backup og meta

ကျောက်ကပ် လေးကို ညှာတာပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောက်ကပ် လေးကို ညှာတာပါ

    ကျောက်ကပ် ကျန်းမာရေးကို အမြဲဂရုစိုက် စောင့်ရှောက်သင့်တာ လူတိုင်း သိကြမှာ ဖြစ်ပေမယ့် သူ့ကို အထိနာစေ၊ ပျက်စီးစေမယ့် အပြုအမူတွေ လုပ်မိနေတတ်တာရော သတိထားမိရဲ့လား…

    လူအတော်များများ လုပ်တတ်တဲ့ ကျောက်ကပ် ထိခိုက်စေမယ့် ဒီအပြုအမူတွေကို လုပ်မိတဲ့အထဲ ကိုယ်ရော ပါဝင်နေသလား ဆန်းစစ်ကြည့်လိုက်ရအောင် –

    (၁) အသား စားသုံးမှု လွန်ကဲခြင်း

    ပရိုတင်းဓာတ်ကို မရှိမဖြစ် လိုအပ်တာ မှန်ပေမယ့် အသားတွေ စားတာ များလွန်းရင် ခန္ဓာကိုယ်မှာ ပရိုတင်းတွေ လွန်ကဲပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အနီရောင်အသားတွေ အပါအဝင် အသားစားသုံးမှုကို လိုအပ်တဲ့ ပမာဏ ထက် လွန်ကဲပြီး ဆက်တိုက်မစားပါနဲ့ လို့ သတိပေးချင်ပါတယ်။

    (၂) ရေ သိပ်မသောက်ခြင်း

    ကျောက်ကပ် ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းကောင်းလည်ပတ်နိုင်ဖို့ ဆိုရင် ရေဓာတ် ပြည့်ဝနေဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ရေကို လုံလောက်အောင် မသောက်ဘူး၊ ရေသောက်နည်းမယ် ဆိုရင် သွေးထဲမှာ အဆိပ်တွေစုလာပြီး ကျောက်ကပ်က စွန့်ထုတ်စစ်ထုတ်နိုင်မှု ကျဆင်းသွားမှာပါ။

    (၃) ဆီး ကို အောင့်ထားခြင်း

    ဆီးသွားချင်တာကို အောင့်မထားပါနဲ့။ လုံးဝ မလွှဲသာမရှောင်သာ အခြေအနေတွေမှာ တစ်ခါတလေလောက်က လွဲလို့ ချက်ချင်း ဆီးသွားတာပဲ ကောင်းပါတယ်။ ဒါ့ကြောင့် အန္တရာယ် လွယ်မထားသင့်ဘူးလို့ ရှေးလူကြီးတွေက ပြောကြတာပါ။ ဒီအပြုအမူက ဘာမှမဟုတ်ဘူးထင်ရပေမယ့် ဆီးအိမ်ထဲမှာ ဆီးတွေ အကြာကြီးရှိနေတာက ဘက်တီးရီးယားတွေကို အလွယ်တကူ ပေါက်ဖွားစေနိုင်ပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။

    (၄) အငန် စားလွန်းခြင်း

    လူတစ်ယောက်ဟာ တစ်နေ့ကို အငန်ဓာတ် ၅.၈ ဂရမ်ပဲ စားသုံးပေးသင့်တာပါ။ အစားအစာတွေထဲမှာ အငန်ဓာတ် အရမ်းများတာက ကျောက်ကပ်ကို ထိခိုက်စေနိုင်တာကြောင့် အငန်လျှော့စားပါ။ အငန်များတဲ့ အစားအစာ ဆိုတာ ငါးပိ၊ ငါးခြောက် တွေမှ မဟုတ်ပါဘူး။ အသင့်စား အစားအစာတွေ၊ အမြန်စား အစားအစာတွေနဲ့ ပြုပြင်စီမံထားတဲ့ အစားအသောက်တွေလည်း ပါဝင်နေတာ သတိထားပါ။

    (၅) အရက် သောက်ခြင်း

    အရက်မှာပါတဲ့ အဆိပ်အတောက်က အသည်းကိုတင် ပျက်စီးစေတာ မဟုတ်ပါဘူး။ ကျောက်ကပ်ကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အရက်ကို အလွန်အကျွံသောက်သုံးမှု မလုပ်ပါနဲ့။

    (၆) ဆေးလိပ် သောက်သုံးခြင်း

    ဆေးလိပ် သောက်တာက ကြာလေ သွေးကြောတွေကို တောင့်တင်း ကျဉ်းမြောင်းလာစေပြီး ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းသွားစေပါတယ်။ ဒီလိုမျိုး သွေးပို့လွှတ်ရောက်ရှိမှု နည်းသွားတဲ့ အစိတ်အပိုင်းထဲမှာ ကျောက်ကပ်လည်း ပါပါတယ်။ သွေးစီးဆင်းရောက်ရှိမှု နည်းသွားတဲ့အခါ ကျောက်ကပ်က အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။

    (၇) ကဖင်း လွန်ကဲခြင်း

    အိပ်ရေးပျက်လို့ ၊ အာရုံမလန်းလို့ ၊ ပင်ပန်း နွမ်းနယ်နေလို့ ကော်ဖီ၊ လက်ဖက်ရည် နဲ့  အားဖြည့်အချိုရည်တွေ လို ကဖင်းများတဲ့ သောက်စရာတွေကို တစ်ခါတလေ သောက်သုံးတာ ပြဿနာ မရှိပါဘူး။ တစ်ခွက်လောက်က ပြဿနာမဖြစ်ပေမယ့် တစ်ရက်တည်း ၃ ခွက်ထက်ကျော်ပြီး သောက်မယ်ဆိုရင်တော့ ကဖင်းဓာတ်က လွန်ကဲတဲ့ ပမာဏ ဖြစ်နေပါပြီ။

    (၈) အိပ်ရေးပျက် ကြာရှည်ခြင်း

    ဒီဘက်ခေတ်မှာ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာတွေ ၊ အင်တာနက်သုံးတာတွေကြောင့် အိပ်ချိန်တွေက တဖြည်းဖြည်းနောက်ကျလာခဲ့ပါပြီ။ ဒါကြောင့်တစ်နေ့ကို အိပ်ချိန် အနည်းဆုံး ၆ နာရီကနေ ၈ နာရီထားပေးပါ။ လူတစ်ယောက်က လုံလောက်စွာ အိပ်စက်မှုမရတဲ့အခါ ဇီဝတွင်းဖြစ်စဉ်က ထိခိုက်လာပြီး ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးလာပါလိမ့်မယ်။

    (၉) အကိုက်အခဲပျောက်ဆေး အသောက်များခြင်း

    အကိုက်အခဲပျောက်ဆေးတွေကို ပဲလှော်လို ဝါးမယ် ဆိုရင် အစာအိမ်သွေးကြောပေါက်တာ၊ အသည်းထိခိုက်တာအပြင် ကျောက်ကပ်အတွက်လည်း အန္တရာယ်ပါ။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေကို တကယ်လိုအပ်မှသောက်ပါ။ မလိုအပ်ဘဲသောက်သုံးမိရင် ခန္ဓာကိုယ်မှာထိခိုက်မှုတွေ ဖြစ်လာပါလိမ့်မယ်။

    (၁၀) ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း

    ကိုယ်လက်လှုပ်ရှားမှု ဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဆောင်ပေးတာက ကျောက်ကပ်မှာ ကျောက်တည်နိုင်ခြေကို ၃၁ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တာက ကျောက်ကပ်ကျန်းမာစေဖို့ အထောက်အကူ ဖြစ်စေမှာပါ။

    (၁၁) သွေးတိုး မထိန်းနိုင်ခြင်း

    သွေးတိုးတာက ကျောက်ကပ်ကို ပျက်စီးစေနိုင်တဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။ သွေးပေါင်ချိန်ကို အရေးမစိုက်၊ ဆေးမှန်အောင် မသောက်၊ အစားမဆင်ခြင်ဘဲ နေမယ်ဆို ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေထဲမှာ ကျောက်ကပ်ပျက်စီးခြင်းက ထင်ထင်ရှားရှားပါဝင်နေတာပါနော်။

    ကိုယ့်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုချင်းစီ ကို ကြင်နာ၊ ညှာတာမှ ရောဂါကင်းပြီး အသက်ရှည်ရှည် နေထိုင်နိုင်မှာပါ။ ဒါ့ကြောင့် အမူအကျင့်ဆိုးတွေကို သတိထားပြင်ဆင်ပြီး ကိုယ့်ကိုယ်ကို စောင့်ရှောက်ကြရအောင်ပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement