backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

2

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

နှလုံးရောဂါ အကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နှလုံးရောဂါ အကြောင်း

နှလုံးရောဂါ ဆိုတာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်စစ်တမ်းတွေအရဆိုရင် လူ ၁ သိန်းမှာ ၂၁၉.၄ ဦးနှုန်းအသက်ဆုံးပါးစေတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး လူသေနှုန်းမြင့်မားတဲ့ ရောဂါတွေထဲမှာ နံပါတ် ၁ ဖြစ်ပါတယ်။

နှလုံးရောဂါ အကြောင်း

နှလုံးရောဂါဆိုတာက နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါအမြောက်အများကို စုဝေးခေါ်ဆိုတာဖြစ်ပါတယ်။ နှလုံးရောဂါဟာ အမျိုးအစားအမျိုးမျိုးရှိသလို ကျား/မ မရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ခြေ မြင့်မားလှတဲ့ရောဂါအုပ်စု တစ်ခုပါ။

များသောအားဖြင့် နှလုံးရောဂါရဲ့ လက္ခဏာတွေက အချိန်အတန်ကြာမှ သိသိသာသာပြသလာတတ်တာပြီး ကနဦးအခြေအနေတွေမှာ တိတ်တိတ်ကလေး တွယ်ငြိနေတတ်ပါတယ်။ ဒါကြောင့်လည်း ပိုပြီးသတိထားဖို့လိုအပ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးကြတာဖြစ်ပါတယ်။

နှလုံးရောဂါ အမျိုးအစားများ

နှလုံးရောဂါလို့ ခြုံပြီးပြောဆိုကြပေမယ့် တကယ်တမ်းမှာတော့ နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေက အမျိုးအစား အမျိုးမျိုးရှိပါတယ်။ ဒါတွေကို စုစည်းပြီး နှလုံးဆိုင်ရာ ပြဿနာများ (Cardiovascular Problems) လို့ ခေါ်ဆိုကြပါတယ်။

နှလုံးရောဂါဆိုတဲ့ ခေါင်းစဉ်အောက်မှာ အောက်ပါ အဓိက ရောဂါအမျိုးအစားတွေ အသီးသီးရှိနေကြပါတယ်။

ဒီထဲမှာမှ အောက်ပါ အမျိုးအစားတွေမှာ နောက်ထပ် မျိုးကွဲရောဂါတွေ ဆက်ပြီးရှိနေပါသေးတယ်။

မွေးရာပါ နှလုံးရောဂါ (Congenital heart defects)

  • Septal defects – နှလုံးသွေးခန်းတွေ ဆက်တဲ့ကြားက ကြွက်သားလေးက ပိတ်မနေဘဲ အပေါက်ဖြစ်နေခြင်း
  • Obstruction defects – နှလုံးထံ သွေးစီးဝင်တဲ့ အပေါက်တွေ ပိတ်နေခြင်း
  • Cyanotic heart disease – နှလုံးသွေးညှစ်အားမကောင်းလို့ တစ်ကိုယ်လုံးကို အောက်ဆီဂျင်တွေ အပြည့်အဝ မရောက်တော့ဘဲ တစ်ကိုယ်လုံးပြာလာတဲ့ ရောဂါတွေဟာ မွေးရာပါနှလုံးရောဂါအမျိုးအစားတွေပါ။

နှလုံးကြွက်သားဆိုင်ရာရောဂါ (Cardiomyopathy)

  • Hypertrophic cardiomyopathy – နှလုံးကြွက်သား တောင့်ခြင်း
  • Dilated cardiomyopathy – နှလုံးကြွက်သား ထူခြင်း/ကြီးခြင်း
  • Restrictive cardiomyopathy – နှလုံးကြွက်သား ရှုံ့သွားခြင်း တို့ဟာ အများဆုံးဖြစ်တတ်တဲ့ နှလုံးကြွက်သားဆိုင်ရာပြဿနာတွေပါ။

နှလုံးသွေးကြောဆိုင်ရာရောဂါ (Coronary artery disease)

  • Ischemic heart disease – နှလုံးကြွက်သားပုတ်ခြင်း
  • Angina – ရုတ်တရက် ရင်ဘတ်အောင့်ခြင်း
  • Myocardial infarction/Heart Attack – နှလုံးသွေးကြောပိတ်ခြင်း/နှလုံးကြွက်သား သွေးမလျှောက်ခြင်း

နှလုံးစည်းချက် မမှန်ရောဂါ (Arrhythmia)

  • Tachycardia/Arrythemia – နှလုံးခုန်မြန်ခြင်း
  • Bradycardia – နှလုံးခုန်နှေးခြင်း

နှလုံးပိုးဝင်ခြင်း (Heart infections)

  • Pericarditis – နှလုံးအပြင်ဘက်က Pericardium အလွှာပါး ရောင်ရမ်းခြင်း
  • Pericardial effusion – နှလုံးနဲ့ Pericardium အကြား အရည်စုခြင်း

အထက်မှာဖော်ပြခဲ့တဲ့ရောဂါတွေအကုန်လုံးဟာ နှလုံးနဲ့ဆက်နွယ်နေတဲ့ ရောဂါအမျိုးအစားတွေဖြစ်ကြပါတယ်။

ရောဂါလက္ခဏာများ

နှလုံးရောဂါရဲ့ ထူးခြားချက်က ရောဂါအမျိုးအစား စုံလင်သလို ရောဂါလက္ခဏာတွေလည်း ကွဲကြတာပါပဲ။ နှလုံးရောဂါရဲ့ ရောဂါလက္ခဏာတွေဟာ တစ်ခုနဲ့တစ်ခု နီးစပ်ပေမယ့် သိသိသာသာကွဲထွက်နေတာတွေကများပါတယ်။ ဒါကြောင့် ရောဂါအလိုက် လက္ခဏာတွေကို ခွဲခြားဖော်ပြပေးပါမယ်။

နှလုံးစည်းချက်မမှန်ရောဂါ လက္ခဏာများ

Arrhythmias ဟာ နှလုံးစည်းချက် ပုံမှန်မဖြစ်တော့တဲ့ ရောဂါဖြစ်ပါတယ်။ စည်းချက် မြန်တာ၊ နှေးတာ အပေါ် မူတည်ပြီး အတန်ငယ်ကွဲပြားနိုင်ပေမယ့် အဓိက လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • အားအင်ချိနဲ့ပြီး ပျော့ခွေလာတာ၊
  • နှလုံးခုန် နှေးလာတာ ဒါမှမဟုတ် မြန်လွန်းလာတာ၊
  • သွေးခုန်နှုန်း နှေးလာတာ၊
  • မကြခဏ မူးဝေနေတတ်တာ၊
  • ခေါင်းမူးတာ၊
  • ရင်ဘတ်အောင့်တာစတာတွေပါပဲ။

နှလုံးသွေးကြောကျဉ်းရောဂါ လက္ခဏာများ

Atherosclerosis ဖြစ်တဲ့အခါ ခြေဖျားလက်ဖျားတွေဆီ သွေးလျှောက်တာနည်းသွားတတ်ပါတယ်။ ဒီအချက်တင်မကပါဘူး။ အောက်ပါအချက်တွေကလည်း နှလုံးသွေးကြောကျဉ်းလက္ခဏတွေဖြစ်ပါတယ်။

  • အသက်ရှူရခက်တာ၊
  • ရင်ဘတ်အောင့်တာ၊
  • ခြေတွေလက်တွေ အေးလာတာ၊
  • ခြေတွေလက်တွေ ထုံကျဉ်လာတာ၊
  • အကြောင်းအရာ မယ်မယ်ရရမရှိပဲ နာကျင်ကိုက်ခဲလာတာ၊
  • ခြေထောက်နဲ့ လက်တွေ အားယုတ်လျော့လာတာ စတာတွေပါပဲ။

မွေးရာပါ နှလုံးရောဂါ လက္ခဏာများ

Congenital heart defects လို့ ခေါ်တဲ့ မွေးရာပါနှလုံးရောဂါရဲ့ လက္ခဏာတွေကတော့ မွေးကင်စအချိန်မှာရော အရွယ်ရောက်လာချိန်မှာပါ ပြသတတ်ပါတယ်။ တစ်ချို့သော အခြေအနေတွေမှာ ရောဂါကို ရှာဖွေဖော်ထုတ်ဖို့ ခက်ခဲတတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့

  • အရေပြား ပြာနှမ်းတာ၊
  • ခြေဖျားလက်ဖျားတွေ ရောင်ရမ်းတတ်တာ၊
  • အသက်ရှုရခက်တာ၊ အသက်ရှူကျပ်တာ၊
  • မောပန်းနွမ်းနယ်တာ၊ အားအင်ကုန်ခမ်းနေတတ်တာ၊
  • နှလုံးခုန်နှုန်းပုံမှန်မဟုတ်တာ စတာတွေဖြစ်ပါတယ်။

နှလုံးသွေးကြောဆိုင်ရာရောဂါ (CAD)

CAD ဖြစ်ရတဲ့အကြောင်းအရင်းက နှလုံးနဲ့ အဆုတ်ထဲကို အောက်ဆီဂျင်ပြည့်ဝတဲ့ သွေးစီးဝင်မှုအားနည်းတာကြောင့်ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပါပဲ။

  • ရင်ဘတ်အောင့်တာ၊
  • ရင်ဘတ် သက်သောင့်သက်သာမရှိတာ၊
  • ရင်ဘတ်မှာ ဖိအားများနေသလို/ အညှစ်ခံထားရသလို ခံစားရတာ၊
  • အသက်ရှူရခက်ခဲတာ၊
  • မအီမသာဖြစ်ပြီး ပျို့အန်ချင်နေတာ၊
  • အစာမကြေဘူးလို့ ခံစားရတာ စတာတွေပါပဲ။

နှလုံးကြွက်သားဆိုင်ရာရောဂါ လက္ခဏာများ

Cardiomyopathy က နှလုံးကြွက်သားတွေ တောင့်တင်းတာ (သို့) လိုအပ်တာထက်ပိုပြီး ကြီးထွားလာတာ (သို့) အားနည်းတာတွေကြောင့်ဖြစ်ရတာပါ။ အဓိက ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • မောပန်းနွမ်းနယ်နေတာ၊
  • ခန္ဓာကိုယ်ဖောနေတတ်တာ၊
  • ခြေဖဝါး၊ ဒူးနဲ့ ခြေထောက်တွေ ဖောရောင်နေတတ်တာ၊
  • အသက်ရှူရခက်တာ၊
  • သွေးခုန်နှုန်း အလွန်လျင်မြန်နေတာ စတာတွေပါပဲ။

နှလုံးပိုးဝင်ခြင်း လက္ခဏာများ

နှလုံးပိုးဝင်တာကို Endocarditis ဒါမှမဟုတ် Myocarditis လို့လည်း ခေါ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • ရင်ဘတ်အောင့်တာ၊
  • ချောင်းဆိုးတာ၊
  • အသက်ရှူလမ်းကြောင်း ပိတ်ဆို့နေတာ၊
  • ဖျားတာ၊
  • ချမ်းတုန်တာ၊
  • အရေပြားတွေ ယားယံတာ စတဲ့ရောဂါလက္ခဏာတွေပါပဲ။

အမျိုးသမီးတွေမှာ ပြသတတ်တဲ့ နှလုံးရောဂါလက္ခဏာများ

နှလုံးရောဂါလက္ခဏာတွေအကြောင်း ပြောရမှာ ထူးခြားချက်တစ်ခုကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ အတန်ငယ်ကွဲပြားတဲ့ လက္ခဏာတွေပြသနိုင်တယ်ဆိုတဲ့အချက်ပါပဲ။ ပြီးတော့ အမျိုးသားတွေထက်လည်း အမျိုးသမီးတွေက နှလုံးရောဂါပိုဖြစ်တတ်ပါတယ်။

အမျိုးသမီးတွေက Heart Attack ပိုဖြစ်တတ်ပြီးတော့ ရင်ဘတ်အောင့်တာနဲ့ ရင်တုန်တာက အဖြစ်များတဲ့ လက္ခဏာတွေပါ။ ဒါပေမယ့် ပူပင်သောကများတာ၊ အိပ်စက်ရခက်တာ၊ အကြောင်းပြချက်မယ်မယ်ရရမရှိပဲ မောပန်းနွမ်းနယ်နေတတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် စိတ်ဓာတ်ကျတာ၊ သွေးဆုံးတာတွေလည်း ခံစားရတယ်လို့ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေ နှလုံးရောဂါဝေဒနာတစ်မျိုးမျိုးခံစားရချိန်မှာ ကြုံရတတ်တဲ့ တခြားသော ရောဂါလက္ခဏာတွေကတော့

  • မူးဝေတာ၊
  • ဖြူဖတ်ဖြူရော်ဖြစ်တာ၊
  • အသက်ရှူရခက်တာ၊ အသက်ကို ဖြည်းဖြည်းခြင်းရှူသွင်းနေရတာ၊
  • အားအင်ချိနဲ့ပြီး ပျော့ခွေလာတာ၊
  • မူးမိုက်လဲကျတာ၊
  • ပျို့တက်တာ၊
  • အန်တာ၊
  • မေးရိုးနာကျင်တာ၊
  • နောက်ကျောနာကျင်တာ၊
  • အစာမကြေတာ၊
  • ချွေးအေးတွေထွက်တာတွေ ဖြစ်တတ်ပါတယ်။

ဘာကြောင့် နှလုံးရောဂါဖြစ်တာလဲ

နှလုံးရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ နှလုံးရောဂါဖြစ်ပွားမှုဟာ နေထိုင်စားသောက်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေတတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်စွာ နေထိုင်စားသောက်လေ့မရှိသူတွေမှာ ဖြစ်နိုင်ခြေပိုမိုမြင့်မားတတ်ပါတယ်။

ဒါပေမယ့် အထက်ပါအချက်တွေကြောင့်ချည်းတော့ နှလုံးရောဂါဖြစ်စေနိုင်တာမဟုတ်ပါဘူး။ နှလုံးရောဂါကိုဖြစ်စေတဲ့ တခြားအကြောင်းအရင်းအများအပြားရှိနေပါသေးတယ်။ ရောဂါအမျိုးအစားအလိုက် နောက်ခံအကြောင်းတရားတွေ ကွာခြားနေတာမျိုးပါ။

  • နှလုံးစည်းချက် မမှန်ရောဂါ (Arrhythmia) 

နှလုံးခုန်နှုန်းမမှန်ခြင်းက အဓိက အကြောင်းတရားဖြစ်ပေမယ့် ဆီးချို၊ သွေးတိုး၊ ပြင်းထန်တဲ့ဆေးဝါးတွေမှီဝဲနေရာတာ၊ အယ်လ်ကိုဟောနဲ့ ကဖိန်းဓာတ်ကို အလွန်အကျွံမှီဝဲလွန်းတာ၊ အရက်နဲ့ မူးယစ်ဆေး စွဲလမ်းနေတာ၊ စိတ်ဖိစီးမှုများနေတာ၊ ပူပင်သောကများတာ၊ နှလုံးထိခိုက်ထားတာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါနဲ့ မွေးရာပါနှလုံးရောဂါရှိနေရင်လည်း Arrhythmia ဖြစ်နိုင်ပါတယ်။

  • မွေးရာပါ နှလုံးရောဂါ (Congenital heart defects)

ဒီရောဂါကတော့ မွေးကတည်းက ပါရှိလာတာပါ။ အလိုလိုသက်သာသွားတတ်သလို တဖြည်းဖြည်း ပိုမိုကြီးထွားလာတတ်တာလည်း ရှိပါတယ်။ စောလျှင်စွာကုသနိုင်ဖို့ လိုအပ်တဲ့ ရောဂါတစ်မျိုးပါ။ ဒီလိုဖြစ်ရစေတဲ့အကြောင်းအရင်းကတော့ ရင်သွေးငယ်ရဲ့ Chromosomes အရေအတွက်ကြောင့်ဖြစ်ပါတယ်။

  • နှလုံးကြွက်သားဆိုင်ရာရောဂါ (Cardiomyopathy) 

ဒီရောဂါကတော့ ရောဂါမျိုးကွဲများသလို ဖြစ်ပွားစေတဲ့အခြေအနေတွေလည်း မတူညီကြပါဘူး။

  • နှလုံးကြွက်သား ထူခြင်း/ကြီးခြင်း (Dilated cardiomyopathy)

ဘာကြောင့်ဖြစ်တယ်ဆိုတာကို တိကျစွာ သိရှိရခြင်းမရှိသေးပါဘူး။ အဖြစ်များတဲ့ နှလုံးကြွက်သားရောဂါတစ်မျိုးဖြစ်ပြီး နှလုံးကို အားနည်းသွားစေတဲ့ရောဂါပါ။ မူးယစ်ဆေးဝါးသုံးတ၊ ပိုးဝင်တာ၊ Heart Attack ဖြစ်တာ၊ နှလုံးသွေးစီးဆင်းမှုကို မထိမ်းချုပ်နိုင်တာတွေနဲ့ ဆက်နွယ်နေနိုင်ပါတယ်။

  • နှလုံးကြွက်သား တောင့်ခြင်း (Hypertrophic cardiomyopathy)

ကြွက်သားတွေ မာတောင့်သွားတဲ့ ဒီရောဂါက မျိုးရိုးလိုက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ အားကစားသမားတွေမှာလည်း တွေ့ရတတ်ပါတယ်။

  • နှလုံးကြွက်သား ရှုံ့သွားခြင်း (Restrictive cardiomyopathy)

နှလုံးနံရံတွေတောင့်တင်းပြီး ရှုံ့သွားတဲ့ရောဂါပါ။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို သေချာမသိရသေးပေမယ့် ကြွက်သားတွေ ဒဏ်ဖြစ်တာ၊ Amyloidosis ဆိုတဲ့ ပုံမှန်မဟုတ်တဲ့ ပရိုတိန်းတွေများလာတာကြောင့်ဖြစ်တတ်ပါတယ်။

  • နှလုံးပိုးဝင်ခြင်း (Heart infections)

ဘက်တီးရီးယားတွေ၊ ကပ်ပါးပိုးတွေ၊ ဗိုင်းရပ်စ်တွေ နှလုံးကိုကပ်ညှိတာကြောင့်ဖြစ် နှလုံးပိုးဝင်ခြင်း ဝေဒနာဖြစ်တတ်ပါတယ်။

ဒါ့အပြင် တခြားသော နှလုံးရောဂါကို ဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့ ပြင်ပအခြေအနေတွေကြောင့် ပါပဲ။ နှလုံးရောဂါဖြစ်ပွားသူတွေရဲ့ ၄၇% ဟာ ထိန်းချုပ်ကာကွယ်လို့ရတဲ့ ပြင်ပရောဂါတွေနဲ့ အခြေအနေတွေကြောင့် နှလုံးရောဂါဖြစ်ရတာပါ။

ဒီပြဿနာတွေကတော့

  • သွေးတိုး၊
  • သွေးတွင်း ကိုယ်လက်စထရောများတာ၊ နည်းတာ၊
  • ဆေးလိပ်သောက်တာ၊
  • အဝလွန်တာ၊
  • ကိုယ်လက်လှုပ်ရှားမှုနည်းပါးတာ စတာတွေကြောင့်ပါပဲ။

ဒါပေမယ့် ထိန်းချုပ်လို့မရနိုင်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။ ဒါတွေကတော့

  • ရောဂါရှိခဲ့ဖူးတဲ့ မိသားစု နောက်ကြောင်းရာဇဝင်၊
  • လူမျိုးစု၊
  • လိင်အမျိုးအစား၊
  • အသက်အရွယ်တို့ပါပဲ။

နှလုံးရောဂါကို ဘယ်လိုရှာဖွေဆန်းစစ်နိုင်သလဲ

နှလုံးရောဂါ ရှိ၊ မရှိသိနိုင်စေတဲ့ နည်းလမ်းတွေ အမျိုးမျိုးအဖုံဖုံရှိပါတယ်။ ရောဂါလက္ခဏာတွေကနေတဆင့် သိရှိနိုင်သလို ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး ဆေးဝါး၊ နည်းပညာစတာတွေနဲ့လည်း စမ်းသပ်စစ်ဆေးလို့ရပါတယ်။

  • ရောဂါလက္ခဏာရှာဖွေတာ၊
  • သွေးစစ်တာ၊
  • နာကျင်မှုမရှိတဲ့ နည်းလမ်းတွေဖြစ်တဲ့ Electrocardiogram (အီးစီဂျီ) ၊ Echocardiogram ၊ လှုပ်ရှားမှုလုပ်ခိုင်းပြီး စစ်ဆေးနည်း (Stress Test) နဲ့ Carotid ultrasound ၊ Holter monitor ၊ Tilt table test နဲ့ CT scan စတာတွေ၊
  • Invasive tests နည်းလမ်းတွေဖြစ်တဲ့ Cardiac catheterization ၊ Coronary angiography ၊ Electrophysiology study စတာတွေ ဖြစ်ပါတယ်။

နှလုံးရောဂါကို ကုသနိုင်တဲ့ နည်းလမ်းများ

နှလုံးရောဂါက အဖြစ်များပြီး သေဆုံးနှုန်းများတဲ့ ရောဂါဖြစ်ပေမယ့် ကုသနိုင်တဲ့ရောဂါ အမျိုးအစားထဲမှာပါဝင်ပါတယ်။

ရောဂါဖြစ်ပွားချိန်မှာ အဓိက ကုသနည်း ၃ မျိုးနဲ့ ကုစားနိုင်ပါတယ်။

  • လူနေမှုပုံစံကို ပြောင်းလဲခြင်း နည်းလမ်း – ကျန်းမာပျော်ရွှင်မှုရှိတဲ့ လူနေမှု ပုံစံကို ပြောင်းလဲလိုက်တာက နှလုံးရောဂါအန္တရာယ်ကို လျှော့ချနိုင်ဖို့ အဓိကကျပါတယ်။ ဆိုဒီယမ်၊ အဆီနဲ့ သကြားစားသုံးမှုကို လျှော့ချပြီး အသီးအနှံများများစားသုံးတာ၊ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပြီး နှလုံးအားကောင်းအောင်နေထိုင်တာတွေက နှလုံးရောဂါသက်သာစေဖို့ အထောက်အကူဖြစ်စေပါတယ်။
  • ဆေးဝါးဖြင့် ကုသသည့် နည်းလမ်း – ဒီနည်းလမ်းကိုတော့ သိပ်ပြီး မပြင်းထန်တဲ့ နှလုံးဝေဒနာရှင်တွေကို ကုစားပေးတဲ့နည်းလမ်းပါ။ ဆေးဝါးတွေက ရောဂါအခြေအနေကို ကောင်းကောင်းကုစားပေးနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ တိကျစွာ မှီဝဲသုံးစွဲဖို့တော့ လိုအပ်ပါတယ်။
  • ခွဲစိတ်ကုသနည်းလမ်း – တစ်ချို့သော နှလုံးရောဂါအမျိုးအစားတွေနဲ့ ရောဂါပြင်းထန်နေချိန်မျိုးမှာ ခွဲစိတ်ကုသဖို့ လိုအပ်ဖို့ လိုအပ်တဲ့ အခြေအနေမျိုး ရှိလာတတ်ပါတယ်။ ဒီနည်းလမ်းဟာ ရောဂါအမျိုးအစားနဲ့ အခြေအနေအပေါ် မူတည်တယ်ဆိုတာကို သတိထားဖို့ လိုအပ်ပါတယ်။

နှလုံးရောဂါကို ကာကွယ်တားဆီးခြင်း

မျိုးရိုးလိုက်တာနဲ့ မွေးရာပါမဟုတ်ဘူးဆိုရင် နှလုံးရောဂါဟာ ကာကွယ်တားဆီးလို့ရတဲ့ ရောဂါအမျိုးအစားဖြစ်ပါတယ်။ ဒီလိုကာကွယ်ဖို့ဆိုရင် ကျန်းမာစွာနေထိုင်စားသောက်ခြင်းက အဓိကကျတဲ့နည်းလမ်းဖြစ်ပါတယ်။

ဒါ့အပြင်

  • သွေးတွင်း ကိုယ်လက်စထေရာ ပမာဏကို ထိန်းချုပ်တာ
  • သွေးတိုးမဖြစ်အောင် နေထိုင်တာ၊
  • စိတ်ဖိစီးမှုကို လျှော့ချတာ၊
  • တစ်နေ့ကို မိနစ် ၃၀ နဲ့ ၆၀ အကြား ပုံမှန်လေ့ကျင့်ခန်းပြုလုပ်တာ၊
  • ကျန်းမာပြီး အာဟာရပြည့်ဝအောင် စားသောက်တာ၊
  • ဆေးလိပ်သောက်သုံးမှုကို ရပ်တန့်တာ၊ မသောက်ဘဲနေတာ၊
  • အဝမလွန်အောင် ဂရုစိုက်နေထိုင်တာ စတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement