တာ၊ အော့အန်တာ၊ အင်ပျဉ်ထတာ၊ ရောင်တာတွေ ဖြစ်နိုင်ပြီး အသက်သေစေနိုင်သည်အထိ ပြင်းထန်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။
၇။ ပဲငံပြာရည်
ပဲပိစပ်တွေ၊ ပဲငံပြာရည်နဲ့ ဓာတ်မတည့်မှုဟာ အလွန်ငယ်သေးတဲ့ ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ပါးစပ် ယားတာ၊ အသားထဲက စူးသလိုဖြစ်နေတာ၊ နှာရည်ယိုတာ၊ ပန်းနာရင်ကျပ်ဖြစ်တာ၊ အသက်ရှူရခက်တာ၊ သွေးလန့်တာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။
ဘာတွေ သိထားဖို့လိုအပ်လဲ။
ဓာတ်မတည့်တဲ့ အစားအစာများသည် ကိုယ့်ရဲ့ အသက်အပိုင်းအခြားတစ်ခုရောက်မှ ရုတ်တရက် ဖြစ်လာတာမျိုးလည်း ရှိသလို ကလေးဘဝကတည်းက စွဲမြဲပြီး ဓာတ်မတည့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အစပိုင်းမှာ ဓာတ်မတည့်လက္ခဏာတွေဟာ မပြင်းထန်သော်လည်း အသက်ကြီးလာမှ ရုတ်တရက် အသက်အန္တရာယ်ထိခိုက်လာတဲ့အထိ ပြင်းထန်လာတာလည်း ရှိနိုင်ပါတယ်။
ကိုယ့်မှာ ဓာတ်မတည့်တဲ့ အစားအစာတစ်ခုရှိတယ်ဆိုရင် တတ်နိုင်သလောက် ဒီအစားအစာကို ရှောင်ပေးပါ။ ဟင်းလျာတွေ ချက်ပြုတ်တဲ့အခါ သို့မဟုတ် အပြင်မှာဝယ်စားရင်လည်း ကိုယ်နဲ့မတည့်တဲ့ အစားအစာတွေ ထည့်သွင်းချက်ပြုတ်ထားခြင်း ရှိ၊ မရှိကို ကြိုတင်မေးပါ။ အစာစားနေရင်း အသက်ရှူကျပ်တာ၊ အင်ပျဉ်တွေ ထလာတာ၊ အရေပြား ယားယံလာတာမျိုး ဖြစ်လာရင် စားလက်စကနေ ချက်ချင်းရပ်လိုက်ပါ။
ကိုယ်နဲ့ မတည့်တာတွေ စားမိပြီး အသက်အန္တရာယ်ထိခိုက်လာတဲ့အထိ လက္ခဏာတွေ ပြလာပြီဆိုရင် အရေးပေါ်ကုသမှုခံယူပါ။ သိပ်ပြီးမပြင်းထန်တဲ့ ရိုးရိုးဓာတ်မတည့်လက္ခဏာများအတွက် ဆရာဝန်ညွှန်းပေးထားတဲ့ သောက်ဆေး၊ လိမ်းဆေးများ မှီဝဲလို့ရပါတယ်။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။