လေဒီလေးတစ်ယောက်ဖြစ်လာဖို့ ကျော်ဖြတ်ခဲ့ရတဲ့ အဆင့်တွေကမနည်းပါဘူး။ ဒီတိုင်းကြည့်လိုက်ရင်တော့ အချိန်တွေကုန်လွန်ရင်းဒီလိုပဲ အရွယ်ရောက်လာတယ်ပေါ့။ တကယ်ကတော့ အတွေ့အကြုံမျိုးစုံကို ဖြတ်သန်းခဲ့ရတာပါ။ ဒီလိုဖြတ်သန်းရတဲ့ အတွေ့အကြုံတွေထဲကတစ်ခုကို အကောင်းဆုံးရင်ဆိုင်နိုင်စေဖို့ ဒီဆောင်းပါးလေးက အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။
အမွေးအတောင်စုံပြီး လှပတဲ့လေဒီလေးအဖြစ် အသွင်ကူးပြောင်းချိန်မှာ ကြုံရမယ့် အတွေ့အကြုံသစ်တွေက ဘာတွေများလဲ………
ကလေးဘဝတုန်းက အစ်ကိုတွေမောင်တွေနဲ့ အတူတူဆော့ရင်း ပေတူးနေခဲ့တဲ့ ကောင်မလေးတစ်ယောက် အပျိုလေးစဖြစ်လာပြီဆိုရင် အရင်ကထက်ပိုပြီးထွားလာတယ်။ ခန္ဓာကိုယ်မှာပြောင်းလဲမှုတွေဖြစ်လာပါတယ်။ ဒါတွေကမြင်သာတဲ့ပြောင်းလဲမှုတွေပါ။ ဒီမြင်သာတဲ့ပြောင်းလဲမှုကိုတင် ရင်ဆိုင်ရတာလားဆိုတော့ မဟုတ်ပါဘူး။ အရောင်အသွေးစုံလင်စွာနဲ့ လှပဖို့က ရင်ဆိုင်ရတဲ့ အခြားစိန်ခေါ်မှုတစ်ရပ်ရှိပါသေးတယ်။ ဒါကတော့ ရာသီပန်းကိစ္စပါ။
ရာသီပန်းဆိုတာဘာလဲ
အပျိုဖော်စဝင်ချိန်မှာ ဦးနှောက်ရဲ့အချက်ပေးမှုကြောင့် ခန္ဓာကိုယ်က ဟော်မုန်းတစ်မျိုးကို စတင်ထုတ်ပါတယ်။ ဒီဟော်မုန်းကပဲ မေမေဖြစ်နိုင်တဲ့ အခွင့်အရေးကို ရစေတာပါ။ ဒီအခြေအနေက တစ်လထဲကြုံရမယ့် ပြဿနာမဟုတ်ပါဘူး။ လစဉ်တိုင်းကြုံတွေ့ရတော့မယ့် ပြဿနာပါ။ ဒါကို ရာသီသွေးပေါ်ခြင်းရယ်လို့ခေါ်ပါတယ်။
ဘယ်အချိန်မှာရာသီသွေးစပေါ်တာလဲ
မိန်းကလေးအများစုကတော့ သူတို့အသက် ၁၂ နှစ် ကနေ ၁၃ နှစ်ကြားမှာ ရာသီသွေးပေါ်နိုင်ပေမယ့် ဒီထက် ပိုစောနိုင်သလို ဒီထက်လည်းနောက်ကျနိုင်ပါတယ်။
ရာသီသွေးပေါ်တာက အချိန်ဘယ်လောက်ကြာနိုင်လဲ
ဒါက လေဒီလေးတစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။ ပုံမှန်အားဖြင့် ၂ ရက် ကနေ ၇ ရက်အတွင်းရှိတတ်ကြပါတယ်။
သွေးအများကြီးဆင်းတာလား
သွေးဆင်းတာကတော့ နည်းနည်းပဲဆင်းတာမျိုးရှိသလို အများကြီးဆင်းတာမျိုးလည်းရှိနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။
ဘယ်လောက်တစ်ကြိမ်သွေးဆင်းတာလဲ
ရာသီသွေးဆင်းတာက တစ်လတစ်ခါဆိုပေမယ့် ၂၈ ရက်ပဲခြားတာပါ။ တစ်ခါတစ်လေမှာ ၂၁ ရက် ကနေ ၄၅ ထိခြားသွားတာမျိုးလည်းရှိနိုင်ပါတယ်။
ရာသီသွေးဆင်းချိန်မှာ တစ်ကိုယ်ရေသန့်ရှင်းရေးကို ပိုဂရုစိုက်ဖို့လိုမလား
ရာသီသွေးဆင်းချိန်မှာ အနံ့အသက်ကင်းစင်ဖို့ရော စိတ်ကြည်လင်လန်းဆန်းနေစေဖို့အတွက်ပါ တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာလေးဂရုစိုက်ဖို့လိုပါမယ်။
ရာသီလာတဲ့အခါ ဘာကိုသုံးရမလဲ
ရာသီလာတဲ့အခါ လစဉ်သုံးပစ္စည်းကိုသုံးလို့ရသလို Tampon နဲ့ menstrual cup တို့ကိုလည်း သုံးလို့ရပါတယ်။ သုံးတဲ့အခါ တစ်ခုချင်းစီကိုပဲ သုံးပေးပါ။
လစဉ်သုံးကရော အမျိုးအစားကွာခြားတာရှိလား
လစဉ်သုံးမှာ နေ့သုံးရယ် ညသုံးရယ်ဆိုပြီး ကွာခြားနိုင်ပါတယ်။ အရွယ်အစား၊ အထူအပါးကွာနိုင်သလို အတောင်ပံ ပါတာနဲ့ အတောင်မပါတာဆိုပြီးလည်း ကွာခြားနိုင်ပါတယ်။ လစဉ်သုံးပစ္စည်းရွေးတဲ့အခါ အနံ့ပြင်းတာမျိုးကိုမရွေးဖို့ပြောပါရစေ။ အနံ့မွှေးတာကောင်းပေမယ့် အနံ့ပြင်းတာတွေက ရေရှည်မှာ အဆင်မပြေစေတာ အသေအချာပါ။
ဘယ်လောက်တစ်ခါ လစဉ်သုံးကို လဲလှယ်ပေးရမလဲ
လစဉ်သုံးက လုံးဝကို စိုထိုင်းထိုင်းဖြစ်နေပြီဆိုရင် ဖြစ်ဖြစ်၊ နေရထိုင်ရသက်တောင့်သက်သာမရှိတဲ့အခါ ဖြစ်ဖြစ် လဲလှယ်ပေးပါ။ ၄ နာရီကနေ ၈ နာရီကြာတိုင်းမှာ လစဉ်သုံးကို ပုံမှန်လဲလှယ်ပေးရပါမယ်။
ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာမျိုးရှိနိုင်လား
လူတိုင်းတော့မဟုတ်ပေမယ့် အချို့အမျိုးသမီးတွေမှာ ရင်သားတွေတင်းပြီးနာတာ၊ ဗိုက်အောက်ဘက်ပိုင်းက အောင့်တာမျိုးတွေခံစားရနိုင်သလို ခြေကုန်လက်ပမ်းကျတာ၊ ခေါင်းကိုက်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းသွားနေတာမျိုးတွေကိုပါခံစားရနိုင်ပါတယ်။
ရာသီလာစဉ်နာကျင်ကိုက်ခဲတာကို သက်သာအောင်လုပ်လို့ရလား
ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့ဆိုရင်
- အကိုက်အခဲပျောက်ဆေးသောက်ပေးလို့ရပါတယ်
- ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေလုပ်ပေးလို့ရပါတယ်
- ရေနွေးအိတ်ကပ်ပေးလို့ရပါတယ်
- ရေနွေးနဲ့ရေချိုးပေးလို့ရပါတယ်
- ချင်း(ဂျင်း) လက်ဖက်ရည် ပူပူလေးသောက်ပေးလို့ရပါတယ်
- ရေများများသောက်ပေးပါ
- သက်တောင့်သက်သာနေပေးပါ
တကယ်လို့ နာကျင်ကိုက်ခဲမှုက နေ့စဉ်အလုပ်တွေကိုတောင် မလုပ်နိုင်လောက်အောင်အထိ ပြင်းထန်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့ တိုက်တွန်းပါရစေနော်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-ovulation]