backup og meta

ဓမ္မတာလာချိန် မှန်စေဖို့ ဘာစားပေးရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 11/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဓမ္မတာလာချိန် မှန်စေဖို့ ဘာစားပေးရမလဲ

    ဓမ္မတာလာတယ်ဆိုတာက ဟော်မုန်းတွေနဲ့ ထိန်းချုပ်ထားတဲ့ ကိစ္စပါ။ အပြင်ကနေ စား‌သောက်လိုက်တဲ့ အာဟာရတွေ၊ နေထိုင်မှုပုံစံတွေက ဟော်မုန်းတွေအပေါ် သက်ရောက်မှု ရှိပါတယ်။ အမျိုးသမီးတွေက တစ်ခါတလေမှာ ကိုယ်ဝန်လည်း မရှိ၊ ရောဂါတစ်ခုခုလည်း မရှိပါဘဲနဲ့ ဓမ္မတာမလာတာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံ မမှန်တဲ့အခါမျိုးမှာ ဟော်မုန်းတွေ ကမောက်ကမဖြစ်ပြီး ဓမ္ဓမမှန်တာ၊ မလာ‌တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဓမ္မတာလာချိန် မှန်စေဖို့ ဘာစားပေးရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

    ဓမ္မတာလာချိန် မမှန်တာ ဘာကြောင့်များလဲ

    အမျိုးသမီးလေးတွေက နဂိုတည်းက ရာသီရက် စောတာ၊ နောက်ကျတာ ဖြစ်တတ်ပါတယ်။ တစ်ခါတလေ အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲ မလာတာလည်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့်

  • စိတ်ဖိစီးမှုများတဲ့အခါ
  • နေထိုင်မကောင်း ဖြစ်တဲ့အခါ
  • အာဟာရချို့တဲ့တဲ့အခါ
  • အိပ်ရေးပျက်တဲ့အခါ
  • ဝိတ်အတက်အကျ မြန်လွန်းတဲ့အခါ
  • လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်တဲ့အခါ ရုတ်တရက် ဓမ္ဓတာ မမှန်တာ၊ မလာတာ ဖြစ်တတ်ပါတယ်။
  • ဘာကြောင့်လဲဆိုတော့ ဒီအခြေအနေတွေက ကိုယ်ထဲက ရာသီလာဖို့ ထိန်းချုပ်ထားတဲ့ ဟော်မုန်းတွေကို ကမောက်ကမဖြစ်စေပြီး သားဥမကြွေတာ၊ ရာသီမလာတာတွေ ဖြစ်စေလို့ပါ။

    ရာသီစက်ဝန်း ဘယ်လိုလည်

    အရင်ဆုံး ရာသီမှန်အောင် ဘာစားရမလဲဆိုတာ မပြောခင် ရာသီစက်ဝန်းဘယ်လိုလည်နေလဲ တစ်နည်းအားဖြင့် ရာသီဘယ်လိုလာသလဲဆိုတာ သိဖို့ လိုပါတယ်။

    အမျိုးသမီးအများစုက ၂၈ရက်တစ်ခါ ရာသီလာပါတယ်။ တချို့ကလည်း ဒီထက်စော ဒါမှမဟုတ် ဒီထက် နောက်ကျတာတွေ ရှိပါတယ်။ ၂၈ရက်ကြာတဲ့ ရာသီစက်ဝန်းကို ရက်တွေ ခွဲကြည့်မယ်ဆိုရင်

     (၁) Menstrual phase (ရာသီသွေးဆင်းနေတဲ့ရက်)

    စလာတဲ့ရက်ကို Day 1လို့ မှတ်လိုက်ပါ။ အများစုက ၅ရက်လောက် လာတတ်တော့ Day 1- Day 5ဖြစ်ပါတယ်။ ရာသီလာနေတဲ့အချိန်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေက နည်းနေပါတယ်။ သားအိမ်ကနေ အလွှာလေးတွေ ကွာကျပြီး ရာသီသွေးအနေနဲ့ ဆင်းနေပါတယ်။

    (၂) Follicular phase

    ရာသီပြီးလို့ Day 6-Day 14အထိပါ။ အလွယ်ပြောရရင် ရာသီသွေးဆင်းပြီးကနေ သားဥကြွေတဲ့ရက်ကြား ဖြစ်ပါတယ်။ အဲ့အချိန်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းက တက်လာပါပြီ။

    (၃) Ovulation phase

    သားဥကြွေတဲ့ ရက်တွေပါ။ Day 15-Day 17 တစ်ရက်ရက်မှာ သားဥကြွေပါလိမ့်မယ်။ ကြွေတဲ့သားဥကလည်း ၂၄နာရီပဲ ခံပါတယ်။ ဒီအချိန်မှာ အီစထရိုဂျင်ကတော့ အမြင့်ဆုံးပါ။ ပရိုဂျက်စတုန်းနဲ့ တက်စတိုစတီရုန်းကလည်း မြင့်နေပါသေးတယ်။

    (၄) Luteal phase

    သားဥကြွေတဲ့ရက်ကနေ နောက်တစ်ခေါက် ရာသီမလာခင်စပ်ကြား ရက်တွေပါ။ Day 18-Day 28ထိဖြစ်ပါတယ်။ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းက စစချင်းမှာတော့ တက်နေပေမဲ့ သားဥလေးက မျိုးမအောင်ဘူးဆိုရင် တဖြည်းဖြည်း ပြန်ကျလာပြီး ရာသီလာပါလိမ့်မယ်။

    ဓမ္မတာလာချိန် မှန်စေဖို့ ဘာစားပေးရမလဲ

    အစားအစာတွေ၊ အာဟာရတွေက ရာသီစက်ဝန်းအပေါ် သက်ရောက်မှု ရှိပါတယ်။ အာဟာရချို့တဲ့လွန်းရင်၊ အစားရှောင်လွန်းပြီး ပိန်လွန်းရင် ရာသီမမှန်နိုင်ပါဘူး။

    ဒါကြောင့် ရာသီမှန်စေဖို့ ရာသီစက်ဝန်းအလိုက် စားပေးသင့်တာလေးတွေကို ပြောပြပေးပါမယ်။

    (၁) Menstrual phase (ရာသီသွေးဆင်းနေတဲ့ရက်)

    • သံဓာတ်ကြွယ်ဝတဲ့ အစားအစာ

    သွေးဆင်းနေတဲ့အချိန်ဆိုတော့ သံဓာတ်ဆုံးရှုံးနေတာကြောင့် သံဓာတ်ကြွယ်ဝတဲ့ အနီရောင်အသားတွေ၊ ပဲ၊ အစိမ်းရောင်အရွက်ဖားဖားတွေကို စားပေးသင့်ပါတယ်။

    • ဗီတာမင်စီ

    ဗီတာမင်စီက သံဓာတ်စုပ်ယူမှုကို အားပေးပါတယ်။ ချဉ်တဲ့အသီးတွေ၊ မာလကာသီး၊ ပန်းပွင့်စိမ်း စတာတွေ စားပေးပါ။

  • ဗီတာမင်ကေ
  • ရာသီသွေးဆင်းများတဲ့သူတွေဆို ဗီတာမင်ကေ ပါဝင်အောင် စားပေးရမှာပါ။ အစိမ်းရောင်အရွက်၊ ဥ၊ ချိစ် စတာတွေမှာ ဗီတာမင်ကေ ပါဝင်ပါတယ်။

    • အိုမီဂါသရီးဖက်တီးအက်စစ်

    ရောင်ရမ်းတာ၊ ဓမ္မတာလာချိန် ကိုက်ခဲတာတွေကို သက်သာစေပါတယ်။ အဆီပါတဲ့ငါး၊ အစေ့အဆန်တွေကို စားပေးပါ။

    • မဂ္ဂနီဆီယမ်

    ရာသီလာချိန်မှာ မဂ္ဂနီဆီယမ် နည်းနေရင် ကိုက်ခဲတာ၊ လေပွတာ၊ အိပ်မပျော်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ အစိမ်းရောင်အရွက်တွေ၊ ကောက်နှံတွေ စားပေးပါ။

    (၂) Follicular phase

    ရာသီသွေးဆင်းပြီးသွားတဲ့အချိန်ဖြစ်တာကြောင့် အားပြန်ပြည့်လာပါပြီ။ အားဖြည့်ဖို့ အထောက်အကူဖြစ်အောင်  အသား၊ ကောက်နှံ စတာတွေ စားပေးပါ။

    အီစထရိုဂျင်ပြန်တက်လာတာကြောင့် ကိုယ်တွင်းမှာ အီစထရိုဂျင်ပမာဏ မျှတစေဖို့

    • ဂေါ်ဖီထုပ်၊ ပန်းပွင့်စိမ်း၊ ပန်းဂေါ်ဖီတို့လို ဟင်းရွက်ထုပ်တွေ
    • အချဉ်ဖောက်ထားတဲ့ ကင်ချီလိုအစားအစာတွေ
    • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေရ‌အောင် ထောပတ်သီးနဲ့ အစေ့အဆန်တွေ
    • အစိမ်းရောင်အရွက်တွေ စားပေးပါ။

    ကော်တီစော ဟော်မုန်းတက်တဲ့အချိန်ဖြစ်တာကြောင့် ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှုမများအောင် ဂရုစိုက်ပါ။ အချိုတွေ၊ အရက်နဲ့ ကဖင်းတွေ လျှော့ပါ။

    (၃) Ovulation phase

     သားဥကြွေတဲ့အချိန်ဖြစ်တာကြောင့် အီစထရိုဂျင်ပမာဏက အမြင့်ဆုံးရောက်နေပါပြီ။ ပိုလျှံနေတဲ့ အီစထရိုဂျင်တွေကိုလည်း အသည်းက ချေဖျက်နေရပါတယ်။ ဒါကြောင့် အပေါ်မှာစားခဲ့တဲ့ အီစထရိုဂျင်မျှတစေမယ့် အစားအစာတွေကို ဆက်စားပါ။

    ခန္ဓာကိုယ်မှာ ဆဲလ်ရောင်ရမ်းမှုတွေ သက်သာစေဖို့ ဗီတာမင်ဘီနဲ့ ဗီတာမင်ဒီ ကြွယ်ဝတာတွေ စားပေးပါ။ အစေ့အဆန်တွေ၊ ပဲ၊ ဟင်းရွက်ထုပ်၊ အသား အကုန်စားလို့ရပါတယ်။

     (၄) Luteal phase

    ရာသီလာဖို့ နီးလာပြီ ဖြစ်တာကြောင့် ရာသီအကြိုလက္ခဏာတွေ၊ ခဏခဏ ဗိုက်ဆာတာတွေ၊ တစ်ခုခုကို မက်မက်စက်စက် စားချင်တာတွေ ဖြစ်လာပါပြီ။

    ခဏခဏ ဗိုက်ဆာတာ သက်သာဖို့ ဟင်းရွက်ထုပ်တွေ၊ အသီးအရွက်တွေ၊ ကန်စွန်းဥတွေ စတဲ့ အဆာခံတဲ့ အစားအစာတွေ စားပေးပါ။

    ဒီလိုအချိန်ဆို ချိုတာတွေ၊ အရသာလေးလေးပင်ပင်တွေကို အာသီတရှိတတ်ပါတယ်။ ဒါတွေက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ ဖြစ်တာကြောင့် အညိုရောင်ချောကလက်တွေ၊ အသီးအနှံတွေနဲ့ အစားထိုးပြီး စားပါ။

    ဒါ့ပြင် ဆီရိုတိုနင်လို့ခေါ်တဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းက ဒီလိုအချိန်ဆို နည်းနေတတ်ပါတယ်။ ဒါကြောင့် ရာသီလာခါနီးရင် စိတ်တိုစိတ်ဆတ်တာ၊ ဝမ်းနည်းတာတွေ ခံစားရတာပါ။ ဒါကို သက်သာစေဖို့ ကြက်သား၊ ဥ၊ အိုမီဂါသရီးဖက်တီးအက်စစ်ပါဝင်တဲ့ အဆီပါငါးတွေ စားပေးပါ။

    ရာသီလာခါနီးရင် လူက ဖောပြီး လေပွသလို ဖြစ်တတ်တာကြောင့် မဂ္ဂနီဆီယမ် ကြွယ်ဝတာတွေ စားပေးပါ။ ရေများများသောက်ပေးဖို့လည်း မမေ့ပါနဲ့။ ဒါမှ ဆီးနဲ့အတူ ပိုလျှံနေတဲ့ အရည်တွေ ပါသွားမှာပါ။

    ဒီအစားအစာတွေက တကယ်ပဲ ရာသီမှန်စေမှာလား။

    ဒီလိုရာသီအလိုက် စားတာကို cycle syncing dietလို့ ခေါ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လေ့လာချက်တွေ ထပ်လိုသေးပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေဖြစ်တာကြောင့် အန္တရာယ်တော့ မရှိပါဘူး။

    ရာသီစက်ဝန်းအလိုက် မစားနိုင်လည်း ပြဿနာ မရှိပါဘူး။ နေ့စဉ်နေ့တိုင်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို မျှတအောင် စားရင်လည်း အတူတူပါပဲ။

    တစ်ခုသိထားရမှာက လူတစ်ယောက်နဲ့ တစ်ယောက် အာဟာရလိုအပ်ချက်ခြင်း မတူတာကြောင့် ကိုယ့်ဟာကိုယ် တွက်ချက်ပြီး စားသောက်ဖို့လိုပါတယ်။ အစားအသောက်ကို သေချာစားပေမယ့် စိတ်ဖိစီးမှုတွေ များနေမယ်၊ မီးယပ်ရောဂါတစ်ခုခုရှိနေမယ်ဆိုရင် ဓမ္မတာမမှန်နိုင်တာကို သိထားဖို့ လိုပါတယ်။

    ဒါကြောင့် ခဏခဏ ဓမ္မတာမမှန်တာ ဖြစ်နေမယ်ဆိုရင် သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသဖို့ အကြံပြုချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Eaindray Kha မှ ရေးသားသည်။ · 11/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement