backup og meta

ကလေး ရ၊ မရ စစ်ဆေးတာတွေနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 07/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေး ရ၊ မရ စစ်ဆေးတာတွေနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

    ကလေး မရခြင်းဟာ ကနေ့ခတ် လူအတော်များများ ရင်ဆိုင်နေရတဲ့ ပြဿနာ တခု ဖြစ်တဲ့အတွက် ကလေး ရ၊ မရ စစ်ဆေးတာတွေနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ ။ ဘာကြောင့်လဲဆိုတော့ ဒီလိုသိထားမှ သင် ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အသေအချာသိရှိစေပြီး ဘယ်ပုံဘယ်နည်း ဖြေရှင်းရမလဲဆိုတာကို နားလည်စေမှာ ဖြစ်ပါတယ်။

    ကလေး ရ၊ မရ စစ်ဆေးတာတွေနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

    ကလေး ရ၊ မရ စစ်ဆေးတာတွေနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ ဆိုတော့-

    တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသတိုင်ပင်သင့်သလဲ။

    ကလေးယူဖို့ကြိုးစားနေတဲ့ စုံတွဲတွေဟာ ဒီကိစ္စမှာတတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသဆွေးနွေးလေ့ရှိကြပါတယ်။ အထူးသဖြင့်တော့ ကလေးယူဖို့ ကြိုစားနေတာ ကြာပေမယ့် ကလေးမရနိုင်သေးတဲ့ သူတွေပေါ့။ သူတို့တွေက ကလေးရမရသိရှိနိုင်ဖို့ စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ In-vitro fertilization (IVF) ဒါမှမဟုတ် gamete intra-fallopian transfer (GIFT) တို့လို သဘာဝမဟုတ်တဲ့နည်းတွေနဲ့ ကလေးရဖို့ ကြိုးစားမယ်ဆိုရင်လည်း စစ်ဆေးမှုတွေကို ဦးစွာ ပြုလုပ်သင့်ပါတယ်။

    ကလေးရနိုင်ခြင်း ရှိ၊ မရှိကို စစ်ဆေးကြသူအများအပြားဟာ အောက်ပါအနေအထားတွေရှိတဲ့ အမျိုးသမီးတွေ ဖြစ်လေ့ရှိကြပါတယ်။

    • ၁နှစ်လောက်ကြိုးစားပြီးတဲ့အထိ ကလေးမရသေးတဲ့ အသက်၃၅နှစ်အောက်အမျိုးသမီးတွေ။

    • ၆လလောက်ကြိုးစားပြီးတဲ့အထိ ကလေးမရသေးတဲ့ အသက်၃၅နှစ်အထက်အမျိုးသမီးတွေ။

    • အသက်၃၅နှစ်ကျော်တဲ့အထိ ကလေးမရနိုင်သေးတဲ့အမျိုးသမီးတွေ။

    • ကိုယ်ဝန်သုံးခါနဲ့အထက် ပျက်ကျဖူးတဲ့အမျိုးသမီးတွေ။

    • သားအိမ်သွေးလုံးတည် ရောဂါကြောင့် ကုသမှု ခံယူနေရသူတွေ။

    • သားဥပြွန်မှာ အမာရွတ်ရှိသူတွေ ဒါမှမဟုတ် ပိတ်ဆို့နေသူတွေ။

    • သွေးမဆုံးသေးတဲ့ ကင်ဆာရောဂါသည် အမျိုးသမီးတွေ။

    • ရာသီမမှန်သူတွေ။

    ဒါ့ပြင် သုက်ကောင်အရေအတွက် နည်းသူတွေ၊ သုက်ကောင်လှုပ်ရှားမှု ဒါမှမဟုတ် သုက်ကောင်ပုံစံမမှန်သူတွေနဲ့ ကပ္ပာယ်အိတ်ထဲကို ဝှေးစေ့ဆင်းမလာသူ အမျိုးသားတွေအနေနဲ့လည်း ကလေးရနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးကြည့်သင့်ပါတယ်။

    ကလေးရနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးမှု ပြုလုပ်တဲ့အခါ ဘာတွေကို စစ်ဆေးမှာလဲ။ ဘာတွေ မေးမှာလဲ။

    ပထမဆုံးအကြိမ် ဆရာဝန်နဲ့ တွေ့ဆုံတဲ့အခါ သင့်ရဲ့ ကျန်းမာရေးဆိုင်ရာ နောက်ကြောင်းရာဇဝင်နဲ့ဆိုင်တဲ့ မေးခွန်းအချို့ကို မေးမြန်းမှာဖြစ်လို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဥပမာ –

    • သင့်ရဲ့ ဓမ္မတာစက်ဝန်းအကြောင်း

    • သင့်မိသားစုထဲမှာ ကလေးမရနိုင်တဲ့ ပြဿနာဖြစ်ဖူးသူ ရှိမရှိ

    • မျိုးအောင်ခြင်းကို ထိခိုက်စေနိုင်တဲ့ ဆေးဝါးတွေ သောက်နေရတာမျိုး ရှိမရှိ စသဖြင့်ပေါ့။

    ဒါ့ပြင် စုံတွဲရဲ့ နေ့စဉ်နေထိုင်စားသောက်မှုပုံစံကိုလည်း မေးမြန်းရပါလိမ့်မယ်။ ဒါမှသာ ဘယ်အရာတွေက ကလေးမရစေတာလဲဆိုတာ သိနိုင်မှာပါ။ တကယ်လို့ သင်တို့ စုံတွဲဟာ ပူအိုက်တဲ့နေရာတွေမှာ အလုပ်လုပ်ရတဲ့သူတွေ ဒါမှမဟုတ် အထိုင်များတဲ့သူတွေဆိုရင် ကလေးမရဖို့ ရာခိုင်နှုန်းပိုများပါလိမ့်မယ်။

    ဘာလို့လဲဆိုတော့ အထက်မှာပြောခဲ့တဲ့ အခြေအနေတွေဟာ ဝှေးစေ့ရဲ့ အပူချိန်ကို များစေလို့ပါပဲ။ ဓာတုဗေဒပစ္စည်းတွေ ဒါမှမဟုတ် ဓာတ်ရောင်ခြည်တွေနဲ့ အလုပ်လုပ်ရတာ၊ ဆေးလိပ်၊ အရက်သောက်တာ ဒါမှမဟုတ် မူးယစ်ဆေးသုံးတာတွေကြောင့်လည်း ကလေးမရတာမျိုး ဖြစ်လာနိုင်ပါတယ်။

    ရောဂါရာဇဝင်ကို စစ်မေးပြီးတဲ့အခါ ကလေးရနိုင်ခြေကို သိရှိနိုင်ဖို့အတွက် သင့်ဆရာဝန် အနေနဲ့ စစ်ဆေးမှုတွေကို ဆက်လက်ပြုလုပ်ပါလိမ့်မယ်။ အမျိုးသမီးတွေအတွက် စစ်ဆေးရမှာတွေက ပိုများတယ်ဆိုပေမယ့် အများအားဖြင့်တော့ လင်မယားနှစ်ယောက်လုံး စစ်ဆေးမှုခံယူဖို့ ဆရာဝန်တွေက အကြံပေးလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် ပြုလုပ်လေ့ရှိတဲ့ စစ်ဆေးမှုတွေက

    >> အမျိုးသားတွေအတွက်

    မျိုးအောင်နိုင်စွမ်း ရှိ၊ မရှိကိုသိနိုင်ဖို့အတွက် အခြေခံကျတဲ့စစ်ဆေးမှုဖြစ်တဲ့ သုက်ရည်စစ်ဆေးခြင်း (semen analysis) ကို ပြုလုပ်ရပါမယ်။ ဒီစစ်ဆေးမှုမှာတော့ သုက်ရည်ကိုစစ်ဆေးပြီး သုက်ပိုးတွေရဲ့ အရည်အသွေးနဲ့ ပမာဏအစရှိတာတွေကို လေ့လာရပါတယ်။

    >> အမျိုးသမီးတွေအတွက်

    • သားအိမ်ခေါင်းအချွဲမြှေးယူခြင်း (အချွဲမြှေးယူတာကို တခါမှမပြုလုပ်ဖူးသေးသူတွေအတွက်)

    • ဂျိုက်သိုးရောဂါအတွက် ခုခံအား ရှိ၊ မရှိစစ်ဆေးခြင်း။ ကိုယ်ဝန်ပထမသုံးလပတ်မှာ ဂျိုက်သိုးရောဂါ ခံစားရမယ်ဆိုရင် ဗိုက်ထဲက ကလေးမှာမွေးရာပါကိုယ်အင်္ဂါချို့တဲ့တာမျိုး ဖြစ်သွားနိုင်ပါတယ်။

    • ရေကျောက်ပေါက်တာဟာလည်း အလားတူပြဿနာမျိုးကို ဖြစ်စေနိုင်တဲ့အတွက် ဒီရောဂါအတွက်ခုခံအားရှိမရှိကိုလည်းစစ်ဆေးရပါမယ်။

    • လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတမျိုး ဖြစ်ပြီး သားဥပြွန်တွေကိုလည်း ပိတ်ဆို့စေနိုင်တဲ့ ကလာမိုင်းဒီးယားရောဂါ ရှိ၊ မရှိ သိနိုင်ဖို့အတွက်ဆီးစစ်ရပါမယ်။

    • သင် သားဥ ကြွေ၊ မကြွေ သိနိုင်ဖို့အတွက် သွေးစစ်ရပါမယ်။

    • တကယ်လို့ သင်ဟာ ဓမ္မတာ မမှန်ဘူးဆိုရင် ဟော်မုန်းပမာဏတွေ မျှတမှု ရှိ၊မရှိ သိနိုင်ဖို့အတွက် အခြားသော သွေးစစ်ဆေးမှုတွေကိုလည်း ပြုလုပ်ရပါမယ်။

    အမျိုးသားနဲ့ အမျိုးသမီး နှစ်ဦးမှာ ဘယ်သူက ကလေး မရနိုင်တာမျိုး ပိုဖြစ်နိုင်သလဲဆိုတော့ ကလေးမရနိုင်တဲ့ စုံတွဲတွေရဲ့ သုံးပုံတစ်ပုံက အမျိုးသားတွေကြောင့် ဖြစ်ပြီး နောက်သုံးပုံတစ်ပုံက အမျိုးသမီးတွေကြောင့်ဖြစ်ကာ နောက်ဆုံးသုံးပုံတစ်ပုံကတော့ နှစ်ဦးလုံးကြောင့်ဖြစ်နိုင်သလို အကျိုးအကြောင်းကို ရှင်းရှင်းလင်းလင်းမသိရတာလည်း ဖြစ်နိုင်ပါတယ်။

    ဒီလိုအနေအထားမျိုးတွေရှိနေတာမို့ သူ့ကြောင့်ငါ့ကြောင့် အပြစ်တွေတင်နေမယ့်အစား အတူတကွ ပူးပေါင်း အဖြေရှာပြီး ပြဿနာကို ဖြေရှင်းတာဟာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 07/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement