home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အသည်းကင်ဆာရောဂါသည်ကလေးများ ကုသမှု ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လို ရင်ဆိုင်ကြမလဲ

အသည်းကင်ဆာရောဂါသည်ကလေးများ ကုသမှု ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လို ရင်ဆိုင်ကြမလဲ

ကင်ဆာကုသခြင်းဟာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ကျန်းမာတဲ့ တစ်ရှူးတွေ ပျက်စီးသွားရင် ဆိုးကျိုးတွေ ဖြစ်လာခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ပူစရာ မရှိပါဘူး။ သင့်ကလေးငယ်ရဲ့ ဆရာဝန်ဟာ ဆိုးကျိုး အနည်းဆုံးနဲ့ အကောင်းဆုံးကုသမှုကို ရွေးချယ်ဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ သင့်ကလေးကို ကူညီဖို့အတွက် သင့်ကလေးရယ်ရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုတွေကို နားလည်အောင် ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

ကလေးက ကင်ဆာရောဂါကို ဘယ်လို တုန့်ပြန်မှာလဲ။

တကယ်လို့ သင့်ကလေးဟာ မူကြိုအရွယ်သာ ရှိသေးရင်တော့ သူတို့ဟာ သူတို့မှာ ကင်ဆာရှိတယ်ဆိုတာကို နားလည်မှာ မဟုတ်ပါဘူး။ သူတို့အတွက်ကတော့ ဆေးရုံဆိုတာဟာ ကြောက်စရာ ကောင်းတဲ့ နေရာတစ်ခုသာ ဖြစ်ပါတယ်။ သူတို့ဟာ အပ်တွေကို ကြောက်ရွံ့ပြီး ကျန်းမာရေးဝန်ထမ်းတွေက သူတို့ကို မိဘတွေ နားက ခေါ်သွားမှာကိုလည်း ကြောက်ကြပါတယ်။ ဒီအရွယ်ကလေးငယ်တွေကို ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်ခြင်း မရှိတာကြောင့် ကင်ဆာကုသမှုတွေနဲ့ ဆိုးကျိုးတွေကို အောင်မြင်စွာ ကျော်လွှားနိုင်ဖို့အတွက် သင်က သူတို့ကို လုံခြုံတဲ့ ခံစားမှု ပေးနိုင်ဖို့ လိုအပ်ပါတယ်။

သင့်ကလေးမှာ ကင်ဆာ ရှိနေပြီဆိုရင် သူတို့ဟာ အောက်ပါအချက်တွေ အတိုင်း တုန့်ပြန်နိုင်ပါတယ်။

  • မိဘတွေနဲ့ ဝေးမှာ စိုးရိမ်ခြင်း
  • ကျန်းမာရေး စစ်ဆေးမှုတွေကို ကြောက်ရွံ့ခြင်း
  • ဝုန်းဒိုင်းကြဲခြင်း၊ အော်ခြင်း၊ ထုခြင်း၊ ကိုက်ခြင်း
  • ကျန်းမာရေးစောင့်ရှောက်သူတွေ ပြောတာကို နားမထောင်ခြင်း
  • အခြားလူတွေကို ရှောင်ကြဉ်ခြင်း
  • မိဘတွေကိုသာ ကပ်နေခြင်း
  • သူတို့ မကစားနိုင်ခြင်းကို စိတ်ဘဝင်မကျခြင်း
  • လက်မစုပ်ခြင်း၊ အိပ်ရာထဲရှုးပေါက်ချခြင်း အစရှိတဲ့ အပြုအမူတွေ ဆက်လက်ရှိနေခြင်း
  • အိပ်မက်ဆိုးတွေ မက်ခြင်း

အနည်းငယ် အသက်ပိုကြီးတဲ့ ကလေးတွေဖြစ်တဲ့ အသက် ၃ နှစ်ကနေ ၁၂ နှစ်အထိ အရွယ်မှာတော့ သူတို့ဟာ ကင်ဆာရောဂါအကြောင်းကို နားလည်လာပြီး ကင်ဆာဖြစ်ပွားရခြင်း အကြောင်းရင်းကို ရှာဖွေလာနိုင်ပါတယ်။ ဒီအရွယ်ကလေးတွေဟာ နာကျင်မှုနဲ့ သူတို့ စွန့်ပစ်ခံရမှာကို ကြောက်ရွံ့ကြပါတယ်။ သူတို့ကို အားပေးဖို့လိုအပ်ပြီး နာကျင်မှုကို တတ်နိုင်သမျှ နည်းအောင် လုပ်ပေးသင့်ပါတယ်။

ကျောင်းသွားတဲ့ အရွယ်ကလေးငယ်တွေကတော့ အောက်ပါအတိုင်း တုန့်ပြန်နိုင်ပါတယ်။

  • ကျောင်းပျက်မှုကို စိတ်ဘဝင်မကျခြင်း
  • အတန်းဖေါ်၊သူငယ်ချင်းတွေကို လွမ်းဆွတ်ခြင်း
  • ကျန်းမာရေးမကောင်းခြင်း၊ အတန်းပျက်ခြင်း၊ ပုံမှန်ဘဝကို ဆုံးရှုံးခြင်းတွေကြောင့် ဝမ်းနည်းမှု၊ စိတ်တိုမှု ဖြစ်ခြင်း
  • သူတို့ ကင်ဆာဖြစ်ခြင်းအတွက် အပြစ်ရှိသလို ခံစားရခြင်း
  • ကင်ဆာက ပိုဆိုးသွားမှာ စိုးရိမ်ခြင်း
  • မိသားစု၊ သူငယ်ချင်းတွေရဲ စိတ်ပိုင်းဆိုင်ရာ လူမှုရေးပိုင်းဆိုင်ရာ ကူညီမှုကို လိုချင်ခြင်း

ဆယ်ကျော်သက်အရွယ် ကင်ဆာရှိတဲ့လူနာတွေကတော့ ကုသမှုရွေးချယ်တဲ့ အချိန်မှာ ပါဝင်ဆုံးဖြတ်လိုစိတ် ရှိချင်ကြပါတယ်။ သူတို့ဟာ ကင်ဆာအကြောင်းကို နားလည်ပြီး ဆရာဝန်တွေ ထံမှသာမက အင်တာနက်၊ စာအုပ်၊ မဂ္ဂဇင်းနဲ့ အခြားနေရတွေက အချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။ သူတို့ဟာ ကင်ဆာက သူတို့ရဲ့ ရုပ်ရည်ကို ဘယ်လိုထိခိုက်စေမှာလဲ၊ ပေါင်းသင်းဆက်ဆံရေးတွေကိုရော ဘယ်လိုထိခိုက်စေမှာလဲဆိုတာနဲ့ ကုသစဉ် ဆံပင်ကျွတ်ခြင်းတွေကို စဉ်းစားနေပါလိမ့်မယ်။

သင့်မှာ ဆယ်ကျော်သက်အရွယ်ကင်ဆာရှိသူ ကလေးတစ်ယောက် ရှိနေခဲ့ရင် ကင်ဆာဖြစ်ခြင်းနဲ့ ကုသမှုတွေကို အောက်ပါအတိုင်း တုန့်ပြန်နိုင်ပါတယ်။

  • ကျောင်းပျက်ခြင်း၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံချိန်တွေ ပျက်ကွက်ခြင်းအတွက် စိတ်ဘဝင်မကျခြင်း
  • သူတို့ရဲ့ လွတ်လပ်မှုဟာ ထိန်းချုပ်ခံနေရတယ်လို့ ခံစားရခြင်း
  • ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုများ
  • သူငယ်ချင်း၊ ကျောင်းမှ သူငယ်ချင်းနဲ့ သူတို့အတွက်အရေးကြီးတဲ့ သူတွေထံမှ ကူညီမှု လိုအပ်ခြင်း
  • ဘဝရဲ့ အဓိပ္ပါယ်နဲ့ ကင်ဆာရဲ့ သက်ရောက်မှုတွေကို အဓိက ထားခြင်း
  • ကင်ဆာအကြောင်း ဟာသပြောခြင်း၊ စိတ်လွှဲပြောင်းခြင်း၊ အကောင်းဘက်က တွေးခြင်း
  • ပြဿနာ ဖြစ်စေနိုင်တဲ့ ကိစ္စတွေ ပြုလုပ်ခြင်း
  • မိဘ၊ ဆရာဝန်နဲ့ ကုသမှုတွေကို အာခံခြင်း

ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေကို ဖြေရှင်းခြင်း

ကင်ဆာတိုင်းရဲ့ ကုသမှုတွေမှာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ရှိပါတယ်။ သင့်ကလေးရဲ့ အတွေ့အကြုံတွေဟာ အခြားကလေးတွေနဲ့ ကွာခြားမှု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဖြစ်များတဲ့ ဆိုးကျိုးတွေကတော့

