backup og meta

ရာသီလာချိန် ဂရုစိုက်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီလာချိန် ဂရုစိုက်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး

    မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာ လစဉ်ကြုံတွေ့ရတဲ့ ရာသီစက်ဝန်းကို ရှောင်လွှဲမရနိုင်ပါဘူး။ ရာသီသွေးဆင်းတယ်ဆိုတာ ညစ်ညမ်းတဲ့အရာမဟုတ်ပေမယ့် ရာသီလာစဉ်အချိန်အတွင်းမှာ ပုံမှန်ထက်ပိုပြီးသန့်ရှင်းမှုရှိဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် အနံ့ဆိုးမထွက်အောင်၊ မလိုလားအပ်တဲ့ရောဂါပိုးတွေ မဝင်နိုင်အောင် မကြာခဏဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။ ဒီတစ်ခေါက်တော့ ရာသီလာချိန် ဂရုစိုက်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အကြောင်းလေး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

    ရာသီလာချိန် ဂရုစိုက်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး

    ဒါဆို ဘာနဲ့သန့်စင်မလဲ။ ပုံမှန်ဆိုရေချိုးတဲ့အခါ ရေချိုးဆပ်ပြာနဲ့၊ သန့်စင်ခန်းမှာဆို ရိုးရိုးဆပ်ပြာနဲ့ ပျိုမေတို့ ဆေးကြောသန့်စင်မိကြသလား။ မလုပ်ရပါဘူးနော်။ ရာသီလာချိန် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ဆို ရိးရိုးရေ ဒါမှမဟုတ် အမျိုးသမီးသန့်စင်ဆေးရည်နဲ့ပဲ သင့်တော်ပါတယ်။ မိန်းမကိုယ်ဟာ နုနယ်ပြီး ထိခိုက်လွယ်တဲ့ အစိတ်အပိုင်းမို့ ရှိသင့်တဲ့ pH အဆင့်နဲ့ မကိုက်ညီရင်တောင် အဆင်မပြေပါဘူး။

    သန့်ရှင်းရေးကို ဖြစ်သလိုလုပ်လို့ အခန့်မသင့်ရင် ယားယံတာအရေပြားထိခိုက်တာ၊ရောင်ရမ်းတာ စတဲ့ လက္ခဏာတွေတင်မကဘဲ ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေအထိဖြစ်လာစေနိုင်ပါတယ်။ ရာသီလာချိန် ဂရုစိုက်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အကြောင်းလေး လေ့လာလိုက်ရအောင်နော်။

    ရာသီလာတဲ့အချိန် ဘယ်လိုသန့်စင်မလဲ

    ဓမ္မတာလာနေစဉ်အတွင်းမှာ ယောနိဝ အရေပြားနေရာတွေလို သေးငယ်တဲ့ ကြားတွေထဲမှာ ရာသီသွေးတွေ ကပ်ကျန်နေတတ်လို့ သေချာသန့်စင်နိုင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် လစဉ်သုံးပစ္စည်းလဲတဲ့အခါမှာ ကြိုကြိုကြားကြားအကုန် သေချာသန့်စင်သင့်ပါတယ်။

    • ဆပ်ပြာတွေ မသုံးပါနဲ့

    မိန်းမကိုယ်မှာ အကျိုးပြုဘက်တီးရီးယားတွေကို ထိန်းညှိထားတဲ့ သဘာဝကာကွယ်မှုစနစ်ရှိပါတယ်။ အမွှေးနံ့တွေ၊ ဓာတုပစ္စည်းတွေပါဝင်တဲ့ ဆပ်ပြာတွေကြောင့် အကျိုးပြုဘက်တီးရီးယားတွေကို ထိခိုက်စေနိုင်လို့ ရောဂါပိုးဝင်ဖို့ လွယ်ကူစေနိုင်တယ်၊ ဆပ်ပြာပြင်းလို့ မိန်းမကိုယ်အရေပြားကို ပူတာ၊ လောင်တာ၊စပ်တာ၊ရောင်ရမ်းတာ၊ ဓာတ်မတည့်တာတွေဖြစ်လာစေနိုင်တယ်။

    • ရေကို ဂရုစိုက်ပါ

    ရေချိုးတဲ့အခါ ခပ်နွေးနွေးရေနဲ့ပဲ ချိုးပါ။ ရာသီလာချိန်မှာ ရေအေးတွေနဲ့ မချိုးပါနဲ့။ ရေချိုးသိပ်မကြာဖို့ ဂရုစိုက်ပါ။ အအေးထက် ကြက်သီးနွေးရေက နာကျင်ကိုက်ခဲမှုတွေ ပိုသက်သာစေနိုင်တယ်။ ရောဂါပိုးတွေ သန့်စင်ဖို့ ပိုအဆင်ပြေနိုင်ပါတယ်။

    • ဆေးကြောတဲ့ ပုံစံ သတိပြုပါ

    ဆေးကြောတဲ့အခါ အရှေ့မှ အနောက်သို့ ဆေးကြောသန့်စင်သင့်ပါတယ်။ စအိုဘက်ကနေ အရှေ့ကို ဆေးကြောမိတယ်ဆိုရင် မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်းအဝကို စအိုတဝိုက်က ဘက်တီးရီးယားတွေ ဝင်ရောက်နိုင်လို့ပါ။ ရေချိုးတဲ့အခါ တင်ပါးအနောက်ပိုင်းနဲ့ စအိုဘက်ကိုလည်း သေချာသန့်စင်ပေးသင့်ပါတယ်။

    • ရေမှန်မှန်ချိုးပါ

    ပုံမှန်ရေချိုးနေတဲ့သူဖြစ်ပေမယ့် ရာသီဥတုအေးလို့ဆိုပြီး ရေမချိုးတာတွေမလုပ်ပါနဲ့။ ရာသီလာနေချိန်မှာ တစ်ကိုယ်ရေသန့်ရှင်းရေးက ပိုအရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။ ရေစိမ်ပြီး အကြာကြီးမဟုတ်ဘဲ ပုံမှန် ရေချိုးသန့်စင်ရမှာပါ။ အေးနေတယ်ဆို ရေနွေးစပ်ပြီးချိုးပါ။ ရေကပူလွန်းရင် အသားအရေအစိုဓာတ်ထိန်းနိုင်တော့မှာမဟုတ်လို့ ကြက်သီးနွေးရေနဲ့ ချိုးတာကသာ အကောင်းဆုံးပါ။ ရေချိုးတယ်ဆိုတာ ခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက်တင်မကပါဘူး။ ရာသီလာစဉ်ကိုက်ခဲမှုဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

    • သန့်စင်ပြီးရင် ခြောက်အောင်သုတ်ပါ

    ရေချိုးတာပဲဖြစ်ဖြစ် သန့်စင်ဆေးရည် သုံးတာပဲဖြစ်ဖြစ် ပြီးတဲ့အခါ တဘက်သန့်သန့်နဲ့ ညင်ညင်သာသာ တို့သုတ်ပါ။ မိန်းမကိုယ် တဝိုက်မှာ မခြောက်သွေ့ဘဲ အဝတ်အစား မဝတ်ပါနဲ့။ စိုစွတ်နေတဲ့ အရေပြားကို ဖုံးအုပ်လိုက်တဲ့အခါ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေအတွက် ပေါက်ဖွားရာ ဖန်တီးသလို ဖြစ်စေနိုင်ပါတယ်။

    • လစဉ်သုံးပစ္စည်းကို ပုံမှန်အသစ်လဲပါ

    လစဉ်သုံးပစ္စည်းကို အနည်းဆုံး ၄-၆နာရီခြားတော့ လဲပေးပါ။ ရာသီသွေးဆိုတာ ခန္ဓာကိုယ်ထဲမှာဘာမှမဖြစ်ပေမယ့် စွန့်ထုတ်လိုက်တာနဲ့ ပြင်ပပိုးမွှားတွေ ကပ်ငြိနိုင်ပါတယ်။ လစဉ်သုံးပစ္စည်းကိုမလဲဘဲ ကြာနေရင် အညစ်အကြေးဟောင်းတွေနဲ့ စိုစွတ်နေတဲ့အတွက် ယောနိဝတဝိုက်မှာ ပေနေမယ်၊ ချွေးတွေရှိမယ် ဆိုရင် ပူနွေးစိုစွတ်နေတဲ့ ဒီဧရိယာမှာ ဘက်တီးရီးယားတွေက ပွားများရှင်သန်နေနိုင်ပြီး ဆီးလမ်းကြောင်း ပိုးဝင်တာ၊ မှိုပိုးဝင်တာတွေ၊ အရေပြားနီရဲရောင်ရမ်းတာတွေ၊ ပွန်းတာတွေ ဖြစ်လာနိုင်ပါတယ်။ သွေးဆင်းတာများတယ်ဆိုရင်တော့ ဒီထက် မကြာခဏလဲပေးပါ။

    • ပွန်းတာ၊ လောင်တာတွေ သတိထားပါ

    တစ်နေကုန် အတွင်းခံတွေ၊ padတွေ ခံထားတဲ့အခါ ပေါင်ပွန်းတာ၊ အရေပြားလောင်တာ ဖြစ်လာနိုင်ပါတယ်။ လစဉ်သုံးပစ္စည်းကို မလဲဘဲ အကြာကြီးနေတဲ့အခါလည်း ဒီလိုဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ရာသီလာတဲ့အချိန်မှာ သန့်သန့်ရှင်းရှင်းနဲ့ ခြောက်ခြောက်သွေ့သွေ့ဖြစ်စေဖို့ မကြာခဏ သန့်စင်ပါ၊ ပိုးမွှားကင်းစင်စေမယ့် အမျိုးသမီးသန့်စင်ဆေးရည်ကို သုံးပါ။ လစဉ်သုံးပစ္စည်းကို အသစ်လဲပါ။

    ရာသီလာချိန် ဂရုစိုက်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အကြောင်းလေး သိလောက်ပြီထင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement