သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

ဓာတ်မတည့်တာ (Allergies) လား? တုပ်ကွေးလား? COVID-19 လား?

    ဓာတ်မတည့်တာ (Allergies) လား? တုပ်ကွေးလား? COVID-19 လား?

    ကပ်ဘေးကာလကြီးထဲမှာ တစ်နေ့တစ်နေ့ COVID-19 သတင်းတွေချည်း ကြားနေကြရတော့ ကိုယ့်ခန္ဓာကိုယ်က တစ်ခုခု ချို့ယွင်းလာရင်တောင် ဒီရောဂါစွဲကပ်ပြီလားလို့ တွေးပူနေကြရပါတယ်။

    ချောင်းလေးဆိုးလည်း စိတ်ပူရ၊ နှာခေါင်းယားလည်း စိတ်ပူရ၊ ရင်ဘတ်အောင့်လည်း စိတ်ပူရ၊ အရေပြားယားယံလည်း စိတ်ပူရ၊ ကိုယ်ပူချိန်မြင့်လည်း စိတ်ပူရနဲ့ ဘာဝေဒနာခံစားရ ခံစားရ COVID-19 လားလို့ တွေးတွေးပူနေရတာက စိတ်မချမ်းမြေ့ဖွယ်ပါပဲ။

    ခုကာလက ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကာလမို့ အပူချိန်မြင့်မားလွန်းလှပြီး ခန္ဓာကိုယ်မှာ ဓာတ်မတည့်မှု (Allergies) လက္ခဏာတွေ ဖြစ်ပေါ်လေ့ရှိတဲ့ ကာလမျိုးပါ။ တချို့သော Allergies လက္ခဏာတွေနဲ့ တုပ်ကွေးလက္ခဏာတွေဟာ COVID-19 ပိုးကူးစက်ခံရတဲ့ လက္ခဏာတွေနဲ့ ဆင်တူနေတာမို့ ယုန်ထင်ကြောင်ထင်နဲ့ သောကပွားစရာ ပြဿနာဖြစ်ပါတယ်။

    ဒါကြောင့် ခုဆောင်းပါးမှာတော့ ဓာတ်မတည့်မှု (Allergies)၊ တုပ်ကွေး (Flu) နဲ့ ကိုရိုနာဗိုင်းရပ် (COVID-19) တွေရဲ့ တူမယောင်နဲ့ ကွဲပြားတဲ့ လက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။

    COVID-19 လက္ခဏာများ

    တကယ်လို့ လူတစ်ယောက်မှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင် အောက်ပါ လက္ခဏာတွေပြသမှာဖြစ်ပါတယ်။

    • ကိုယ်အပူချိန်မြင့်မယ် (၂ ရက် ၃ ရက်လောက်အထိ ကိုယ်အပူချိန်က မကျဘဲ ဖြစ်နေမယ်)၊
    • ချောင်းခြောက်ဆိုးမယ်၊
    • အသက်ရှူရခက်မယ်၊
    • အသက်ရှူ မဝဖြစ်မယ်၊
    • မောမယ်၊
    • လည်ချောင်းနာမယ်၊
    • ပင်ပန်းနွမ်းနယ်နေမယ်၊
    • အစားအသောက်ပျက်မယ်၊
    • အနံ့ အရသာခံစားမှု အာရုံပျက်မယ်၊
    • ကြွက်သားတွေ နာကျင်မယ်စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

    ဒီလက္ခဏာတွေဟာ ပိုးကူးစက်ခံရပြီး ၅ ရက်နေကနေ ၁၄ ရက်အတွင်း ဖြစ်ပေါ်လာနိုင်ပါတယ်။ အဖြစ်နည်းပေမယ့် ကြုံလာရနိုင်တဲ့ တခြားလက္ခဏာတွေကတော့ ဝမ်းပျက်တာ၊ ဗိုက်အောင့်တာနဲ့ အော့အန်တာတွေပဲဖြစ်ပါတယ်။

    Allergies လက္ခဏာများ

    ရာသီဥတုနဲ့ အပူချိန်မြင့်မားမှုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုလက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ တစ်ခုခုမတည့်တာနဲ့ ထိတွေ့မိတဲ့အတွက် ရုတ်တရက်

    • အရေပြား ယားယံမယ်
    • မျက်လုံးတွေ၊ နှာခေါင်းတွေ ယားယံမယ်
    • နှာချေမယ်၊
    • နှာခေါင်း ပိတ်မယ်၊
    • လည်ချောင်းနာမယ်၊
    • နားအူမယ်၊
    • ချွဲသလိပ်ထမယ်၊
    • နှာရည်၊ မျက်ရည် ယိုမယ်၊ စတဲ့ ဝေဒနာလက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

    တုပ်ကွေးလက္ခဏာတွေ

    ပုံမှန်ဖြစ်ပျက်လေ့ရှိတဲ့ တုပ်ကွေးဝေဒနာရဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    • လည်ချောင်းနာမယ်၊
    • ခေါင်းကိုက်မယ်
    • နှာချေမယ်၊
    • ချောင်းဆိုးမယ်၊
    • ကြွက်သားတွေ နာကျင်မယ်၊
    • မောပန်းနွမ်းနယ်မယ်၊
    • ချမ်းတုန်မယ်၊
    • နှာရည်ယိုမယ်၊ စတာတွေဖြစ်နိုင်ပါတယ်။ တစ်ခါတလေ ဖျားတာမျိုးလည်း ရှိနိုင်ပါတယ်။

    COVID-19 နဲ့ သာမန်တုပ်ကွေးတို့အကြား ခြားနားချက်က ရိုးရိုးတုပ်ကွေးဝေဒနာခံစားရသူတွေမှာ အသက်ရှူမဝဖြစ်တာ၊ အသက်ရှူရခက်တာတွေ ဖြစ်လေ့ဖြစ်ထမရှိတာပဲဖြစ်ပါတယ်။

    ကလေးငယ်တွေ တုပ်ကွေးဝေဒနာခံစားရတဲ့အခါမျိုးမှာ ဝမ်းသွားတာနဲ့ အော့အန်တာမျိုးတွေ ကြုံရတတ်ပါတယ်။ ရောဂါလက္ခဏာတွေဟာ ၅ ရက်ကနေ ၁ ပတ်လောက်အထိ ပြသတတ်ပါတယ်။

    ဘာဝေဒနာ ခံစားနေရတာလဲ

    COVID-19 နဲ့ ဓာတ်မတည့်မှုကို အဓိက ခွဲခြားပေးတာက ယားယံမှုဖြစ်ပါတယ်။ တခြားလက္ခဏာတွေဟာ ခပ်ဆင်ဆင်ဖြစ်ပေမယ့် မျက်လုံး၊ နှာခေါင်းနဲ့ အရေပြားတွေ ယားယံနေမယ်ဆိုရင် ဓာတ်မတည့်တာဖြစ်ပြီးတော့ COVID-19 ဝေဒနာရှင်တွေမှာ ဒီလိုလက္ခဏာမျိုး မပြသတတ်ပါဘူး။

    တကယ်လို့ ကိုယ့်မှာ လက္ခဏာ တစ်စုံတစ်ရာ ပြသနေပြီး ဘာဝေဒနာမှန်းမသိဘူးဆိုရင် ကိုယ့်မှာရှိတဲ့ ရောဂါအခံနဲ့ လက်ရှိပြသနေတဲ့ ရောဂါလက္ခဏာကို အရင်ဆုံးတိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။ ဥပမာ ကိုယ့်မှာ သွေးတိုး ဆီးချိုရှိသလား၊ ရင်ကျပ်ရှိသလားဆိုတာမျိုးပေါ့။ ပြီးရင်တော့ ကိုယ့်ရဲ့ ရောဂါလက္ခဏာတွေနဲ့ အခံရောဂါ အခြေအနေအားလုံးကို သက်ဆိုင်ရာ ကျန်းမာရေးဌာနထံ အသိပေးပြီး စစ်ဆေးကုသတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Ye Zon Aung မှ ရေးသားသည်။ 25/08/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။