  • ခွဲစိတ်ခြင်း (သို့) ကိုယ်ခန္ဓါ အစိတ်အပိုင်းတစ်ခုခု ဆုံးရှုံးခြင်းကြောင့် အမာရွတ်ကျန်ခြင်း
  • ဓါတ်ရောင်ခြည် (သို့) ကင်ဆာဆေးသွင်းကုသခြင်းကြောင့် ဆံပင်ကျွတ်ခြင်း
  • ကင်ဆာ (သို့) ကင်ဆာကုသမှုကြောင့် ကိုယ်အလေးချိန် တိုးခြင်း (သို့) လျော့ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • ကင်ဆာ (သို့) ကုသမှုကြောင့် နာကျင်ခြင်း
  • ပျို့အန်ခြင်း
  • ပါးစပ်အနာပေါက်ခြင်း
  • ရောဂါကူးစက်မှုရဲ့ လက္ခဏာ တစ်ခုဖြစ်တဲ့ ဖျားနာခြင်း
  • ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း

ဆိုးကျိုးအများစုအတွက်ကတော့ သင်ရော သင့်ကလေးငယ်ပါ ဆေးသောက်ခြင်း၊ လူမှုဘဝနေထိုင်ပုံ ပြောင်းလဲခြင်းတွေနဲ့ ရင်ဆိုင်ကျော်လွှားနိုင်ပါတယ်။ သူတို့ကို နေ့စဉ် စောင့်ကြည့်ခြင်းအားဖြင့် ဒီလက္ခဏာတွေကို ဖြေရှင်းနိုင်ပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းခြင်းဟာ ကင်ဆာကုသခြင်းရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သင့်ကလေးကို ရောဂါကုစဉ် သူဟာ နာကျင်မှု ခံစားစရာမလိုအပ်ဘူးဆိုတာနဲ့ နာကျင်မှုကို လျှော့ချပေးမယ့် နည်းတွေ ရှိတယ်ဆိုတာ သိစေသင့်ပါတယ်။

ပိုငယ်တဲ့ ကလေးတွေအတွက်ဆိုရင်တော့ သင်ဟာ ဆိုးကျိုးတွေကို ဖြေရှင်းမယ့် အဓိက ကျတဲ့ အစိတ်အပိုင်းက ပါဝင်ပါတယ်။ ဆယ်ကျော်သက်တွေနဲ့ဆိုရင်တော့ သူတို့ ကိုယ်ခန္ဓါ ပြောင်းလဲမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အခက်အခဲတွေ့နိုင်ပါတယ်။ သင့်ကလေးငယ်နဲ့ စကားပြောခြင်း၊ အချက်အလက်တွေ မျှဝေခြင်း တွေကို စကားပြောခြင်း၊ ကိုယ်ချင်းစာခြင်းတွေမှတစ်ဆင့် ကူညီနိုင်ပါတယ်။ သူတို့ဟာ ရောဂါကြောင်း ပိုမိုသိရှိဖို့ (သို့) ဆရာဝန်ကို မေးမြန်းဖို့ တစ်ယောက်တည်း ရှိတဲ့ အချိန်တွေလည်း လိုအပ်နိုင်ပါတယ်။

သူတို့ ပုံစံအသစ်ကို ကျင့်သားရစေဖို့ သင့်ကလေးကို အချိန်နဲ့ အားပေးမှုတွေ ပေးသင့်ပါတယ်။ ဆံပင်ကျွတ်ခြင်းနဲ့ ကိုယ်အလေးချိန်တက်ခြင်းတွေဟာ ခဏတာသာ ဖြစ်ပြီး အတွင်းမှာတော့ သူတို့ဟာ သူတို့ပါပဲ။

မိဘတွေရော ကလေးတွေဟာ ဆက်သွယ်ခြင်းကို ပြုလုပ်သင့်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စကားပြောခြင်း၊ ဘဝတူတွေနဲ့ စကားပြောခြင်းဟာ ကောင်းမွန်ပါတယ်။ တစ်ယောက်တည်း စကားမပြောခြင်းဟာ အကျိုးမရှိပါဘူး။ သင့်ခံစားမှုတွေအကြောင်းကို ပြောပြသင့်ပါတယ်။ တကယ်လို့ သင့်ကလေးဟာ သင့်နဲ့ စကားမပြောချင်ဘူးဆိုရင် သူတို့ကို အချိန်ပေးပြီး သူတို့ပြောချင်တဲ့သူနဲ့ ပြောစေသင့်ပါတယ်။

ကင်ဆာကုသမှုဟာ ကလေးရရှိခြင်းကို အနှောင့်အယှက် ပေးနိုင်ပါတယ်။ ကုသမှုဟာ ကျောက်ကပ်အနီးက မျိုးပွားအင်္ဂါတွေကို ထိခိုက်စေနိုင်ပါတယ်။ ကလေးအတော်များများဟာ သူတို့ရဲ့ အနာဂတ်အတွက် မျိုးဆက်ပွားကျန်းမာရေးအကြောင်းကို စိုးရိမ်နိုင်တာမို့ သင့်ကလေးဆရာဝန်နဲ့ သင်ဟာ ကလေးရဲ့ နောက်ပိုင်းမှာ ကလေးရနိုင်စွမ်း (အထူးသဖြင့် ဆယ်ကျော်သက်တွေမှာ) ကို ဆွေးနွေးသင့်ပါတယ်။ သင့်ကလေးဟာ ကင်ဆာကုသမှုယူနေစဉ်အတွင်းမှာ ကိုယ်ဝန်မရှိအောင်၊ အကာအကွယ်မပါပဲ လိင်ဆက်ဆံမှု မပြုလုပ်မိအောင် ဂရုစိုက်သင့်ပါတယ်။

စိတ်ပိုင်းဆိုင်ရာသောက တွေကို ကျော်လွှားခြင်း

အရွယ်ရောက်ပြီးသူတွေလိုပဲ ကလေးငယ်တွေမှာလဲ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကို ခံစားရနိုင်ပါတယ်။ သင့်ကလေးငယ်ဟာ အောက်ပါအချက်တွေကို ခံစားရနိုင်ပါတယ်။

  • မသေချာခြင်းနဲ့ ကြောက်ရွံ့ခြင်း – ဘဝအတွက် မသေချာခြင်း၊ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာမသေချာခြင်း
  • စိတ်ဖိစီးမှု – စိတ်ဖိစီးမှု မျိုးစုံရှိပါတယ်။ မိသားစု၊ ကျောင်း၊ ဘဝရဲ့ စိတ်ဖိစီးမှု အစရှိသည် တို့ ဖြစ်ပါတယ်။
  • ဒေါသ – ဒေါဟာ ဘဝရဲ့ ပြောင်းလဲမှုတွေ၊ ကန့်သတ်မှုတွေကနေ ဖြစ်လာနိုင်ပါတယ်။ တခါတရံ သူတို့မျှော်လင့်ထားသလို ဖြစ်မလာတဲ့ အရာတွေကို စိတ်ရှုပ်ထွေးရာကလဲ ဒေါသဖြစ်လာပါတယ်။
  • စိတ်ပူခြင်း – အမြဲတမ်း အစွန်းရောက်နေခြင်း၊ စိတ်ပူခြင်း၊ ကုသမှုမအောင်မြင်မှာ ကြောက်ရွံ့ခြင်း
  • စိတ်ကျခြင်း – မျှော်လင့်ချက်မဲ့ခြင်း၊ စိတ်ဝင်စားမှု နည်းပါးခြင်း၊ စိတ်တိုင်းမကျခြင်း
  • အပြစ်တင်ခြင်း – ဘဝကို အပြစ်တင်ခြင်း၊ သူတို့ရွေးချယ်မှုတွေကို နောင်တရခြင်း၊ ဒီလိုသာဆိုရင် လို့ တွေးမိခြင်း

သင့်ကလေးဟာ အထူးသဖြင့် ပညာရေးလိုမျိုးကို ရပ်တန့်ထားရမှာ စိုးရိမ်ကြပါတယ်။ ကင်ဆာရှိခြင်းဟာ လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲမှုများစွာ ဖြစ်စေနိုင်ပါတယ်။ ဒါဟာ သင့်ဘဝရဲ့ အဓိက အချက်တွေနဲ့ ရည်မှန်းချက်တွေကို ပြောင်းလဲနိုင်ပါတယ်။ ကြောက်ရွံ့ခြင်းနဲ့ စိတ်ပူခြင်းတွေဟာ ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုတွေ ဖြစ်တဲ့ ပင်ပန်းခြင်း၊ အိပ်မပျော်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

နေ့စဉ်ဘဝမှာ ဆက်တိုက် စိတ်ဖိစီးမှု များနေခြင်းဟာ ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး အခြားရောဂါရရှိနှုန်းကို မြင့်တက်စေကာ ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးခြင်းဟာ လူနာအတော်များများခံစားရတဲ့ စိတ်ဓါတ်ကျခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီမကောင်းတဲ့ ခံစားချက်တွေဟာ ကင်ဆာကုသမှုရဲ့ လက္ခဏာတွေကို ပိုမို ဆိုးရွားလာစေပါတယ်။ မိဘတွေရော ကလေးပါ ခက်ခဲတဲ့အချိန်ကို ကျော်ဖြတ်စဉ်မှာ အကောင်းဘက်က မြင်နိုင်ဖို့အရေးကြီးပါတယ်။

ကင်ဆာကုသမှုရဲ့ ဆိုးကျိုးတွေကို ကျော်ဖြတ်ဖို့ သင်ရော သင့်ကလေးပါ သင်တို့ ထိန်းချုပ်နိုင်တဲ့ အရာတွေနဲ့၊ ထိန်းချုပ်နိုင်ခြင်း မရှိတဲ့ အရာတွေကို သိထားသင့်ပါတယ်။ ဒါကို မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် တကယ်လို့သာ ဆိုတဲ့ အတွေးတွေကို ရပ်လိုက်ဖို့ ကြိုးစားသင့်ပါတယ်။ ဒါဟာ သင့်ပုခုံးပေါ်မှာ လေးလံတဲ့ အရာဝတ္ထုတစ်ခုကို ဖယ်ရှားလိုက်သလို ဖြစ်စေပြီး လတ်တလော ဖြစ်နေတဲ့ အာရုံစူးစိုက်မှု ကောင်းလာစေပါတယ်။

မိဘတွေ၊ မိသားစု၊ ဆရာဝန်၊ သိပ္ပံပညာရှင်တွေက ဆက်သွယ်ခြင်းရဲ့ အရေးပါပုံကို ပြောခဲ့ကြပါတယ်။ သင်နဲ့ သင့်ကလေးဟာ ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ စကားပြောနိုင်ပြီး ခံစားချက်တွေကို ဝေမျှနိုင်ပါတယ်။ သူတို့တွေက သင့်ကို စိတ်သက်သာရအောင် လုပ်ပေးနိုင်ပါတယ်။

ကျန်းမာရေးဆွေးနွေးသူ (သို့) အကူအညီပေးသူ တွေဆီက အကူအညီတောင်းခံနိုင်ပါတယ်။ သူတို့ဟာ သူတို့ အတွေ့အကြုံတွေနဲ့ ဒါကို ဘယ်လို ဖြတ်ကျော်ခဲ့တယ်ဆိုတာတွေကို သင်နဲ့ မျှဝေပေးမှာမို့ ဘာကို မျှော်လင့်ထားရမလဲဆိုတာ သိရှိနိုင်ပါတယ်။

အရေးအကြီးဆုံးကတော့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ စကားပြောသင့်ပါတယ်။ သူတို့က သင့်အတွက် အမြဲအဆင်သင့်ရှိနေမှာကိုလည်း မမေ့သင့်ပါဘူး။

ကုသနေစဉ်နဲ့ ကုသပြီးစဉ်မှာ ကျန်းမာရေးစောင့်ရှောက်သူတွေကို သင့်ကလေးကြုံတွေ့ရတဲ့ ဆိုးကျိုးတွေကို မပြင်းထန်ရင်တောင် ပြောပြသင့်ပါတယ်။ တခါတရံမှာ ဆိုးကျိုးတွေဟာ ကုသနေစဉ်ထက် ကျော်ပြီး ကြာမြင့်တတ်တာမို့ သူတို့ကို ရေရှည်ဘေးထွက်ဆိုးကျိုးတွေ လို့ ခေါ်ကြပါတယ်။ ကင်ဆာ ဆိုးကျိုးတွေကို ကုသခြင်းဟာ ကင်ဆာနဲ့ အသက်ရှင်နေနိုင်သူတစ်ယောက် ဖြစ်စေဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းကနေ ပါဝင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Translated by Phyu mon latt

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံ
Dr . Phyu Mon Latt မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. K Zin Thwe မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။